Tuesday, February 15, 2011

ပုညကြိယာဝတ္ထု ၁၀-ပါး

(၁) ဒါနဆိုတာ-မိမိကိုယ်ပိုင်ပစ္စည်းဥစ္စာများကို လှူဒါန်းတာ။
* ပစ္စည်းဥစ္စာ၊ အဖြာဖြာ၊ လှူတာ ဒါနမည်။

(၂) သီလဆိုတာ-၅-ပါး၊ ဂ-ပါး၊ ၉-ပါးသီလ စသည်တို့ဖြင့် ကိုယ်နှင့်နှုတ်တို့ကို လုံခြုံအောင် စောင့်စည်းတာ။
* ကိုယ်နှုတ်နှစ်ဖြာ၊ စောင့်စည်းတာ၊ မှန်စွာ သီလမည်။

(၃) ဘာဝနာ-ဆိုတာ ဥပါဒါနက္ခန္ဓာ ၅-ပါး စသည်တို့ကို စိတ်ဖြင့် ပွားများအားထုတ်တာ။
* စိတ်ဖြင့်ပွားတာ ဘာဝနာ၊ မှန်စွာ မည်ပေသည်။

(၄) အပစာယန-ဆိုတာ ဘုရား တရား သံဃာ ဆရာ မိဘ အသက်-ဂုဏ်သိက္ခာကြီးမားတဲ့ ပုဂ္ဂိုလ်တို့ကို အရိုအသေပြုတာ
* ရိုသေပြုတာ၊ အပစာ၊ မှန်စွာမည်ပေသည်။

(၅) ဝေယျဝစ္စ-ဆိုတာ ရတနာသုံးပါး၊ ဆရာမိဘများ၊ ဂုဏ်သိက္ခာကြီးမားသော ပု၈္ဂိုလ်တို့၏ ၀တ်ကြီးဝတ်ငယ်တို့ကို ပြုလုပ်ပေးတာ။
* ကြီးငယ်အမှု၊ ပြုလုပ်ပေးတာ၊ ဝေ(ယျာ)၀စ္စာ၊ မှန်စွာမည်ပေသည်။

(၆) ပတ္တိဒါန-ဆိုတာ မိမိပြုတဲ့ ကုသိုလ်ကောင်းမှုတွေကို အမျှဝေတာ။
* အမျှဝေတာ၊ ပတ္တိဒါ၊ မှန်စွာမည်ပေသည်။

(၇) ပတ္တာနုမောဒန-ဆိုတာ သူတပါးတို့ အမျှဝေတဲ့အခါ ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်တာ။
* ၀မ်းမြောက်နုမော်၊ သာဓုခေါ်၊ မှတ်နော် ပတ္တာနုမောဒါ။
* ၀မ်းမြောက်ဝမ်းသာ၊ ခေါ်ဆိုတာ၊ ပတ္တာနုမောဒါ။ 

(၈) ဓမ္မဿဝန-ဆိုတာ တရားစကား နာကြားတာ။
* တရားနာတာ၊ (ဓမ္မ) သ၀နာ၊ မှန်စွာမည်ပေသည်။


(၉) ဓမ္မဒေသနာ-ဆိုတာ စွမ်းနိုင်သမျှ တရားဟောတာ။
* တရားဟောတာ၊ (ဓမ္မ) ဒေသနာ၊ မှန်စွာမည်ပေသည်။


(၁၀) ဒိဋ္ဌိဇုကမ္မ-ဆိုတာ အယူကို ဖြောင့်မတ်စွာ ယူတာ။
* ဖြောင့်စွာယူတာ၊ (ဒိဋ္ဌိ)ဇုကတာ၊ မှန်စွာမည်ပေသည်။




ပုညကြိယာဝတ္ထု ၁၀-ပါးကို အကျဉ်းချုပ်လိုက်သော် ဒါန၊ သီလ၊ ဘာဝနာ ၃-ပါး၌ ပါဝင်သွားကြပေသည်။
* ပတ္တိ-ပတ္တာ၊ ဒါနမှာ၊ သွင်းကာယူရသည်။
* ပစာ-ဝေယျာ၊ သီလမှာ၊ သွင်းကာယူရသည်။
* နာ-ဟော-ဖြောင့်စွာ၊ ဘာဝနာ၊ သွင်းကာယူရသည်။


ပတ္တိဒါန-မိမိပြုထားသည့် ကုသိုလ်ကောင်းမှုများကို သူတပါးအား အမျှပေးဝေလိုက်သည်ရှိသော် ထိုကုသိုလ်ကောင်းမှုတို့သည် ကုန်သွားသည်၊ လျော့သွားသည်ဟူ၍ မရှိပေ။ 
ဥပမာအားဖြင့်-တဦးတယောက်သောသူက ပထမထွန်းထားသော မီးတိုင်(၀ါ)ဖယောင်းတိုင် ရှိပေသည်။ အခြားသောပုဂ္ဂိုလ်များက ထိုမီးတိုင်(၀ါ)ဖယောင်းတိုင်မှ မီးတိုင်း(၀ါ)ဖယောင်းတိုင် တထောင် တို့ဖြင့် လာရောက်၍ ထွန်းယူကြငြားသော်လည်း ပထမမီးတိုင်မှ မီးများ လျော့သွား ကုန်သွားသည်ဟူ၍ မရှိကောင်းသလိုပင် ဖြစ်ပေသည်။


(ဒါန-ပတ္တိဒါန-ပတ္တာနုမောဒန အကျိုး)
ပတ္တိဒါနနှင့် ပတ္တာနုမောဒနတို့ကို ဒါနထဲ၌ ထည့်သွင်း၍ ယူရသောကြောင့် ပတ္တိဒါနနှင့် ပတ္တာနုမောဒနတို့သည်  ဒါနကုသိုလ်များ ဖြစ်ကြပေသည်။ ထို့ကြောင့် ပတ္တိဒါနနှင့် ပတ္တာနုမောဒနတို့၏ အကျိုးတို့သည် ဒါန၏အကျိုးတရား ၅-ပါးနှင့် တူကြပေသည်။
၁။ အသက်ရှည်ခြင်း။
၂။ အဆင်းလှပတင့်တယ်ခြင်း။
၃။ ကိုယ်၏ချမ်းသာခြင်း၊ စိတ်၏ချမ်းသာခြင်း။
၎။ မိမိကို ကူညီစောင့်ရှောက်မည့် အခြံအရံ ပရိသတ် ပေါများခြင်း။
၅။ အရာရာမှာ မိမိက အစိုးရခြင်းတို့သည် ဒါန၏အကျိုးတရား ၅-ပါး ဖြစ်၍ ပတ္တိဒါန ပတ္တာနုမောဒနတို့၏ အကျိုးတရား ၅-ပါးတို့လည်း ဖြစ်ကြကုန်၏။
* ပတ္တိ-ပတ္တာ၊ ကျိုးများမှာ၊ မှန်စွာဒါန တူပေသည်။


( သီလ-အပစာယန-ဝေယျာဝစ္စ တို့၏ အကျိုး)
အပစာယနနှင့် ဝေယျဝစ္စတို့ကို သီလထဲ၌ ထည့်သွင်း၍ယူရသောကြောင့် အပစာယနနှင့်ဝေယျဝစ္စ တို့သည် သီလကုသိုလ်တို့ ဖြစ်ကြပေသည်။ ထို့ကြောင့် အပစာယနနှင့် ဝေယျဝစ္စတို့၏ အကျိုးတို့သည် သီလ၏အကျိုးတရား ၅-ပါးနှင့် တူကြပေသည်။ 
၁။ တရားသဖြင့် ပစ္စည်းဥစ္စာရှာဖွေသောအခါ ရလွယ်ခြင်း။
၂။ အရပ်လေးမျက်နှာသို့ ကောင်းသောဂုဏ်သတင်းတို့ဖြင့် ကျော်ကြားခြင်း။
၃။ ပွဲနေပွဲထိုင် ပရိသတ်လေးပါးသို့ ၀င်ရောက်သေအခါ မျက်နှာမငယ်ခြင်း။
၎။ သေခါနီးမှာ ကောင်းသောအာရုံနိမိတ်တို့ ထင်လာသောကြောင့် မတွေမဝေ သေရခြင်း။
၅။ သောပြီးနောက်ကာလ၌ ကောင်းမြတ်သော နတ်ပြည်သို့ ရောရခြင်းတို့သည် သီလ၏ အကျိုးတရား ၅-ပါးဖြစ်၍ အပစာယန၊ ဝေယျာဝစ္စတို့၏ အကျိုးတရား ၅-ပါးလည်း ဖြစ်ကြပေသည်။
* ပစာ-ဝေယျာ၊ ကျိုးများမှာ၊ မှန်စွာသီလ တူပေသည်။ 


( ဓမ္မဿဝန၊ ဓမ္မဒေသနာ၊ ဒိဋ္ဌိဇုကမ္မ တို့၏ အကျိုးကိုပြခြင်း)
ဓမ္မဿဝန၊ ဓမ္မဒေသနာ၊ ဒိဋ္ဌိဇုကမ္မ တို့ကို ဘာဝနာ၌ ထည့်သွင်း၍ ယူရသောကြောင့် ဓမ္မဿဝန၊ ဓမ္မဒေသနာ၊ ဒိဋ္ဌိဇုကမ္မတို့သည် ဘာဝနာကုသိုလ်တို့ပင် ဖြစ်ကြပေသည်။ 
ထိုဘာဝနာကုသိုလ်တို့သည် သမထဘာဝနာ ကုသိုလ်၊ ၀ိပဿနာ ဘာသနာ ကုသိုလ်ဟူ၍ ၂-မျိုးရှိကြပေသည်။ 
သမထဘာဝနာကုသိုလ် ပြည့်စုံသွားသောအခါ ကမ္ဘာနှင့်ချီ၍ သက်တမ်းရှည်သော ဗြဟ္မာပြည်၌ ဖြစ်ကြရပေသည်။ ဗြဟ္မာတို့၏ စည်းစိမ်ချမ်းသာကို ခံစားကြရပေသည်။
ဝိပဿနာ ဘာဝနာကုသိုလ် ပြည့်စုံသွားသောအခါ သောတာပန်ဖြစ်၍ ၇-ဘ၀သာ အိုခြင်း၊ နာခြင်း၊ စသော သံသာရ၀ဋ်ဒုက္ခတို့ကို ခံကြရပေသည်။
သကဒါဂါမ် ဖြစ်သွားသောအခါ ၂-ဘ၀သာ အိုခြင်း နာခြင်း စသောသံသရာဝဋ်ဒုက္ခတို့ကို ခံကြရတော့မည် ဖြစ်ပေသည်။
အနာဂါမ်ဖြစ်သွားသောအခါ ဒုက္ခများသည့် လူ့ပြည် နတ်ပြည်တို့၌ မဖြစ်တော့ပါဘဲ ဗြဟ္မာ့ပြည်၌ဖြစ်ပြီး နိဗ္ဗာန်ချမ်းသာသို့ ၀င်စံသွားကြရပေသည်။
ရဟန္တာဖြစ်သွားသောအခါ နိဗ္ဗာန်ချမ်းသာသို့ အပြီးတိုင် စံဝင်သွားကြရပေသည်။


သဒ္ဓမ္မရံသီရိပ်သာ ဆရာတော်

No comments: