Sunday, February 20, 2011

မိဘလုပ်ကျွေး၍ အသက်ဘေးမှ လွတ်ခဲ့သူ

၁၉၉၀-ပြည့်အချိန်က အဖြစ်အပျက်ကလေးပင်။ ကျွန်မ၏ မောင်ဝမ်းကွဲတော်သူ မောင်ထွန်းနိုင်ဆိုသော လူငယ်တယောက်ရှိသည်။ သူသည် စင်ကာပူနိုင်ငံသို့ ၂-နှစ်စာချုပ်ဖြင့် လက်သမားသွားလုပ်သည်။ သူသည် အသောက်အစား အပျော်အပါးကင်းသူ ဖြစ်သည်။ အလုပ်ကို အလွန်ကြိုးစားသူဖြစ်၏။ တနေ့တာရရှိသော ငွေကလေးများကို စုဆောင်း၍ ကလေးနှစ်ယောက်နှင့်အတူ သူဇနီးထံကိုလည်း ပို့ပေးသကဲ့သို့ အိုမင်းမစွမ်းရှိသော အသက် ၇၀-ကျော် ဖခင်ကြီးထံသို့လည်း နယ်မြို့ကလေးရှိ အဒေါ်ဝမ်းကွဲတယောက်မှ တဆင့် ဇနီးဖြစ်သူကို လစဉ်ပို့ခိုင်းပါ၏။ သားဖြစ်သူ ပို့ပေးသောငွေကို ဖခင်ကြီးမှာ လှူဒါန်းခြင်း၊ စားသုံးခြင်း ပြုလုပ်၏။ သားထံသို့လည်း မေတ္တာပို့သပါသည်။

မောင်ထွန်းနိုင်၏ လိမ္မာရေးခြားရှိမှု အလုပ်ကြိုးစားမှု၊ ရိုးသားတည်ကြည်မှုကို သဘောကျသော အလုပ်ပိုင်ရှင်က ဆက်လက်လုပ်ခွင့်ပြုသောကြောင့် ၅-နှစ်ကြာမှ မြန်မာပြည်သို့ပြန်လာခွင့်ရခဲ့သည်။ တနေ့ သူနဲ့ စကားလက်ဆုံကျစဉ် အမရေ၊ ခြောက်ထပ်တိုက်ပေါ်က လက်သမားလုပ်ရင်း မိုက်ခနဲဖြစ်ပြီး ပြုတ်ကျကာ...မသေဘူးဗျ၊ ငြမ်းပေါ်မှာ တင်နေတယ်။

ဟယ် တော်ပါသေးရဲ့ကွယ်၊
ထိုစဉ် ကျွန်မမေမေက
ဟဲ့-သမီး အဲဒါ မိဘကပို့တဲ့ မေတ္တာကြောင့်ရယ်---
မိဘကို လုပ်ကျွေးတဲ့ ကုသိုလ်ကောင်းမှုကြောင့်ရယ်ပေါ့ကွယ်-ဟု ပြောပါသည်။

ဟုတ်တယ် ဒေါ်လေးရေ၊ ခုတော့ ကျွန်တော် ဘာသာရေးသမား ဖြစ်နေပါပြီ-ဟု ဆို၏။
ဤကဲ့သို့ ၂-ကြိမ်တိုင် ကျခဲ့သော မောင်ထွန်းနိုင်မှာ ယခုအခါ ဦးထွန်းနိုင်ဘ၀ ရောက်ရှိပြီး မိသားစု ကျန်းမာပျော်ရွှင်စွာဖြင့် ရန်ကုန်မြို့တွင် နေထိုင်လျက်ရှိပါသည်။
သူ၏ဖခင်ကြီးမှာ ကွယ်လွန်သွားရှာပေပြီ။

ခင်မေ(ရွှေတောင်)
(မြတ်မင်္ဂလာ ၂၀၁၀-သြဂုတ်လ)

No comments: