Monday, February 21, 2011

ဘယ်သူမပြု မိမိမှု


 ကျွန်တော်သည် တနေ့ ရွှေပြည်သာ ဦးမဲအိမ်သို့ ခေတ္တသွားရောက်ခဲ့သည်။ ဦးမဲသည် ကျွန်တော့မွေးရပ်မြေမှ မိတ်ဆွေတဦးပင် ဖြစ်သည်။ ရောက်လျှင်ရောက်ချင်းပင် ရွာမှ ဖြစ်ပျက်သည့် အကြောင်းအရာမှန်သမျှကို ပြောပြပါသည်။

ရွာက ကိုပုတယောက် သေလို့တဲ့။ သေတာမှ ရိုးရိုးသေတာ မဟုတ်ဘူး။ နွားလှည်းပေါ်ကကျပြီး နွားကနင်း၊ လှည်းကလည်း လည်ပင်းပေါ် ဖြတ်နင်းတာကြောင့် လည်တိုင်ကျိုးပြီး သေရတယ်။ သေပြီး နှစ်နာရီလောက် အကြာမှာပင် အပုပ်နံ့ထွက်တာ မခံနိုင်ကြလို့ ချက်ချင်း ချလိုက်ကြရသတဲ့။

ထိုအခါ ကျွန်တော်သိလိုဇောဖြင့် အသေးစိတ် မေးမြန်းမိပါသည်။ ဖြစ်ပုံမှာ ဤသို့ပင်တည်း။
ကိုပုသည် နံနက်စောစောအချိန်တွင် အရက်မူးလာပြီး နွားနှစ်ကောင်ကို လှည်း၌ တပ်၍ ကြိမ်လုံးကိုင်ကာ ရွာဟစဉ်တလျောက် နွားကောင်းကြောင်း မောင်းပြနေပါသည်။ နွားမောင်းရင်းပင် အလိုမကျသဖြင့် နွားများကို ဆဲရေးတိုင်းထွာ ကြိမ်းမောင်းပြီး ခါးကော့အောင် လက်စွမ်းပြ ရိုက်နှက်ပါတော့သည်။ နွားများမှာလည်း နာလွန်းသဖြင့် လမ်းအတိုင်းမသွားတော့ဘဲ ကန်သင်းရိုးများကို ဖြတ်ကျော်၍ ပြေးဆွဲသွားကြသည်။

ကိုပုသည် အရှိန်လွန်၍ လှည်းရှေ့သို့ ပစ်ကျသွားပြီး နွားနှင့် လှည်းဘီးတို့၏ ဖြတ်နင်းခြင်းကို ခံလိုက်ရသည်။ လူကလည်း မူး၊ သွေးရူးသွေးတန်းနှင့်အတူ ဒေါသကလည်း ကြီးနေသောကြောင့် မိမိကိုယ်ကိုမိမိ ဘာဖြစ်နေမှန်း သတိမထားနိုင်ဘဲ လှည်းပေါ်မှ ခြေလွန်လက်လွတ် ပစ်ကျသွားဖြင်းဖြစ်သည်။ နောက်ဆုံး အသက်ပါ ပျောက်သွားလေသည်။

ထိုအကြောင်းကို ကျွန်တော်ကြားရသောအခါ စိတ်မကောင်းဖြစ်၍ ကိုပုအကြောင်းကို ပြန်လည်တွေးနေ မိသည်။ ကျွန်တော်တို့သည် ဧရာဝတီတိုင်း ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ် သပြေကန်ရွာတွင် မွေးဖွားသူများဖြစ်၍ ငယ်စဉ်ကပင် အတူနေထိုင်ခဲ့ကြသည်။

ရွာသူရွာသားများမှာ င၀န်မြစ်ကမ်းနံဘေးမှာ နေထိုင်ကြ၍ ကိုင်းသီးနှံများကို စိုက်ပျိုးလုပ်ကိုင် စားသောက်ကြသည်။ ကိုပုတို့ မိသားစုလည်း ပါဝင်သည်။ ကိုပုတို့ မိသားစုမှာ ဖခင် ဦးကျောက်၊ မိခင် ဒေါ်ဖြူ၊ ကိုပုနှင့် ညီမလေး ချောစုတို့ လေးဦး ဖြစ်ကြသည်။ ဖခင်လုပ်သူ ဦးကျောက်မှာ အရက်တမြမြ၊ ကြက်တိုက်၊ နွားပေါ်၊ ၀က်ပေါ် ပြုလုပ်သည်။ သားဖြစ်သူ ကိုပုက ဖခင်၏ စရိုက်ကို မကြိုက်သောကြောင့် သားအဖချင်း မကြာခဏ စကားများ ရန်ဖြစ်ကြသည်။ မိခင်ဖြစ်သူက လင်နှင့်သား ကြားတွင် ကာစီးကာစီး ပြုလုပ်ရသည်။

ကိုပု၏ ၀ါသနာမှာ ငယ်စဉ်ကပင် နွားမောင်းနေရလျှင် သူပျော်သည်။ တခါတရံ နွးတကောင်တည်းဖြင့် ရွာရိုးလျှောက်၍ ခြေပြမောင်းနှင်သည်။ နွားအရိုက်ကြမ်းသည်။ နွားမောင်းရင်း သူတကာ၏ခြံများကို ဘယ်ညာဝင်တိုးသည်။ ပျက်စီးသည်။ သို့သော် ကိုပုကို ကောင်းသည် ဆိုးသည် မည်သူကမျှ မပြောကြ။ အဘယ့်ကြောင့်နည်းဆိုလျှင် ကိုပုက ပတ်ဝန်းကျင်ရှိလူများကို သင့်မြတ်အောင် ပေါင်းသင်းနေထိုင် တတ်သည်။ စကားကိုလည်း ကြမ်းတမ်းစွာ မပြော။ သူများအပေါ် ကူညီတတ်သည်။ ဆက်ဆံရေး ကောင်းသည်။ သို့ရာတွင် တိရစ္ဆာန်ဖြစ်သော နွားများအပေါ်မှာတော့ သူက ဆိုးရွားစွာ ဆက်ဆံလေ့ရှိသည်။ 

တနေ့ ကိုပုတယောက် ဖခင်ကိုအရွဲ့တိုက်၍ အရက်စမ်းသောက်သည်။ နောက်တော့ ဖခင်ကို အရွဲ့တိုက်သောက်ရာမှ မိမိကိုယ်တိုင် ကြိုက်၍ သောက်လာသည်။ နေ့စဉ်မပြတ် ဖြစ်သည်။ ထို့နောက် အရက်က ကိုပုကို လွှမ်းမိုးသွားတော့သည်။ ကိုပုတယောက် အရက်စွဲပြီး မိခင်စကားလည်း နားမထောင်၊ မိခင်ကိုလည်းဆဲရေးတိုင်းထွာ ပြုသည်။ နွားများကိုလည်း ရိုက်နှက်သည်။ ထိုမကောင်းမှုကံများကြောင့် ယခုဘ၀တွင်ပင် အသေဆိုးနှင့် သေခဲ့ရပြီး များမကြာမီ ပုပ်စော်နံခဲ့သည်ဟု ယုံကြည်ယူဆမိပါသည်။

စိုးစံ (လေးမျက်နှာ)
(မြတ်မင်္ဂလာ ၂၀၁၀-သြဂုတ်လ)

No comments: