Monday, February 28, 2011

သိပ္ပံအမြင်နှင့် ဗုဒ္ဓအဘိဓမ္မာ ( ၈ )


ဂါဒီးယန်း ဦးစိန်ဝင်းနှင့် ဒေါက်တာဦးနေ၀င်း-တို့မေး၍ အမရပူရ မဟာဂန္ဓရုံဆရာတော် ဖြေသည်။

(မေး) အရှင်ဘုရား၊ ငယ်ရွယ်သော ကလေးအချို့သည် သင်ကြားခြင်းမရှိဘဲ ကျမ်းစာများကို ရွတ်ဆိုနိုင်ခြင်း၊ အထက်တန်းကျသော အတွက်အချက်များကို ပြုလုပ်နိုင်ခြင်းတို့ကို မြန်မာပြည်၌၄င်း၊ နိုင်ငံခြား၌၄င်း တွေ့ရပါသည်။ အဘယ်ကြောင့် မသင်ဘဲ တတ်မြောက်ပါသလဲ။
(ဖြေ)
၁၀-နှစ်သားတုန်းက သင်ထားတဲ့ပညာဟာ ဆိုပါတော့ အသက် ၂၀-လောက်မှာ သူတချို့ ရွတ်နိုင်တယ်၊ ဖတ်နိုင်တယ်။ ဒါဖြင့် ၁၀-နှစ်သားတုန်းက ရုပ်ရှိသလားလို့ဆိုတော့ အသက် ၂၀-မှာ မရှိဘူး။ ၁၀-နှစ်သားတုန်းက စိတ် ရှိသလားလို့ဆိုတော့ အသက် ၂၀-မှာ မရှိဘူး။ မရှိပေမယ့်လို့ သူရွတ်နိုင်တယ်။ ဖတ်နိုင်တယ်၊ မှတ်နိုင်တယ်ပေါ့လေ။ 

အ၀ိဇ္ဇာဖုံးတော့မှ မေ့---
အဲဒီလိုပဲ သေခါနီးမှာ သူ့အလေ့အကျင့်ကလည်း များလာတဲ့စာတွေ ဆိုတော့ကာ သေပြီးတော့ ဘ၀ကြီးတခုလို ချောင်းခြားနေတာ မဟုတ်ဘူး၊ စိတ်တခုနဲ့တခု ပြောင်းသလိုပဲ၊ စုတိစိတ်၊ ပဋိသန္ဓေစိတ် ဆက်ရက်ပဲ။ ဆက်ရက်ဆိုတော့ကာ အများစုကတော့ တတ်သင့်တယ်။ ရပြီးသားတွေကို ရသင့်တယ်။ သို့ပေမယ်လို့ စုတိတဲ့အချိန်မှာ၊ ပဋိသန္ဓေရဖို့ရန်အချိန်မှာ အ၀ိဇ္ဇာ တဏှာတွေက အင်မတန် လွှမ်းနေတာမို့ မေ့ကုန်တာ။ အများစုကတော့ ရကိုရသင့်တယ်။ ဒီလိုရလောက်အောင်ကို သတ္တိက ဆက်နေတာ။ သို့ပေမယ်လို့ အ၀ိဇ္ဇာက ဖုံးလွှမ်းထားတော့ အများစုတော့ မေ့သွားတယ်။

ဇာတိဿရဉာဏ်---
လူအနည်းငယ်ကတော့ ရတယ်၊ ရတာဟာ ဘာမှ မဆန်းဘူး။ ခုနက အ၀ိဇ္ဇာရဲ့ ဖုံးလွှမ်းမှုနည်းလို့ သူမှတ်မိနေတာပဲ။ ရွတ်နိုင်နေတာပဲ၊ တတ်နေတာပဲ၊ ဘယ်သူမှ မပြောဘဲနဲ့လည်း သူဒီစာတွေကို တတ်နေတာပဲ။ အများစုက အ၀ိဇ္ဇာသိပ်ဖုံးတယ်။ သဘာဝကတော့ ဘယ်လောက်မှ ဝေးတာမဟုတ်ဘူး။ အများစုဟာ ပြန်တတ်ဖို့တော့ ကောင်းတယ်။ 

သို့ပေမယ့်လည်း အ၀ိဇ္ဇာက သိပ်ဖုံးသွားတော့ မတတ်ဘူး၊ သူတို့ကျတော့ အ၀ိဇ္ဇာရဲ့ အဖုံးလည်းနည်းတယ်။ ပြီးတော့ ကံကြောင့် ဇာတိဿရဉာဏ်ဆိုတဲ့ ဉာဏ်ကလည်း သူတို့မှာ ရနေတယ်။ ဒီတော့ ဟိုဘ၀ကို အောက်မေ့နိုင်တာရော၊ ဘာရော စုပေါင်းပြီးတော့ စာတွေကို မသင်ဘဲနဲ့ တတ်တယ်၊ ရွတ်နိုင်တယ်၊ ဖတ်နိုင်တယ်။

ရွတ်နိုင်သလောက် ဉာဏ်မကြီး---
ရွတ်နိုင်ဖတ်နိုင်သလောက်များ ဉာဏ်ကြီးမယ်တော့ မထင်နဲ့၊ တခါတလေ ရွတ်နိုင်ဖတ်နိုင်တာပဲ ရှိတယ်။ စဉ်းစားဉာဏ်တွေ ဘာတွေ မရှိတတ်ဘူး။ ကြီးရင် မေ့သွားမယ်။ ကြီးရင် မေ့တယ်ဆိုတာ ကြားထဲမှာ ဟိုအာရုံ၊ ဒီအာရုံတွေက ဖုံးသွားပြီ။ ဖုံးသွားတော့ ပြောစမ်းပါဆိုတော့ မပြောနိုင်ဘူး။

ကြာရင်မေ့---
တခါတလေ လူဝင်စားတွေပေါ့လေ၊ စကားပြောတတ်တဲ့အချိန်မှာ သူ့ဟာသူ ဟိုတုန်းက ဘယ်သူပဲ၊ ဒီပစ္စည်းတွေဟာ သူ့ပစ္စည်းတွေပဲ၊ သူပြောနိုင်တယ်။ နောက်တော့ လေးနှစ်ငါးနှစ်ကြာတော့ မေးလို့မရဘူး။ တချို့ကတော့ ရှက်လို့ မပြောဘူးလို့ ပြောတယ်။ မဟုတ်ဘူး၊ မေ့ကို မေ့သွားတာ။ ကြားထဲမှာ စိတ်တွေက အများကြီးဖြစ်နေတာ။ ဖြစ်တော့ကို ဒီအာရုံချည်း မဟုတ်တော့ဘူး။ ဒီ့ပြင် အာရုံတွေနဲ့ မေ့ကိုမေ့လောက်တယ်။ ပြီးတော့ ဖြစ်တဲ့အထဲမှာ အကုသိုလ်စိတ်တွေက များလို့ရှိရင် အ၀ိဇ္ဇာက အမြဲပါနေတာပဲ။ ဒီတော့ မေ့တာပဲ။
********************************************************************

(မေး) အရှင်ဘုရား။ စိတ်ရောဂါတွေမှာ စိတ်လှုပ်ရှားမှုက အလွန်များပါတယ်။ အဲဒီတော့ စိတ်ငြိမ်ခဲ့လို့ရှိရင် နည်းနည်းပါးပါး ပုတီးစိပ်တာ၊ တရားထိုင်တာ ကောင်းပါသလား။

(ဖြေ)
စိတ်က မလှုပ်ရှားဘူး၊ အာရုံတွေ အမျိုးမျိုး ရောက်နေတဲ့ဥစ္စာကို တင်စားပြီးတော့ စိတ်လှုပ်ရှားတယ်လို့ ပြောတာ။ အာရုံအမျိုးမျိုး ပြောင်းပြောင်း ပြောင်းပြောင်းပြီးတော့ အာရုံကို ယူနေတာကို စိတ်လှုပ်ရှားတယ်လို့ ပြောတာ။

စိတ်ငြိမ်တယ်လို့ဆိုတာ---
အဲဒီလို အာရုံပြောင်းနေတဲ့ လူတယောက်ဟာ ပုတီးပဲစိပ်စိပ်၊ တရားပဲ နှလုံးသွင်းသွင်း။ ဆိုပါတော့ ထာဝရဘုရား ကိုးကွယ်တဲ့သူဟာ ထာဝရဘုရားကို ဘုရား-ဘုရား-ဘုရား-လို့ ဆိုပြီးတော့ စိပ်လိုက်လို့ သမာဓိက အာရုံတခုတည်း ဖြစ်သွားပြီ။ ဗုဒ္ဓကိုးကွယ်တဲ့သူကလည်း ဗုဒ္ဓကို အရဟံ-အရဟံ-အရဟံ-လို့ဆိုတော့ အာရုံက တခုတည်း ဖြစ်သွားပြီ။ ဒါ စိတ်ငြိမ်တယ်လို့ ဆိုတာပေါ့။ တကယ်လို့များ သူစာဝါသနာပါလို့ရှိရင် စာလေးဖတ်နေပါဆိုလည်း စိတ်ငြိမ်သွားမှာပဲ။ အာရုံများတာပါ၊ စိတ်က လှုပ်ရှားတာမဟုတ်ပါဘူး။
*********************************************************************

(မေး) အရှင်ဘုရား၊ ကမ္မဋ္ဌာန်းထိုင်တော့ အာရုံနည်းသွားပါသလား။

(ဖြေ) 
လူတိုင်းတော့ မဖြစ်ဘူး။ သူတို့ အလေ့အထရနေတဲ့ အာရုံတခုကို ဆိုပါတော့ ထာဝရဘုရားကို အာရုံများနေတဲ့ သူတယောက်ကို ဂေါတမဗုဒ္ဓကို အာရုံပြုပြီးတော့ ပုတီးစိပ်ပါဆိုလို့ မရဘူး။ အဲဒါ ပုတီးစိပ်၊ ဘာစိပ်စိပ်၊ ထာဝရဘုရားဟာ ဘယ်လောက်အကျိုးများတယ်၊ သူက အဲဒီဟာ ကိုးကွယ်နေတာဖြစ်တော့ကို အဲဒါလေးကို စိတ်ထဲမှတ်နေစမ်းပါဆိုရင် ငြိမ်သွားတာပဲ။ မမှတ်နိုင်ရင် မငြိမ်ဘူး။

သမာဓိရလျှင် စိတ်ငြိမ်---
ထွက်သက်ဝင်သက်ဆိုတဲ့ ကမ္မဋ္ဌာန်းက စိတ်ငြိမ်အောင် လုပ်တာ။ ဒါလေးမှတ်နေစမ်းပါ။ တမိနစ်မှာ ဘယ်နှစ်ခါလောက်များ ရှူသတုံးလို့။ ဘယ်နှစ်ခါလောက်များ ရှိုက်သတုံးလို့ဆိုတာ။ အဲဒါလေး မှတ်နေလို့ရှိရင် ဒီနေ့အဖို့ စိတ်တွေက အင်မတန် ချမ်းသာသွားမယ်လို့ ပြောတယ်လေ။ ဒီဟာမှတ်လည်း စိတ်က ပြန်ပြီးတော့ ဟိုအာရုံ ဒီအာရုံက ပြန်ဆုတ်လာတာပဲ။ အာရုံတခုမှာ ကြာကြာနေရင် ဒါသမာဓိရတယ်လို့ ဆိုတာပဲ၊ စိတ်ငြိမ်တယ်။
*********************************************************************
(မေး) အရှင်ဘုရား၊ တရားတော်မှာ စိတ်က တကြိမ်မှာ ၂-ခု ဖြစ်ပါသလား။
(ဖြေ) မဖြစ်ပါဘူး။
*********************************************************************
(မေး) အရှင်ဘုရား၊ သာမန်အားဖြင့်တော့ တပည့်တော်တို့ တရားနားထောင်နေတဲ့အခါမှာ အိမ်ကိုလည်း စိတ်ကူးလို့ရသလား၊ ဒါဘယ်လိုများ စိတ်ကူးပါသလဲ။

(ဖြေ) 
စိတ်တွေက မြန်တယ်မဟုတ်လား။ စိတ်တွေက အင်မတန် မြန်တော့ကာ တရားကိုပဲ အာရုံပြုပြီးတော့နေတာကို ထားတော့ ခုနက ထွက်သက်ဝင်သက်ဆိုတဲ့ဥစ္စာ  အင်မတန်ငြိမ်အောင် ကြိုးစားနေတာ မဟုတ်လား။ အင်မတန်ငြိမ်အောင် ကြိုးစားရင်းကလည်း အိမ်ကို ရောက်နိုင်တာပဲ။ စိတ်က မြန်လွန်အားကြီးလို့ လက်ဖျောက်တချက်တီးမှာ ကုဋေတသိန်းမကဆိုတော့ ကုဋေတသိန်းမက ဆိုလို့ရှိရင် အာနာပါနကို ဆိုပါတော့၊ ကုဋေတရာလောက် အာရုံပြုတယ်ဆို၊ အိမ်မှာလည်းပဲ ကုဋေတရာလောက် သွားနိုင်တာပဲ။
********************************************************************
(မေး) အရှင်ဘုရား၊ စိတ်ညှို့တာ ဗုဒ္ဓဘာသာက ဘယ်လိုပါလဲ၊ အနောက်နိုင်ငံမှာတော့ လုပ်နေကြတယ်။
(ဖြေ)
ဘုန်းကြီးက မဖြစ်ဘူးလို့ မဆိုလိုဘူး။ စိတ်ညှို့တဲ့ကျမ်းကို ဘုန်းကြီးက မလေ့လာဘူးလို့၊ ဖြစ်နိုင်တာပေါ့လို့ ဘုန်းကြီးက ၀န်ခံတယ်။ ဘယ်လိုဖြစ်နိုင်တယ်လို့ ဘုန်းကြီးမပြောနိုင်ဘူး။ ဗုဒ္ဓဘာသာကျမ်းကလည်း ကန့်ကွက်မှာ မဟုတ်ဘူး။ ဖြစ်နိုင်တဲ့အရာမှန်သမျှကို ဗုဒ္ဓဘာသာက မကန့်ကွက်ဘူး။
*********************************************************************
(မေး) အရှင်ဘုရား၊ အနောက်နိုင်ငံမှာ စိတ်ညှို့ပြီး တဖြည်းဖြည်း ငယ်ရွယ်တဲ့ဘ၀မေ့ပြီးတော့ နောက်သုံးဘ၀အထိ မေးခဲ့တာကို အနောက်နိုင်ငံမှာ တွေ့ရပါတယ်။ အဲဒီဥစ္စာတွေဟာ သူတို့က လက်တွေ့မှ ယုံတယ်။ အဲဒါကို ကြည့်ခြင်းအားဖြင့် ဘ၀ကူးတယ်ဆိုတာ၊ ဘ၀ဆအဆက်ဆက်ရှိတယ် ဆိုတာ ယုံလောက်အောင် ဖြစ်နေပါတယ်။ ရေးတဲ့ပုဂ္ဂိုလ်ကလည်း ဒါမျိုးမယုံတဲ့သူက ရေးတာ။ ဒီဥစ္စာကို ဟုတ်-မဟုတ် လိုက်စုံစမ်းတဲ့ဥစ္စာဟာလည်း မယုံတဲ့သူက စုံစမ်းတာ။ သူတို့ကတော့ လက်တွေ့နဲ့ညှိပြီးတော့ ယုံတယ်၊ ဘုရားတပည့်တော်တို့ ဗုဒ္ဓဘာသာကတော့ ဘ၀ကူးတယ်ဆိုတာ ပြောလို့မရဘူး။ လက်တွေ့ပြနိုင်ရမယ်။

(ဖြေ)
လွန်ခဲ့တဲ့ဘ၀ကို အောက်မေ့တဲ့ ဇာတိဿရဉာဏ်ဆိုတာရှိတယ်။ ဘုန်းကြီးတို့ ဘုရားအလောင်း တချိန်က ရှင်ဘုရင်လုပ်ခဲ့တယ်။ ရှင်ဘုရင်လုပ်ခဲ့တဲ့ ဘ၀ ပြီးတဲ့နောက် မတရားမှုတွေများလို့ ငရဲကိုကျတယ်။ နောက် ငရဲကလွတ်တော့ နတ်ပြည်မှာဖြစ်တယ်။ နတ်ပြည်ကပြန်တော့ တေမိမင်းသား ဖြစ်တယ်။ ထီးဖြူအောက်မှာ နေရင်း ထီးဖြူကြီးမြင်ရာက စပြီးတော့ ကြားထဲက ဘ၀တွေ သူအကုန်လုံး သတိရသွားတယ်။ ရှင်ဘုရင်လုပ်တဲ့ဘ၀အထိ သတိရသွားတယ်။ ရှင်ဘုရင်လုပ်တဲ့ ဘ၀တုန်းက အမျိုးမျိုးသော အမှုတွေ ပြုတဲ့အခါ အကုသိုလ်တွေလည်း ပါလာတာမို့ ငရဲကျတယ်ဆိုတဲ့ ငရဲဒုက္ခတွေပါ သတိရတယ်။ အဲဒါကို ဇာတိဿရဉာဏ်လို့ ခေါ်ပါတယ်။

ဇာတိဿရဉာဏ် လူတိုင်းရသလားလို့ဆိုတော့ လူတိုင်းမရဘူး။ ခုနက စိတ်ညှို့ဆရာကြီးတွေရဲ့ ညှို့တဲ့ ညှိုဓာတ်ကြောင့် တတိယဘ၀အထိ ညှို့လို့ သူတို့သိနိုင်တယ်လို့ ဆိုတယ်။ ဒါဖြစ်နိုင်တယ်။ ဖြစ်နိုင်ပေမယ့်လို့ ဘယ်နှစ်ယောက်စမ်းသပ်ရင် ဘယ်နှစ်ယောက် ဖြစ်တယ်ဆိုတာ လိုက်ဖို့ကောင်းတယ်။ တချို့ဖြစ်ကိုမဖြစ်နိုင်ဘူးလို့ ဘုန်းကြီးယူဆတယ်။
********************************************************************
(မေး) အရှင်ဘုရား၊ သူတို့မှာတော့ လူတိုင်းကို ညှို့လို့မရဘူး၊ ညှို့လို့ရပေတဲ့ လူတိုင်းဟာ အရှည်ကြီး မပြော နိုင်ဘူး။ ဥပမာ-လူတိုင်းကိုတောင် မိအောင် မညှို့နိုင်ဘူး၊ အညှို့ခံရတဲ့ ပုဂ္ဂိုလ်ကနေပြီးတော့ ခုနက စာအုပ်ထဲမှာ ပါလာတဲ့ ပထမတယောက်၊ သူ့မှပဲ မေးလို့ရတယ်။ သူကတော့ နည်းနည်းမေးကြည့်ပြီးတော့ နောက်ကျတော့ နောင်ဘ၀ပြီးတဲ့နောက်ဘ၀ကို မေးတယ်။

(ဖြေ)
ဇာတိဿရဉာဏ်ကို သူတို့က ဇာတိဿရသညာနဲ့ ကူပေးနေတာ၊ ဒါကို ဗုဒ္ဓဘာသာကလည်း ဆန့်ကျင်ဘက် မဖြစ်ပါဘူး။ ခုနက မမြင်ဘူးလား၊ တေမိမင်းသားဟာ ခုဘ၀တောင်မကဘူး၊ လေးဘ၀လောက်၊ စာထဲမှာပါတာက လေးဘ၀ကို။ က-ချင်မှ ကမယ်၊ ငရဲမှာ ခံရတာတွေ အကုန်လုံး သူမြင်တယ်။

ဗုဒ္ဓဘာသာက မကန့်ကွက်---
အကုန်လုံးမြင်လို့မို့ ထီးနန်းကြီး ထီးဖြူကြီးရောက်လာတော့ လူကြီးပြော ပြောလို့ရှိရင် ကြက်သီးတွေများထပြီးတော့ သိပ်ကြောက်ပြီးတော့ ဒီထီးဖြူကြီးကို သူဆောင်းရတဲ့ ထီးနန်းကို မလိုချင်ဘူးဖြစ်ပြီးတော့ တခါတည်း ထီးနန်းမရအောင် အ,အလေး လုပ်၊ အဆွံ့ကလေး လုပ်၊ ဘာပြောပြော မကြားတဲ့ နားထိုင်းကလေး လုပ်ပြီးတော့ ဓိဋ္ဌာန်လိုက်ပါတယ်။ အဲဒါ ငရဲခံရတာတွေပါ၊ အကုန်လုံး သူမြင်တယ်။ 

ဘာဖြစ်လို့ ငရဲခံရတုန်းဆိုတော့ ရှင်ဘုရင်လုပ်ခဲ့လို့။ လာပြန်ပြီ ဒီထီးဖြူ၊ ငါ ငရဲခံရတော့မှာပဲ ဆိုပြီးတော့ တခါတည်း ထိတ်လန့်သွားတာပဲ။ အဲဒီတော့ မြင်နိုင်ပါတယ်။ ဘုန်းကြီးတို့ ဗုဒ္ဓဘာသာက ခုနက စိတ်ညှို့ဆရာတွေက သညာနဲ့မှတ်ထားလို့ ဒါကို မကန့်ကွက်နိုင်ပါဘူး။

မဟာဂန္ဓာရုံဆရာတော်ကြီး အရှင်ဇနကာဘိဝံသ
(မြတ်မင်္ဂလာ ၂၀၁၀-ခု သြဂုတ်လ)

No comments: