ဦးဇင်း ဦးဇ၀နသည် ပဋ္ဌာန်းပါဠိတော် ပစ္စယုဒ္ဒေသနှင့် ပစ္စယနိဒ္ဒေသတို့ကို လွန်ခဲ့သော နှစ်ပေါင်း ၂၀-ကျော်ကပင် အလွတ်ကျက်မှတ်၍ နေ့ညဥ့်မပျက် ရွတ်ဆိုပွားများလာခဲ့သည်။ ပဋ္ဌာန်းပါဠိတော် ပစ္စယုဒ္ဒေသနှင့် ပစ္စယနိဒ္ဒေသတို့ကို အထူးပင် လေးလေးစားစား ရွတ်ဆိုခဲ့သဖြင့် ဦးဇ၀နသည် အသက် ၅၅-နှစ်အရွယ်၌ ဓားပြအတိုက်ခံရမည့် အဖြစ်နှင့် ကြုံကြိုက်ခဲ့ရသော်လည်း ထိုအဖြစ်မှ လွတ်မြောက်ခဲ့ရသည်။
မြန်မာသက္ကရာဇ် ၁၃၆၅-ခုနှစ် ၀ါခေါင်လတွင် ဖြစ်သည်။ ထိုစဉ်က ဦးဇ၀နသည် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ဂွေးတောက်ကျေးရွာ ကျောင်း၌ ကျောင်းထိုင်ဘုန်းကြီးအဖြစ် သီတင်းသုံးနေထိုင်လျက် ရှိသည်။ ဤတွင် ဘုရားတည်မှု ကိစ္စအ၀၀ကိုလည်း ဆောင်ရွက်ပြုလုပ်နေသည်။
မှတ်မှတ်ရရ ၂၂-၈-၂၀၀၃-နေ့ ညတွင်ဖြစ်သည်။ ဦးဇ၀နသည် အိပ်ရာဝင်ခဲ့သော်လည်း ခါတိုင်းကဲ့သို့ နှစ်ခြိုက်စွာ အိပ်၍မပျော်။ အိပ်ပျော်သွားလိုက်-နိုးလာလိုက်နှင့် ကြက်အိပ်ကြက်နိုး ဆိုသလို ဖြစ်နေပါသည်။ စိတ်ထဲတွင် ဘာကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တာပါလိမ့်ဟု အောက်မေ့မှတ်ထင်နေသည်။ နောက်ပိုင်း ပစ္စယုဒ္ဒေသ၊ ပစ္စယနိဒ္ဒေသတို့ကို အခေါက်ပေါင်းများစွာ ရွတ်ဆိုနေလိုက်သည်။
နံနက်မိုးသောက်သောအခါ ရွာထဲမှ ဒကာကြီးနှစ်ယောက်-သုံးယောက် ရောက်ရှိလာပြီး အရှင်ဘုရားကသာ မသိတာ၊ ညတုန်းက လူသုံးယောက် အရှင်ဘုရားကို ဓားပြတိုက်မယ်လို့တဲ့ဘုရား-ဟု လျှောက်ထား ကြသည်။
ဟေ--ဟုတ်ရဲ့လား၊ တိုက်လည်းတိုက်ပေါ့ ဒကာကြီးတို့ရယ်။ ဘာတတ်နိုင်မှာလဲ။ ရှိတာပေးလိုက်ရုံပေါ့။ ဒါကြောင့်နဲ့တူတယ်။ ဦးဇင်း ညတုန်းက နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ခဲ့ဘူး။ ဒါနဲ့ နေပါဦး၊ ဒီအကြောင်းကို ဒကာကြီးတို့ ဘယ်လိုလုပ်ပြီး သိကြသလဲ-ဟု ဦးဇ၀နက အမိန့်ရှိသည်။
ထိုအခါ ဒကာကြီး ဦးဖိုးသာ-က ဒီလိုပါအရှင်ဘုရား၊ ညတုန်းက အရှင်ဘုရားကျောင်းက ခွေးတွေ စားမတတ် ၀ါးမတတ် ဟောင်တယ်ဘုရား။ ဒါနဲ့ တပည့်တော်တို့ သင်္ကာမကင်းဖြစ်လို့ ရွာထဲမှာ တိတ်တဆိတ် လူစုပြီး ၀ိုင်းကြဆီးကြတော့ ဓားကိုယ်စီနဲ့ မျက်နှာဖုံး စွပ်ထားတဲ့ လူသုံးယောက်ကို ဖမ်းဆီးမိတယ်ဘုရား။ သူတို့ကို သက်ဆိုင်ရာက စစ်ဆေးမေးမြန်းကြည့်တော့ ဘုရားတည်နေတဲ့ ဘုန်းကြီးထံမှာ ပိုက်ဆံတွေအများကြီး ရှိလိမ့်မယ် ထင်မှတ်ပြီး အရှင်ဘုရားကို ဓားပြတိုက်မလို့တဲ့ဘုရား။
ဒါပေမယ့် သူတို့တတွေ အရှင်ဘုရားရဲ့ကျောင်းဝင်းထဲ ဘယ်လိုမှ ၀င်လို့မရဘူးတဲ့ဘုရား။ ကျောင်းဝင်းထဲ ၀င်မယ်လုပ်တိုင်း ဧရာမလူကြီးက နောက်ကဆွဲထားသလို ခံစားရပါသတဲ့ဘုရား။ ဒါကြောင့် အရှင်ဘုရားကို ဓားပြမတိုက်ဖြစ်တာ ဆိုတဲ့အကြောင်း (ထွက်ဆို)ပြောပြပါတယ်ဘုရား-ဟု လျှောက်ထားသည်။
ဦးဇ၀နက မှတ်ထားကြ ဒကာကြီးတို့၊ ဒါ ဘာကြောင့်လဲလို့ဆိုရင် ပဋ္ဌာန်းဒေသနာတော်ကို ရွတ်ဖတ်ပွားများ ပူဇော်ရခြင်းရဲ့ လက်တွေ့အကျိုးပါပဲ။ ဦးပဉ္ဇင်း ပဋ္ဌာန်းဒေသနာတော်ကို ရွတ်ဖတ်ပွားများ ပူဇော်လာတာ နှစ်ပေါင်း ၂၀-ကျော်ခဲ့ပါပြီ။ ဦးပဉ္ဇင်း ယခုလို ဓားပြဘေးမှ ကင်းဝေးလွတ်မြောက်ရတာ ပဋ္ဌာန်းဒေသနာ တော်ကို ရွတ်ဆိုပွားများခြင်း အကျိုးကြောင့်လို့ လေးလေးနက်နက် ယုံကြည်ယူဆမိပါတယ်-ဟူ၍ မိန့်တော်မူလိုက်ပါသည်။
(ဦးဇ၀နကိုယ်တိုင် မိန့်ကြားသည်ကို ရေးသားတင်ပြအပ်ပါသည်)
ထီးချိုင့် မောင်ကံဦး
(မြတ်မင်္ဂလာ ၂၀၁၀-ခု ဇူလိုင်လ)
No comments:
Post a Comment