Monday, February 7, 2011

ဆီးချို သွေးချိုရောဂါနှင့် ခံတွင်းကျန်းမာရေး

ဆီးချိုသွေးချိုရောဂါကို သေချာထိန်းချုပ် ကုသမထားရင် သွားဖုံးရောဂါလို ခံတွင်းပြဿနာ ဖြစ်စေနိုင်ပါတယ်။ တကယ်လို့ ခံတွင်းရောဂါရှိရင်လည်း သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ဖို့ ခက်ခဲသွားပါတယ်။ ဒါကြောင့် ဆီးချိုသွေးချိုရောဂါနဲ့ ခံတွင်းကျန်းမာရေးဟာ အပြန်အလှန် ဆက်စပ်မှုရှိနေတယ်လို့ ကျွမ်းကျင်သူတွေက ပြောဆိုကြတာ ဖြစ်ပါတယ်။

သွားနှင့်ခံတွင်း ကျန်းမာရေးကို သေချာဂရုစိုက်ရင် သွားနဲ့သွားဖုံးကိုသာမက ဆီးချိုသွေးချို ရောဂါကိုပါ ထိန်းချုပ်ရာရောက်ပါတယ်။ ဆီးချိုသွေးချိုရောဂါနဲ့ ဆက်စပ်နေတဲ့ တခြားခံတွင်း ပြဿနာတွေလည်း ရှိပါတယ်။ အဲဒါတွေ မဖြစ်အောင် သွားနဲ့ခံတွင်း ကျန်းမာရေးအန္တရာယ်လျော့ပါးစေဖို့ နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

ခံတွင်း သန့်ရှင်းရေးကို အလေးထားပါ---
နေ့စဉ်အိမ်မှာ သွားနဲ့ခံတွင်း ကျန်းမာရေးကို ဂရုစိုက်ဖို့ အရေးကြီးပါတယ်။ နံနက်တကြိမ် ညတကြိမ် သွားတိုက်ခြင်း၊ တနေ့တခါ သွားကြားထိုးကြိုးနဲ့ သွားတွေကို ပွတ်တိုက်ခြင်းတွေကို အလေးထား လုပ်ဆောင်ပါ။ ဒါ့အပြင် ဘက်တီးရီးယား သေစေတဲ့ ခံတွင်းသန့်စင် ဆေးရည်သုံးပြီး ပလုပ်ကျင်းပေးပါ။ 
 ခံတွင်းထဲမှာ ဘက်တီးရီးယားရှိရင် သွားဖုံးရောင်ရမ်းစေပါတယ်။ သွားဖုံးရောင်ရမ်းနေရင် သွားတိုက်တဲ့အခါ သွေးထွက်နိုင်ပြီး သွေးတိတ်ချိန်ကလည်း ကြန့်ကြာတတ်ပါတယ်။

သွားဖုံးကို စစ်ဆေးပါ---
သွားတိုက်ပြီးတိုင်း သွားဖုံးရောင်ရမ်းခြင်းနဲ့ သွေးထွက်ခြင်း ရှိ-မရှိ စစ်ဆေးပါ။ တကယ်လို့ သွားဖုံးမှာ ပုံမှန်မဟုတ်တဲ့ လက္ခဏာရှိရင် သွားနဲ့ခံတွင်း ဆရာဝန်ဆီ သွားပြသင့်ပါတယ်။
ပါးစပ်ခြောက်ခြင်း ကင်းအောင် ဂရုစိုက်ပါ---
ပါးစပ်ခြောက်တာဟာ ဆီးချိုသွေးချိုရှိသူတွေမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာ တရပ်ပါ။ ခံတွင်းထဲက တံတွေးဟာ ခံတွင်းကျန်းမာရေးအတွက် အရေးကြီးပြီး သွားမှာကပ်ငြိနေတဲ့ အသားတွေကို ကင်းဝေးစေကာ ခံတွင်းကို စိုစွတ်နေစေပါတယ်။ ခံတွင်းထဲမှာ တံတွေး အလုံအလောက်မရှိရင် ဘက်တီးရီးယားပိုးတွေ ပေါက်ဖွားကာ ခံတွင်းထဲက တစ်သျှူးတွေ ရောင်ရမ်းယားယံပြီး သွားထိခိုက်နိုင်ခြေ များပါတယ်။ ဒါကြောင့် ပါးစပ်ခြောက်ခြင်း ကင်းဝေးအောင် ရေများများသောက်ပါ။ သကြားမပါတဲ့ ပီကေ ၀ါးပေးပါ။ သွားတိုက်တဲ့အခါတိုင်း ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေး တိုက်ပေးပါ။

သွားဆေးခန်းကို အချိန်မှန်သွားပါ---
ဆီးချိုရောဂါရှိတဲ့ သူတွေအနေနဲ့ လေးလကနေ ခြောက်လကြာရင် သွားသန့်စင်သင့်ပါတယ်။ သင့်မှာ ဆီးချိုသွေးချို ရောဂါရှိကြောင်း သွားဆရာဝန်ကို ပြောပြဖို့ မမေ့ပါနဲ့။ ဒါ့အပြင် သင်သောက်နေတဲ့ ဆေးဝါးတွေကိုပါ သွားဆရာဝန်ကို ပြောပြထားပါ။

ဇွန်ခိုင်ဦး (ဆေးဝါးကျွမ်းကျင်မှု တက္ကသိုလ်)
(Good Health 3-17-10)

No comments: