Friday, February 18, 2011

သိပ္ပံအမြင်နှင့် ဗုဒ္ဓအဘိဓမ္မာ ( ၇ )

ဂါဒီးယန်း ဦးစိန်ဝင်းနှင့် ဒေါက်တာဦးနေ၀င်း-တို့မေး၍ အမရပူရ မဟာဂန္ဓရုံဆရာတော် ဖြေသည်။

(ယခင်လမှ အဆက်)
(မေး) အရှင်ဘုရား နောက်ဆုံး နိဗ္ဗာန်ရောက်ပြီဆိုတာနဲ့ စိတ်နဲ့ရုပ်တို့ မည်သို့အဆုံးသတ်ပါသလဲ။

ဘ၀များစွာက သတ္တိတွေလိုက်လာ---
   သတ္တိက အရာဝတ္ထုလားဆိုတော့ အရာဝတ္ထုမဟုတ်ဘူး။ ဘ၀များစွာက ဖြစ်ဖြစ်၊ ဒီဘ၀မှာ ဖြစ်ဖြစ် သူရဲ့ ၀ါသနာအလိုက် ပြုထားတဲ့ စိတ်တွေရဲ့ ဓာတ်သတ္တိတွေ၊ ဒီမှာလိုက်တာပဲ။ သတ္တိတွေ အများကြီးရှိတယ်။ ဒီဘ၀တင် မဟုတ်ဘူး၊ ဘ၀များစွာက သတ္တိတွေ လိုက်လာတယ်။ ဆိုပါတော့ သေခါနီးရောက်နေပြီ ခုနက သတ္တိတွေ ပျောက်သွားသလား။ မပျောက်ဘူး။ သေတော့မလို့ ကပ်နေပြီ၊ သတ္တိတွေ ပျောက်မလား၊ မပျောက်ဘူး။
ကလေးကို ငယ်ငယ်ကပြုစု---
   သတ္တိလိုက်ပုံကို ဘုန်းကြီးကြားဖြတ်ပြီး တခုပြောဦးမယ်။ ကလေးတယောက် ဖွားမြင်လာတော့ အမေက လိမ်လိမ်မာမာနဲ့ သားကလေးကို အအေးအပူ မျှတအောင် ထိန်းတယ်။ ကျန်းမာရေး ဆေးကလေးတွေ၊ သူငယ်နာဆေးတွေ ပေးတယ်။ သူ့နို့ရည် ကောင်းရင်လည်း သူ့နို့ရည်ကို တိုက်တယ်။ မကောင်းလို့ရှိရင် ဘေးက နို့ရည်ကို ၀ယ်ပြီးတော့ ကောင်းကောင်းဖြစ်အောင် တိုက်တယ်။ နောက်တအိမ်က ဒီလောက်လည်း မတတ်နိုင်ရှာဘူး။ အမေကလည်း ဒီလောက် မလိမ္မာလှဘူး၊ မလိမ္မာတော့ ဖြစ်သလိုပဲ ငိုတဲ့အခါ သူတိုက်ချင်တဲ့အခါ တိုက်တယ်၊ အားတဲ့အခါ တိုက်တယ်။

ဆေးသတ္တိပါနေ---
   ကံချင်းက အတူတူထားလိုက်နော်။ နောက်တော့ ၅-နှစ်လောက်ကြာတော့ တယောက်က ကျန်းကျန်းမာမာနဲ့၊ တယောက်က ချူချူချာချာနဲ့ ဖြစ်နေပြီ။ ဘာကွာနေသလဲ၊ အမေက မွေးဖွားတဲ့နှစ် တနှစ် နှစ်နှစ်မှာ သိပ်ဂရုစိုက်တာပဲ။ ဂရုစိုက်တဲ့ ဆေးပါသေးသလား၊ ၅-နှစ်သားအရွယ်မှာ ဆေးတော့မပါဘူး။ ဘာပါနေတုံး၊ သူ့ရဲ့ ဆေးသတ္တိက ပါနေတယ်။ သတ္တိတော့ ပါတယ်။ ဆေးတော့ မရှိပါဘူး။ ဒေါက်တာတို့ ရှာချင်တိုင်းရှာ၊ ဆေးရော အရာဝတ္ထုရော သတ္တိတောင်ရှာလို့ မရဘူး။ ဒါပေမယ့် သတ္တိပါနေလို့ ကျန်းမာရေး အခြေအနေ နှစ်ယောက်မတူကြဘူး။

အယုအယနှင့် ပစ်စလက်ခတ်---
   တဖန် တယောက်ကတော့ အမေက ယုယလိုက်တာ၊ တယောက်ကတော့ ပစ္စည်းကလည်း မရှိလို့မို့ ပစ်စလက်ခတ် ထားလိုက်တာပဲ။ အမလေး ပစ်စလက်ခတ် ကလေးလေးက မာလိုက်တာ၊ ပိုယုယတဲ့ ကလေးက ချူချာလိုက်တာ။ ဒီလိုဖြစ်ပြန်ရော့ မဟုတ်လား။ ပစ်စလက်ခတ်ထားတဲ့ ကလေးက တောက်တောက် တောက်တောက်နဲ့ သွားနေတော့ ဥတုဇရုပ်က အပူလည်း ခံနိုင်တယ်။ အအေးလည်း ခံနိုင်တယ်။ စားလိုက်တာကလည်း အမေက ဆင်းဆင်းရဲရဲဆိုတော့ကို ထမင်းကို တ၀ကျွေးတာပဲ။ အဲဒီကလေး ဆင်းရဲတဲ့ကလေး မာနေပြန်ရော။ သူ့ကံချင်းက မတူဘူး။

ကျန်းမာ မကျန်းမာ---
   ကလေးမှာ ငယ်ငယ်တုန်းက အပြုအစုတွေ၊ ဘာတွေ အမျိုးမျိုးပြုပေမယ့်လို့ ကံရဲ့သတ္တိက လိုက်တာပဲ။  အဖေအမေပြုစုတဲ့ သတ္တိကလည်း လိုက်တာပဲ။ အဲဒါ အရာဝတ္ထုရှိရဲ့လားဆိုတော့ မရှိပါဘူး။ အမေအဖေ ပြုစုတဲ့ ပစ္စည်းတွေလည်း အကုန်လုံးကုန်ပြီ။ ဒါပေမယ့် ၅-နှစ်ကျတော့ ထူးလည်း မပြုစုပါဘူး။ ဒါပေမယ့်လို့ ကျန်းမာတယ်။ ဟိုတယောက်က မမာဘူး။ တခါ ပြောင်းပြန် ပြန်လိုက်။ ဆင်းရဲတဲ့သူက ဟိုသွားဒီသွား၊ နေပူခံ၊ မာလို့ ဒေါက်ဒေါက် ဒေါက်ဒေါက်။ ဟိုက ယုယတဲ့ ဥစ္စာက အယုအယမတတ်ဘဲကိုး။ တကတဲ အိမ်ရိပ်မိပြီးတော့ လောင်းရိပ်မိပြီးတော့ ကလေးချူချာလို့။

ဘာကွာသလဲ---
  အဲဒါ ဘာကွာလို့တုန်းဆိုတော့၊ ကံချင်းလည်း ကွာတယ်၊ ပြီးတော့ ဘေးကပတ်ဝန်းကျင် မိဘအမှီအခိုကလည်း ကွာတယ်။ အဲဒါကြောင့် မတူကြတာ။ ဒီအထဲမှာ အရာဝတ္ထုရှိလား မရှိဘူး။ မရှိရင် လုံးလုံး သတ္တိမပါတော့ဘူးလား။ သတ္တိပါတယ်၊ တခါ မိဘများက ပြုစုတဲ့ အစာအာဟာရတွေရဲ့ သတ္တိက မပါဘူးလား၊ ပါတယ်။ သူတို့မှာ ကျန်းမာတယ်၊ မမာဘူး။ ကွာနေတာ သတ္တိ။ အရာဝတ္ထု မရှိပေမယ်လို့ သတ္တိကလိုက်တယ်။

အတတ်ချင်း မတူ---
   တခါ ပြောဦးမယ်။ ငယ်ငယ်တုန်းက မူလတန်းတို့၊ အလယ်တန်းတို့မှာ ဆရာကောင်းကောင်းနဲ့ သင်ပေးလိုက်တယ်။ အခြေခံရအောင် သင်ပေးလိုက်တယ်။ တဦးက မူလတန်းမှာ ခပ်ညံ့ညံ့ဆရာနဲ့ သင်ခဲ့တယ်။ အထက်တန်းကျတော့ သူတို့နှစ်ယောက် ဉာဏ်ချင်းအတူတူ၊ သင်အားချင်းလည်း အတူတူ အတတ်ချင်း မတူပြန်ဘူး။ ဘာလို့မတူတုံး၊ ဟို တယောက်က ဆရာကောင်းကောင်း သင်ပေးလိုက်တာ၊ သင်ပေးလိုက်တဲ့ပညာတွေ ကိုယ်မှာပါသလား၊ မပါဘူး။ ဘာပါတုံး၊ သတ္တိပါနေတယ်။ အဲဒီတော့ သတ္တိဆိုတဲ့ဥစ္စာဟာ လိုက်နေတာပဲ။

ပါရမီပြည့်ပြီဆိုတာ---
   ဘုန်းကြီးဖြတ်ပြောလိုက်မယ်။ ဗုဒ္ဓမြတ်စွာက လေးသင်္ချေနှင့် ကမ္ဘာတသိန်း ပါရမီဖြည့်တော့မှ သဗ္ဗညုတဉာဏ်တော်ကို ရတယ်။ လေးသင်္ချေနှင့်ကမ္ဘာတသိန်းဆိုတာ အင်မတန်ကြာတာ၊ အင်မတန် ကြာတဲ့ ကာလတလျှောက်လုံး ဖြစ်-ဖြစ်-ဖြစ်-ဖြစ်ပြီးလာတဲ့ ဒါနပါရမီတို့၊ သီလပါရမီတို့၊ ခန္တီပါရမီတို့၊ အဲဒီပါရမီတွေ ပစ္စည်းအဖြစ်နဲ့တော့ ကုန်သွားပြီ၊ ပျောက်သွားပြီ။ သတ္တိအဖြစ်နဲ့က အကုန်လုံးပါလာလို့မို့၊ နောက်ဆုံးဘ၀ကျတော့ ပါရမီပြည့်ပြီဆိုတာ ဒီသတ္တိတွေ ပြည့်တာပဲ။ သတ္တိတွေပြည့်တော့ ဗုဒ္ဓမြတ်စွာရဲ့ ဉာဏ်တော်ကိုရတာပဲ။ သတ္တိလိုက်တာကိုး သိပြီနော်။

သေခါနီးမှာ---
   ကဲ-ခုနက ပြန်ပြောကြစို့။ သေခါနီးရောက်သွားပြီ သတ္တိတွေမပါဘူးလား။ ပါမယ်နော်။ သတ္တိတွေ ပါနေပြီ။ သေခါနီးကို အင်မတန် ကပ်နေပြီ။ လက်ဖြောက်တချက်တီး ကုဋေတသိန်းလို့ ဆိုတော့ လက်ဖျောက်တချက်တီးတော့ မကသေးဘူး။ ကျန်တော့ကျန်သေးတယ်။ ကပ်တော့ ကပ်နေပြီ။ သိပ်ကပ်နေပြီ။ ကံရဲ့ကမ္မသတ္တိတွေက ပါနေပြီ။ သေခါနီး လက်ဖျောက်တချက်တီးလောက် လိုတဲ့အချိန်မှာ ပတ်ဝန်းကျင် ဆွေတွေမျိုးတွေက ငိုကြတယ်။ ငိုသံ သူ့နားထဲ ၀င်လာတယ်၊ အသံလေးဝင်လာတော့ သူ့စိတ်ဟာ ဆွေမျိုးတွေကို နည်းနည်းငဲ့စောင်းတဲ့စိတ်မဖြစ်ပေဘူးလား၊ ဖြစ်တယ်နော်။ အဲဒီအခါမှာ ခုနက သတ္တိကလည်း လိုက်ရက်နော်။

အကျိုးပေးမယ်လို့ အဖော်စောင့်---
   ကံတွေက အမျိုးမျိုး အကောင်းတွေလည်းပါမယ်၊ မကောင်းတွေလည်း ပါတယ်။ ဒီအချိန်မှာလေ ကောင်းတဲ့ကံတွေကလည်း အကျိုးပေးမယ်လို့ အဖော်ကောင်းကောင်း စောင့်နေတယ်။ မကောင်းတဲ့ ကံတွေကလည်း အကျိုးပေးမယ်လို့ အဖော်ကောင်းကောင်း စောင့်နေတယ်။ သေခါနီး ဆွေတွေမျိုးတွေရဲ့ ငိုသံကလေးကြားလိုက်တော့ စိတ်က အဲဒီထဲဝင်စားလိုက်တာ၊ တခါတည်း ၀င်စားပြီးတော့လည်း သေရော။ ဆွေမျိုးသံယောဇဉ်က ဦးဆောင်သွားတာဖြစ်တော့ မကောင်းတဲ့ကံကလည်း အနားမှာရှိနေတာဖြစ်တော့ မကောင်းတဲ့ကံက အကျိုးပေးလိုက်တာ တစ္ဆေဖြစ်သွားတယ်။

ထင်တဲ့အာရုံ အလိုက်---
   မကောင်းတဲ့ကံက အကျိုးပေးတယ်ဆိုတာ ဟိုဘ၀လည်း ရောက်ရော၊ ခုနက ကမ္မဇရုပ် သုံးစည်းက ဟိုမှာ တခါတည်းဖြစ်တာပဲ။ ပြီးတော့ သူ့ရဲ့ စိတ်ဝိညာဉ်မှာလည်း ၀ိပါက်က တခါတည်းပေးတာပဲ။ အဝေးကြီး ပေးနေတာမဟုတ်ဘူး။ ကပ်ရက်၊ စုတိစိတ်ရဲ့ ရှေ့နားက ထင်တဲ့ အာရုံအလိုက်ကံက အကျိုးပေးရတာ။ ဒီတော့ ကံတွေက လိုက်လာတယ်။ ထင်တဲ့အာရုံအတိုင်း အကျိုးပေးတယ်။ အဲဒီထင်တဲ့အာရုံက အကူအညီရလို့မို့၊ ဟိုဘ၀ကိုလိုက်သွားတာ မဟုတ်ဘူး။ သတ္တိနဲ့ ဟိုမှာ အကျိုးပေးတာ။ ဒီကံအကောင်အထည်ကြီး လိုက်သွားတာ မဟုတ်ဘူး။ ကမ္မသတ္တိက ဟိုဘ၀မှာ တစ္ဆေဖြစ်ဖို့ရန် အကျိုးပေးတယ်။ 

သေ၀မှာ ကပ်နေတဲ့ကံ---
   တခါ တယောက်တော့ သေခါနီးကျတော့ ဘေးကပေါ့လေ ကိုယ့်နည်းကိုယ့်ဟန်နဲ့ တရားစကားတွေ ပြောနေကြတယ်။ တရားစကားသံတွေ ကြားနေတုန်းမှာပဲ နောက်ဆုံးစိတ်၊ သေတဲ့စိတ်ပေါ့လေ၊ စုတိစိတ်ဖြစ်တယ်။ ကောင်းတဲ့ကံ အကျိုးပေးတာပဲ။ ဘာပြုလို့ အနားကပ်နေတဲ့ကံက အကျိုးပေးတာလဲ၊ နွားခြံမှာ နွားတွေ ဘယ်လောက်များနေပေမယ့် နွားအိုကြီးပဲ ဖြစ်ဖြစ် ခြံတံခါးဝမှာကပ်နေတဲ့ နွားက ခြံဖွင့် လိုက်တာနဲ့ အရင်ဆုံး ထွက်တာပဲ။ ခုလည်းပဲ ကံတွေအမျိုးမျိုးမှာ သေခါနီး သေပေါက်ဝမှာ စုတိဆိုတာ သေပေါက်သေ၀ပဲ။ အဲဒီသေပေါက်ဝမှာ ကပ်နေတဲ့ ကံက အကျိုးပေးတာပဲ။ ဒါကြောင့် ဘယ်လိုအကျိုးပေးသတုံး၊ ဘယ်လိုလိုက်သတုံးဆိုတာ အဲဒီနည်းနဲ့လိုက်တယ်။ 

သေခါနီးမှာ သတိထား---
   ဒါကြောင့်မို့လို့ သေခါနီး ဘေးကအပေါင်းအဖော်တွေကောင်းဖို့ လိုတယ်နော်။ ဘေးကစကားအပြောတွေ လိုကိုလိုတယ်နော်။ မငိုကြနဲ့နော်၊ သူ့ဆီ မသွားကြနဲ့ နော်။ သတိပေးနေတဲ့ ဥစ္စာဟာ အမှားအယွင်းတွေ ဖြစ်ပြီးတော့ မကောင်းကံတွေ အခွင့်ရမှာစိုးလို့ တားမြစ်နေကြတာ။ ဒါကြောင့် ဘာသာရေး တရားဖြစ်တဲ့ ဗုဒ္ဓတရားကို လိုက်စားစမ်းပါ။ ပညာတရပ်အဖြစ်နဲ့ အင်မတန်မှ သေချာပါတယ်လို့ ပြောနေတာ။

(မေး) အရှင်ဘုရား ရုပ်ကကော ဘယ်လိုပြောင်းပါသလဲ။

(ဖြေ) ရုပ်လည်း မပြောင်းဘူး၊ 

ကံကြောင့် ရုပ်သစ်ဖြစ်---
   ဒီဘ၀မှာ လူပင်ဖြစ်သော်လည်း နောက်ဘ၀ ပြိတ္တာဖြစ်မယ်ဆိုရင် ပြိတ္တာရုပ်၊ တခြားသပ်သပ်ကံက အကျိုးပေးတယ်လေ။ ကံက ၀ိပါက်ဝိညာဉ်ကိုလည်း အကျိုးပေးတယ်။ ခုနက ကမ္မဇကလာပ်သုံးစည်းဟာ သူ့ကြောင့်ဖြစ်ပေါ်လာတာပဲ။ ရုပ်က ဆက်သွားတာ မဟုတ်ဘူး။ သူ့ကြောင့် ပေါ်လာတဲ့အတွက်ကြောင့်မို့လို့၊ ဒီကရုပ်တွေ ပြောင်းသွားလို့မဟုတ်ဘူး။ ဒါပေမယ့် ကံကြောင့် ရုပ်သစ်တွေဖြစ်တယ်။

ဒီဘက်က ဓားခုတ်ရာ ဟိုဘက်မှာပါနေ---
   တခါထပ်ပြီးတော့ မေးစရာရှိတယ်။ ဓားခုတ်ရာနဲ့ လူဟာ ဟိုဘက်ဘ၀ကျတော့ သူ့မှာ အဲဒီဓားခုတ်ရာ ပါသွားတယ်။ အဲဒီဟာက ဘုန်းကြီး သိပ်မမီဘူးနော်။ သိပ်မမီပေမယ့်လို့ စိတ္တဇရုပ်က ဓာတ်ချင်းက ဆက်နေသေးတယ်။ စိတ်က ဟိုသယ်သွားတာတော့ မဟုတ်ဘူး။ မဟုတ်ပေမယ့်လို့ ဓာတ်ချင်းက ဆက်နေတော့ ကလေးမှာ ဓားခုတ်ရာလေး ဘာလေး တွေ့နေတယ်။ အဲဒီထိအောင်တော့ ဘုန်းကြီး ပိုင်ပိုင် နိုင်နိုင် မပြောနိုင်ဘူး။ မပြောနိုင်ပေမယ့် အဲဒီလို ဆက်တဲ့ဥစ္စာ ဒီကရုပ်ပါသွားတာတော့ မဟုတ်ဘူး။

ရုပ်ချင်းကျေးဇူးပြု---
   ခုဘ၀မှာပဲ ၁၀-နှစ်သားတုန်းက ဓားခုတ်ရာနဲ့ လက်ဟာ ၁၁-နှစ်သားကျတော့ ဒီအရာက ပါလာတာ မဟုတ်ဘူး။ ရုပ်သစ်ပဲ။ ဒါပေမယ့် ဓာတ်ချင်းဆက်တော့ ဟိုမှာ အရာကလေးက ပါရက်ပါရက်ပဲ။ ဒီကဓားခုတ်ရာက ရုပ်တွေက ဟိုမှာ ဓားခုတ်ရာအဖြစ်နဲ့ ဆက်တာမဟုတ်ဘူး။ ရုပ်ချင်း ကျေးဇူးပြုလိုက်တော့ ဒီက အရာကလေးနဲ့ ဆိုင်တဲ့ ရုပ်ကလေးတွေပဲ ဟိုမှာ သွားပြီးတော့ ဖြစ်တယ်။ ဟိုဘက်ဘ၀ကျတော့ ရုပ်သစ်ပေမယ့်လို့ ဒီက စိတ်ဓာတ်ကလည်း ဆက်ရက်ဖြစ်နေတယ်။ ဓားခုတ်ရာလေး ဘာလေး ပါသွားတယ်ဆိုတာ ဖြစ်နိုင်လောက်တယ်လို့၊ ဒီလိုတော့ ဘုန်းကြီးက နားလည်ထားတယ်။

မဟာဂန္ဓာရုံဆရာတော်ကြီး အရှင်ဇနကာဘိဝံသ
(မြတ်မင်္ဂလာ ၂၀၁၀-ခု ဇူလိုင်လ)

No comments: