Wednesday, February 16, 2011

အံ့သြဖွယ်ရာ မိဘမေတ္တာ

( ဆိတ်မကြီး မိခင်စိတ် )
ရီရီဝင်းတို့အိမ်တွင် မိဘနှစ်ပါးနှင့် အကိုကြီး မိသားစုတို့ နေထိုင်ကြပါသည်။ အကိုကြီး၏ ဇနီးမှာ ကလေးမီးဖွားပြီး နို့မထွက်သဖြင့် ကလေးအား နို့မှုန့်ကို ဖျော်၍ နို့ဘူးတိုက်ကျွေးပါသည်။ ကလေးမှာ နို့ဘူးမစို့သဖြင့် နို့မှုန့်အမျိုးမျိုးပြောင်း၍ တိုက်ပါသည်။ သို့သော်လည်း ရေဘူးကိုသာစို့ပြီး နို့ဘူးမစို့ပါ။ အိမ်နီးချင်းများ၏ အကြံပေးချက်အရ ဆိတ်နို့ကို ကျိုး၍ တိုက်ကြည့်ရာ အဆင်ပြေသွားပါသည်။


သို့ဖြစ်၍ ဆိတ်နို့ပုံမှန်ရရှိရေးအတွက် အိမ်တွင် သားပေါက်ပြီး ဆိတ်မကြီးကို မွေးထားလိုက်ပါသည်။ ဆိတ်မကြီးမှ နို့ထွက်ရာ ၄င်းနို့ကို ကျိုချက်ပြီး ကလေးကို တိုက်ကျွေးပါသည်။ ရက်၊ လ၊ အကြာ တနေ့တွင် အိမ်ရှေ့ကြမ်းပြင်ပေါ်၌ ကလေးကို ချသိပ်ထားခဲ့ပြီး မိခင်သည် အိမ်အနောက်ထဲဝင်၍ အလုပ်လုပ်နေပါသည်။ အတန်ကြာသောအခါ ကလေးက ငိုနေရာ အိမ်ရှေ့မှဆိတ်မကြီးက အိမ်ပေါ်တက်လာပြီး ကလေးကိုကျော်ခွလျက် နို့တိုက်မည့်ဟန် ပြုနေပါသည်။

ကလေးငိုသံကြား၍ အိမ်ရှေ့ထွက်လာသော ကလေးမိခင်မှာ ထိုမြင်ကွင်းကို မြင်ရသည့်အခါ လွန်စွာအံ့အားသင့်ပြီး ခြံထဲရောက်နေသည့် ကျန်အိမ်သားများကို ခေါ်၍ ပြပါသည်။ အသိဉာဏ်ရှိသော လူသားမိခင်များကို မဆိုထားဘိ၊ အဟိတ်တိရစ္ဆာန်မိခင်များ၌ပင် မေတ္တာစိတ်အပြည့် ရှိကြောင်း သာဓကတခုပင် ဖြစ်ပါသည်။

( ကျီးတို့၏ သံယောဇဉ် )
ကြီးကြီးဝင်းတို့ မိသားစုမှာ ကမ္ဘာအေးမှ စီးဆင်းလာသည့် ပါရမီမြောင်းကြီးဘေးရှိ ခြံကျယ်အတွင်း၌ ဆောက်လုပ်ထားသော နှစ်ထပ်တိုက်အိမ်တွင် နေထိုင်ပါသည်။ ရေမြောင်းကြီး၏ အခြားတဖက်ရှိခြံတွင် ခြံစည်းရိုးနှင့်ကပ်လျက် သရက်ပင်များရှိပါသည်။ ထိုသရက်ပင်ပေါ်တွင် ကျီးများနေထိုင်ပါသည်။

အသား၊ ငါးတို့ကို ကိုင်တွယ်ရာမှ စွန့်ပစ်ရမည့် အဆီဖတ်၊ အမြီးဖျား၊ ခေါင်းဖျား၊ ကလီစာတို့ကို မေမေကြီးက မီးဖိုဆောင်ပြင်ဘက်ရှိ သစ်ငုတ်ဝိုင်းကြီးပေါ်တွင် တင်ထားလေ့ရှိပါသည်။ ထိုအခါ တဖက်ခြံမှ ကျီးဖိုကြီးသည် ဦးစွာဝဲပျံဆင်းလာပြီး ခြံတိုင်ထိပ်တွင် နားလျက် ဟိုဟိုသည်သည် ရန်သူရှိ-မရှိ ကြည့်ပါသည်။

ထို့နောက်မှ အား-အား-အား အော်လျက် ကျီးမနှင့် ကျီးသမီးလေးကို ခေါ်ပါသည် ကျီးဖိုကြီးမှာ လည်တိုင်တုတ်ခိုင်ပြီး ခန္ဓာကိုယ် သွယ်လျပါသည်။ ကျီးသမီးလေးမှာ ငယ်ရွယ်သူဖြစ်၍ ကိုယ်လုံးကိုယ်ထည် သေးသွယ်ပါသည်။ ပါးစပ်ဟလိုက်လျှင် အာခေါင်နီနီရဲရဲလေးကို မြင်ရပါသည်။ မေမေကြီးတို့က အာနီမလေး-ဟု အမည်ပေးထားပါသည်။

ကျီးအဖေနှင့် ကျီးအမေတို့သည် သူတို့၏ သမီးအာနီမလေးကို အရင်စားစေပြီး အကျန်ကို သူတို့စားကြပါသည်။ မေမေကြီးတို့မှာ မီးဖိုတွင်းမှ လှမ်း၍မြင်နေရသော ဤမြင်ကွင်းကို နေ့စဉ် မရိုးနိုင်အောင် ဖြစ်ရပါသည်။ ဤသို့ဖြင့် ရက်လကြာသည့်အခါ အာနီမလေးတွင် ကျီးချစ်သူရလာပါသည်။ ထိုအခါ ကျီးအဖေနှင့် ကျီးအမေတို့သည် ထိုစားကျက်ကို အာနီမလေးနှင့် သူမချစ်သူအား ပေးထားခဲ့ပြီး ၄င်းတို့မှာ စားကျက်သစ်သို့ ပြောင်းရွှေ့သွားကြပါသည်။

တိရစ္ဆာန်ပင်ဖြစ်လင့်ကစား သားသမီးအပေါ် ထားရှိသည့် မေတ္တာတရားကြီးမားလှကြောင်း သာဓကတခုပင် ဖြစ်ပါတော့သည်။

( မိခင်ငါးရံ့များ )
ဧရာဝတီမြစ်အတွင်း မိုးလေငြိမ်သက်သည့် ဆောင်းကုန်နွေကူးကာလတွင် ငါးဖမ်းလှေတို့သည် တောက်-တောက်-တောက် အသံပေးလျက် ငါးရံ့ဖမ်းကြပါသည်။ ထိုအသံ ကြားသည့်အခါ ငါးရံ့တို့သည် ရန်သူနီးကပ်လာကြောင်း သိကြပါသည်။ ရေအောက်တွင် ပါးစပ်ကို ဟလျက် မိမိ၏ သားပေါက်ငါးရံ့လေးများကို လိုက်ခံသိမ်းဆည်းပါသည်။ ပြီးလျှင် ခံတွင်း၌ ငုံလျက် ဝေးရာသို့ ကူးခတ်ပြေးသွားကြပါသည်။

အသက်အောင့်ထားရသဖြင့် ကြာရှည်မနေနိုင်ပါ။ ဘေးလွတ်ရာရောက်လျှင် ငါးသားပေါက်လေးများကို အန်ထုတ်ပြီး ရေပေါ်၌ လေရှူရပါသည်။ တခါတရံ ငါးလေးများကို တကောင်မျှ မကျန်အောင် သိမ်းဆည်းနေမိသည့်အတွက် အချိန်ကြာပြီး ရေလုပ်သားတို့၏ ဖမ်းဆီးခြင်းကို ခံရပါသည်။ ဤသည်မှာလည်း မိခင်ငါးရံ့တို့၏ မေတ္တာစိတ်ကို သိသာစေသော ပြရုပ်တခုပင် ဖြစ်ပါတော့သည်။

( ကြောင်မလေး၏ သတ္တိ )
အန်တီသန်းနှင့် အန်တီကြူတို့မှာ အိမ်မွေးတိရစ္ဆာန် ချစ်တတ်သူများ ဖြစ်ကြ၍ ကြောင်လေးများ မွေးထားပါသည်။ တနေ့ နံနက်စောစော ကြောင်ကလေးနှစ်ကောင် မွေးပါသည်။ အရင်မွေးသည့် ကြောင်ထီးလေးကို ၀မ်းဝမ်း၊ နောက်မွေးသည့် ကြောင်မလေးကို တူးတူး-ဟု အမည်ပေးလိုက်ပါသည်။ ထိုနေ့ နေ့ခင်းပိုင်းတွင် ကြောင်စုန်းကြီးတကောင်သည် အိမ်ခေါင်မိုးမှ တဆင့် မျက်နှာကြက်ပေါ်ခုန်ချရာ မျက်နှာကြက်ပြား ကွဲပြီး ကြောင်စုန်းကြီး အိမ်ထဲသို့ ရောက်လာပါသည်။

ကြောင်စုန်းကြီးသည် ကျားမကြီးတကောင်ကဲ့သို့ အိဖြူနှင့် ကြောင်လေးများဆီသို့ တစွတ်ထိုး ပြေးဝင်ပါသည်။ အိဖြူသည် ကလေးများကို ရင်ခွင်ထဲသို့ ဆွဲသွင်း၍ ဖက်ထားပြီး ၀မ်းခေါင်းသံ၊ အသံနက်ကြီးဖြင့် ပြန်အော်၍ မာန်ဖီတိုက်ခိုက်ပါသည်။ ကြောက်စိတ်ဟူ၍ လုံးဝမရှိဘဲ အသက်ပေး၍ တိုက်ပွဲဝင်တော့မည့်ပုံ ဖြစ်ပါသည်။ အိမ်သားများ သိရှိ၍ ၀ိုင်းဝန်းခြောက်လှန့်သဖြင့် ကြောင်စုန်းကြီး ထွက်ပြေးသွားပါသည်။

သို့သော် အိဖြူမှာ ဒေါသမပြေနိုင်၊ စိတ်မအေးနိုင် ဖြစ်နေပါသည်။ ဦးလေးတော်စပ်သော အခြားကြောင် လေးများဖြစ်ကြသည့် ရှင်းရှင်း၊ သုံးသုံး-နှင့် လေးလေး တို့ကို ရန်လုပ်နေပါသည်။ ဆက်တီခုံ လက်တန်းပေါ်တက်၍ အန်တီကြူ၏ မျက်နှာကို သူ့လက်ဖြင့်ရိုက်ပါသည်။ ယခင်က မလုပ်ဖူးသည့် အပြုအမူများ ဖြစ်ပါသည်။ ထူးခြားသည်မှာ အိဖြူသည် အခြားကြောင်များကိုသာ မကြေနိုင်၊ မချမ်းနိုင် ရန်လုပ်သော်လည်း သူမမိခင် ဘုတ်ဘုတ်-ကိုမူ ရန်မလုပ်ပါ။ တရက်နှစ်ရက်ကြာမှ ပုံမှန်ဖြစ်သွားပါသည်။

ယခင်က မျက်လုံးဝိုင်းဝိုင်းလေးဖြင့် အင်မတန်ကြောက်တတ်သော အိဖြူလေးသည် သားသမီးတို့အား ရန်ပြုမည့်ကြောင်စုန်းကြီးကို တွေ့ရသောအခါ ရဲရဲတောက်သတ္တိတွေ ဖြစ်ပေါ်လာသည်ကို ကိုယ်တွေ့မြင်ရသော အန်တီသန်းနှင့် အန်တီကြူတို့အတွက် မမေ့နိုင်စရာမြင်ကွင်း ဖြစ်ပါတော့သည်။

သီရိစန္ဒာ
(မြတ်မင်္ဂလာ ၂၀၁၀-ခု ဇူလိုင်လ)

No comments: