Saturday, February 5, 2011

ရင်သားကင်ဆာ သုတေသန၏ နောက်ဆုံးတွေ့ရှိချက် ငါးရပ်

အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ရင်သားကင်ဆာကာကွယ်နည်း၊ စစ်ဆေနည်းနဲ့ ကုသနည်းတွေအကြောင်း သုတေသနပြုလုပ်ခဲ့တဲ့အနက် နောက်ဆုံးတွေ့ရှိထားတဲ့အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။ ကုသရခက်သော ရင်သားကင်ဆာအတွက် မျှော်လင့်ချက်---
အီစထရိုဂျင်၊ ပရိုဂျက်စတီရုန်းနဲ့ HER 2 တို့အတွက် လက်ခံရာစင်တာ မရှိတဲ့ ရင်သားကင်ဆာ (Triple Negative"brecast cancer) အမျိုးအစားကို ကုသနိုင်တဲ့ ဆေးဝါးဆိုတာ မရှိသလောက်ရှားခဲ့ပါတယ်။ ဒါပေမဲ့ PARP Inhibitor-လို့ခေါ်တဲ့ ဆေးဝါးအသစ်တမျိုးကတော့ ဒီရောဂါကို ကုသနိုင်ခဲ့ပါပြီ။ သက်တမ်းရင့် ရင်သားကင်ဆာသည်တွေကို လေ့လာမှုတရပ်အရ ကင်ဆာဆေးသွင်းကုသမှု နဲ့အတူ PARP inhibitor ကို ပေးတဲ့အခါမှာ ၅၀-ရာခိုင်နှုန်းအထိ အသက်ရှင်သန်ချိန် တိုးမြင့်လာခဲ့ကြောင်း သိရပါတယ်။ ဒါပေမဲ့ နောက်ထပ်လေ့လာမှုတွေ ထပ်မံပြုလုပ်ဖို့လိုအပ်နေသေးကြောင်း သုတေသီတွေက ဆိုပါတယ်။ 

၂။ ရောဂါစစ်ဆေးမှုအတွက် ပိုကောင်းသော သော့ချက်---
ရင်သားကင်ဆာ ရှိနိုင်သူတွေကို သတိပေးတဲ့အခါ မိသားစုမျိုးရှိး၊ အသက်ရွယ်၊ သားသမီးရှိ-မရှိ စတဲ့အချက်တွေကို အဓိကထားခဲ့ပါတယ်။ ဒါပေမဲ့ လေ့လာမှုတွေအရ သွေးဆုံးပြီး အမျိုးသမီးရဲ့ ခုခံနိုင်စွမ်းအားနည်းခြင်းကို တွက်ချက်တဲ့အခါ သူရဲ့ ရင်သားတစ်သျှူး သိပ်သည်းဆကိုပါ ထည့်သွင်း စဉ်းစားသင့်ကြောင်း သိရပါတယ်။ ရင်သားတစ်သျှူး သိပ်သည်းဆဟာ အသက်အရွယ်ကလွဲပြီး တခြားအန္တရာယ်ရှိတဲ့အချက်တွေထက် ရင်သားကင်ဆာ ဆုံးဖြတ်ရာမှာ ပိုအရေးပါပါတယ်။ ရင်သား ဓာတ်မှတ်ရိုက်လို့ ရင်သားဆစ်သျှူး သိပ်သည်းဆများကြောင်းတွေ့ရရင် ဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးပါ။ ရင်သားတစ်သျှူး သိပ်သည်းဆများရင် ဒစ်ဂျစ်တယ်ရင်သားဓာတ်မှန် (Digital Mammogram)နဲ့ ရိုက်မှ ပိုတိကျတဲ့အဖြေရမှာ ဖြစ်တာကြောင့်ပါပဲ။

၃။ ပြန်ဖြစ်သော ရင်သားကင်ဆာအတွက် ထိရောက်သော အကူအညီ---
ရင်သားကင်ဆာ ပြန်ဖြစ်ရင် ဆရာဝန်အများစုဟာ နဂိုဆေးကုသမှုကိုပဲ ထပ်ပေးလေ့ရှိပါတယ်။ အခု သုတေသနကတော့ ဒါဟာ မှားယွင်းနိုင်ကြောင်း  ဆိုပါတယ်။ လေ့လာမှုအရ ရင်သားကင်ဆာရှိသူ ၂၉-ဦးဟာ ရင်သားကင်ဆာ သံသယဖြစ်ဖွယ် တစ်သျှူးတွေကို အသားစယူစစ်ဆေးတဲ့အခါ ကင်ဆာဆဲလ် ပြန့်ပွားနေတယ်လို့ ထင်ရပါတယ်။ ယင်းလူနာ ၄၀-ရာခိုင်နှုန်းမှာ အကျိတ်ဟာ သိသိသာသာ ပြောင်းလဲနေပြီး ၂၀-ရာခိုင်နှုန်းမှာတော့ ကုသမှုကို ချက်ချင်းပြောင်းလဲဖို့ လုံလောက်တဲ့ မတူညီမှုတွေ ရှိနေတာ တွေ့ရပါတယ်။ ဒါကြောင့် ရင်သားကင်ဆာပြန်ဖြစ်ရင် ဆေးကုသမှု မခံယူခင် အသားစယူ စစ်ဆေးမှုအသစ် (New Biopsy) ပြုလုပ်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးပါ။

၎။ ဆေးညျွှန်းကို ပြန်စဉ်းစားခြင်း---
ရင်သားကင်ဆာ ပြန်မဖြစ်အောင် ကာကွယ်ဖို့အတွက် Tamoxifen ဆေးမှီဝဲနေရတဲ့ အမျိုးသမီး အများစုဟာ စိတ်ရောဂါကုသဆေးကိုလည်း မှီဝဲရပါတယ်။ ဒါပေမဲ့ စိတ်ကျရောဂါကုသဆေးတွေဟာ Tamoxifen ဆေးရဲ့ ရောဂါတွန်းလှန်နိုင်စွမ်းအားကို ဖယ်ရှားနိုင်ခြေရှိကြောင်း တွေ့ရှိရပါတယ်။ တချို့စိတ်ကျ ကုသဆေးတွေဟာ Tamoxifen ဆေးရဲ့ လုပ်ဆောင်မှုတွေအတွက် အရေးပါတဲ့ အင်ဇိုင်းရဲ့ တာဝန်တွေကို ဟန့်တားကြောင်း သုတေသနတွေက ဆိုပါတယ်။ လေ့လာမှုအရ Tamoxifen နဲ့အတူ စိတ်ကျကုသဆေးတချို့ တွဲသောက်တဲ့ အမျိုးသမီးတွေမှာ ၁၆-ရာခိုင်နှုန်းက ပြန်ဖြစ်ပြီး Tamoxifen တမျိုးတည်းသောက်တဲ့ အမျိုးသမီး ၇ ဒသမ ၅-ရာခိုင်နှုန်းကသာ ကင်ဆာပြန်ဖြစ်ကြောင်း တွေ့ရပါတယ်။
သုတေသနတွေ ထပ်မံပြုလိုဖို့ လိုအပ်နေသေးပေမယ့်  Tamoxifen နဲ့အအတူ စိတ်ကျကုသဆေး မှီဝဲမယ်ဆိုရင်တော့ သေချာစဉ်းစားသင့်ကြောင်း ကျွမ်းကျင်သူတွေက ဆိုပါတယ်။ စိတ်ကျကုသဆေး တွေမှာ Celexa, Lexapro နဲ့  Luvox တို့ကတော့ ရင်သားကင်ဆာ အန္တရာယ်ကို မမြင့်တက်စေနိုင်ပါဘူး။

၅။ နာကျင်မှု၏ ရင်သားကင်ဆာ ကာကွယ်နိုင်သော စွမ်းအား---
ခေါင်းတခြမ်းကိုက်ရောဂါ ခံစားနေရတဲ့ အမျိုးသမီးတွေအတွက် သတင်းကောင်းပါ။ အမျိုးသမီး ၉၀၀၀-ကျော်ကို လေ့လာမှုအရ ခေါင်းတခြမ်းကိုက်ရောဂါ ရှိသူတွေမှာ ရင်သားကင်ဆာအန္တရာယ် ၂၆-ရာခိုင်နှုန်း လျော့ကျကြောင်း သိရပါတယ်။ အမျိုးသမီးတွေအနေနဲ့ ခေါင်းတခြမ်းကိုက် ရောဂါကို ကာကွယ်ဆေး ဒါမှမဟုတ် ကုသဆေးမှီဝဲရင်တောင် ခေါင်းတခြမ်းကိုက်ရောဂါဟာ ရင်သားကင်ဆာကို ကာကွယ်နိုင်စွမ်းရှိနေတုန်းပဲလို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။

ဇွန်ခိုင်ဦး(ဆေးဝါးကျွမ်းကျင်တက္ကသိုလ်)
(Good Health 3-17-10)

No comments: