Sunday, February 6, 2011

တုပ်ကွေးဗိုင်းရပ်စ်က အအေးမိဗိုင်းရပ်စ်ထက် ပိုပြီးအသက်ရှည်နိုင်

တုပ်ကွေးနဲ့ အအေးမိဗိုင်းရပ်စ်ပိုးတွေကို တံခါလက်ကိုင်ဖု၊ ရေဘုံပိုင်ခေါင်း၊ တယ်လီဖုန်း၊ ကွန်ပျူတာ Keyboard နဲ့ အခြားနေရာတွေမှတဆင့် ကူးစက်နိုင်တယ်ဆိုတာတော့ သိပြီးကြမှာပါ။ ဒါပေမဲ့ အဲဒီဗိုင်းရပ်ပိုးတွေ ဘယ်လောက်အသက်ရှည်တယ်ဆိုတာကိုတော့ သိမှာမဟုတ်သေးပါဘူး။

အဲဒီဗိုင်းရပ်စ်တွေဟာ စက္ကန့်အနည်းငယ်မှ ၄၈-နာရီအထိ နေထိုင်တဲ့မျက်နှာပြင်၊ ရာသီဥတုနဲ့ စွတ်စိုမှုပေါ် တည်ပြီး အသက်ရှည်နိုင်တာကွဲပြားတယ်လို့ လေ့လာမှုအရ တွေ့ခဲ့ရပါတယ်။ 

အအေးမိနဲ့ တုပ်ကွေးဗိုင်းရပ်စ်တွေဟာ လေ၀င်ပေါက်မရှိတဲ့ မျက်နှာပြင် ဥပမာ-သတ္တု၊ ပလပ်စတစ်နဲ့ သစ်သားတွေပေါ်မှာ အသက်ပိုရှည်တတ်ပြီး အ၀တ်အစား၊ စက္ကူနဲ့တစ်သျှူးလိုမျိုး လေ၀င်ပေါက်ရှိတဲ့ ပစ္စည်းပေါ်မှာ အသက်တိုကြပါတယ်။

တုပ်ကွေးဗိုင်းရပ်စ်ဟာ လေ၀င်ပေါက်မရှိတဲ့ မျက်နှာပြင်မှာ တရက်မှ နှစ်ရက်ထိ အသက်ရှည်ပြီး လေ၀င်ပေါက်ရှိတဲ့ မျက်နှာပြင်မှာ ၁၂-နာရီပဲ အသက်ရှည်ပါတယ်။ ၂၀၀၆-ခုနှစ် လေ့လာမှုအရ Avian တုပ်ကွေးဗိုင်းရပ်စ်ဟာ အချို့မျက်နှာပြင်ပေါ်မှာ ၆-ရက်ထိ အသက်ရှည်နိုင်တာကို တွေ့ရှိခဲ့ပါတယ်။

အအေးမိဗိုင်းရပ်စ်ပိုးဟာ ပျက်စီးလွယ်ပါတယ်။ တည်းခိုခန်းထဲမှ မီးခလုတ်၊ တယ်လီဖုန်းတွေကို အအေးမိရောဂါရှိသူ ကိုယ်တွယ်အပြီး တနာရီအကြာမှာ ကျန်းမာသူတွေ ကိုင်တွယ်မိရင် ၆၀-ရာခိုင်နှုန်းဟာ ရောဂါကူးစက်ခံရပြီး ၁၈-နာရီအကြာမှာ ကူးစက်နှုန်းထက်ဝက် လျော့သွားတာကို ၂၀၀၇-ခုနှစ် လေ့လာမှုမှာ တွေ့ခဲ့ပါတယ်။

အရေပြားပေါ်မှာ အအေးမိနဲ့ တုပ်ကွေးဗိုင်းရပ်စ်ဟာ မိနစ်အနည်းငယ်ခန့်သာ အသက်ရှင်ကြပါတယ်။ ဒါပေမဲ့ လူအများစုဟာ နေ့စဉ်လုပ်ဆောင်မှုတွေအတွက် လက်နဲ့ပါးစပ်ကို နေ့စဉ်အကြိမ်များများ ထိတွေ့နေကြတာကြောင့် ရောဂါကူးစက်နိုင်ခြေ များတတ်ပါတယ်။

ဒေါက်တာခင်မိုးမိုး 
(Good Health 3-17-10) 

No comments: