Monday, February 21, 2011

စေတနာကောင်းလျှင် ကံကောင်းမည်


ကျွန်တော်သည် ဘုတလင်မြို့နယ် ခိုချောင်းရွာ တွဲဘက်အခြေခံပညာ အလယ်တန်းကျောင်းသို့ ၁၉၉၈-၉၉ ပညာသင်နှစ်မှစ၍ ၂၀၀၇-၂၀၀၈ ပညာသင်နှစ်အထိ ဆရာတယောက်အနေဖြင့် ကျောင်းသားများကို ကူညီသင်ကြားခဲ့ပါသည်။

၂၉-၈-၂၀၀၇-နေ့
နေ့လယ် ထမင်းစား ကျောင်းဆင်းချိန်တွင် ခိုချောင်းရွာထဲမှ ဦးကြာဘော-ဒေါ်ကြည်တို့ အိမ်သို့ အလယ်ရောက်သွား၏။ ထိုအိမ်တွင် မြို့မှ ပစ္စည်းများ လာရောင်းသော ဈေးသယ် မကေသီ ရောက်ရှိနေ၏။ သူမသည် ခိုချောင်းရွာ ဘုရားပွဲ ကျင်းပခါနီးတွင် နှစ်စဉ်လာရောက် ဈေးရောင်းချလေ့ရှိ၏။ ဘုရားပွဲတွင် သံဃာတော်များကို ရွာဓလေ့အလိုက် ဆွမ်းဆန်နှင့်ကြော်ကြသောမုန့်များ၊ ကော်ဖီမစ်ထုပ်၊ ဆပ်ပြာမှုန့်ထုပ် အလှူငွေ စသည်တို့ လောင်းလှူကြသည်။

ခိုချောင်းရွာဘုရားပွဲ၌ ပင့်သော သံဃာမှာလည်း တရာကျော်၏။ ကော်ဖီမစ်ထုပ် ၀ယ်လောင်းလျှင် အထုပ် ၃၀-ပါသော အထုပ်ကြီး ၄-ထုပ်ဝယ်မှသာလျှင် လုံလောက်ပါမည်။ ကျွန်တော်၏ စိတ်ထဲတွင်လည်း ကော်ဖီမစ်လောင်းလှူချင်သည့် စေတနာပြင်းပြနေ၏။ ထို့ကြောင့် အမျိုးအစား စုံလင်သော ကော်ဖီမစ်များထဲမှ Mikko တံဆိပ် ကျော်ဖီမစ်ကို မကေသီထံမှ ရွေးချယ်ဝယ်ယူလိုက်သည်။ ထို Mikko ကော်ဖီမစ်ကို ၀ယ်ယူခြင်းမှာ ကျွန်တော့်အမေနှင့်လည်း သင့်လျော်သောကြောင့် ဖြစ်သည်။ အမေသည် ရင်ထဲ၌ တလှပ်လှပ်ဖြစ်လာလျှင် Mikko သောက်လိုက်မှ သက်သာပျောက်ကင်းသွား၏။

ကျွန်တော်သည် ၀ါခေါင်လပြည့်ကျော် ၈-ရက် ဥပုသ်နေ့ဘုရားပွဲတွင် လောင်းလှူ၍ ကျန်သော Mikko ကော်ဖီမစ်ကို အမေ့အား ကန်တော့လိုက်သည်။
ဘုရားပွဲပြီး၍  သုံးလခန့်အကြာ--
မုံရွာမြို့၌နေသော သူငယ်ချင်း မြင့်သန်းဦး-က Mikko တတိယအကြိမ် ကံစမ်းမဲပေါက်ကြောင်း ကျွန်တော့်ကို ဖုန်းဆက်အကြောင်းကြားသည်။ သူငယ်ချင်းအကြောင်းကြားမှ ကူပွန်များ ပို့ထားသည်ကို သတိရ၏။ မြင့်သန်းဦးက ဆက်လက်၍ ၂၁-၁၁၁-၂၀၀၇ ဗုဒ္ဓဟူးနေ့ထုတ် Weekly Eleven News ဂျာနယ်တွင် ဖတ်ရကြောင်း၊ ဆုအမှတ်စဉ် ၂၆၅-သည် ကျွန်တော်၏ အမည်နှင့် နေရပ်လိပ်စာဖြစ်ကြောင်း စသည်ဖြင့် ပြောပြပါသည်။


ထို့ကြောင့် ကျွန်တော်သည် ၂၆-၁၁-၂၀၀၇ နေ့တွင် မုံရွာမြို့ Mukko ရုံးခွဲသို့ သွားရောက်၍ ဆုငွေတသိန်းကျပ် ထုတ်ယူပါသည်။ ထိုရုံးမှ ၀န်ထမ်းအားလုံးသည် အပြောချိုပြီး သဘောကောင်းသည်။ ဆက်ဆံရေးလည်း ပြေပြစ်သည်။
ဆုငွေထုတ်ပြီး နောက်တနေ့တွင် ခိုချောင်းကျောင်းတိုက်မှ ဘုန်းတော်ကြီး ဦးဣဒ္ဓိဗလအား လှူစရာများဖြင့် သွားရောက် လှူဒါန်းပါသည်။ ဤတွင် ဘုန်းတော်ကြီးက ဓမ္မပဒလာ ၀တ္ထုတိုတပုဒ်ကို လိုရင်းတိုရှင်း ဟောကြားလိုကပါသည်။


အနည်းငယ်သော ကောင်းမှုသည် (ငါးအား) အကျိုးရောက်လိမ့်မည် မဟုတ်ဟု ကောင်ဒမှုကို  မထီမဲ့မြင် မအောက်မေ့ရာ၊ မိုးရေပေါက်သည် ကျဖန်များလတ်သော် ရေအိုးသည် ပြည့်ဘိသကဲ့သို့----ဟု ဆရာတော်၏ ဟောကြားသံသည် ယခုချိန်ထိ ကျွန်တော်၏ နားဝတွင် ပျံ့လွင့်နေဆဲဖြစ်ပါသည်။


သန့်ရှင်း(သင်္ချာ)
(မြတ်မင်္ဂလာ ၂၀၁၀-သြဂုတ်လ)

No comments: