ကိုဝင်းနိုင်သည် လက်သမားတယောက်ဖြစ်ပြီး ကြက်တိုက်ခြင်းကို အလွန်ဝါသနာပါသူဖြစ်သည်။ အလုပ်အားချိန်တွင် ကြက်တိုက်သည်။ ကြက်သာတိုက်နေရလျှင် ထမင်းမေ့ဟင်းမေ့ ဖြစ်သည်။ တိုက်ကြက်ကောင်းကောင်းကို ရှာမွေးသည်။ ဈေးကြီးကြီးပေးပြီး ၀ယ်သည်။ သူတိုက်လိုက်တိုင်း နိုင်သည်က များသည်။ တိုက်ကြက်အစစ်ဝယ်၍ ပြုစုလေ့ကျင့်မှုကောင်းသောကြောင့်လည်း နိုင်ခြင်းဖြစ်သည်။
သို့သော် ကြက်တွေမှာလည်း အသက်နှင့်ခန္ဓာကိုယ်နှင့် ဖြစ်သည်။ နာကျင်မှုဝေဒနာဒဏ်ကိုလည်း ခံစားရမည်မှာ မလွဲပေ။ ဒါကို ကိုဝင်းနိုင် သတိမထားမိ။ တရက်တော့ တိုက်တိုင်းနိုင်သည့် သူ့ကြက်ဖကြီး ကြက်တိုက်ပွဲတခုတွင် မျက်စိတဖက်ထွက်သွားတော့သည်။ ကိုဝင်းနိုင်ကတော့ ဘာမှမခံစားရပါ။ ကြက်ဖကြီးကို အသားစား ကြက်ရောင်းသမားထံသို့ ရောင်းချပြီး တိုက်ကြက်ကောင်းကောင်း တကောင်ကို ဈေးကြီးကြီးပေးပြီး ၀ယ်တိုက်ပြန်သည်။ သည် ကြက်တိုက် သံသရာထဲမှာ သူဝဲလည်နေသည်။
တကယ်တော့ သူ့အလုပ်က လက်သမားအလုပ်ဖြစ်သည်။ တနေ့ လက်သမားအလုပ်လုပ်ရင်း သူ့ဘက်ဘက်မျက်စိထဲ လွှစာမှုန့်များ ၀င်သွားသည်။ ချက်ချင်း ရေဖြင့်ဆေးကြောသော်လည်း မသက်သာပေ။ မျက်စိက မခံနိုင်အောင် နာနေသည်။ ဘေးလူတယောက်၏ အကြံပေးချက်အရ နနွင်းမှုန့်ဖြင့် မျက်စိထဲ မှုတ်ထည့်လျှင် ပျောက်ကင်းသည်ဟု ပြောသဖြင့် နနွင်းမှုန့်များ မျက်စိထဲ မှုတ်ထည့်လိုက်သည်။ နာလိုက်သည့်ဖြစ်ခြင်း၊ မျက်ရည်တောက်တောက်ကျပြီး တညလုံး အော်နေရသည်။
နောက်နေ့မနက်ကျတော့ ဒဏ်ရာရထားသော သူ့ဘယ်ဘက်မျက်စိသည် ဘာမှမမြင်မရတော့ဘဲ ကွယ်သွားသည်။ တတ်နိုင်သမျှ ဆေးမြီးတိုများဖြင့် ကုသသော်လည်း မရတော့ပေ။
ရန်ကုန်သို့ဆင်းလာပြီး မျက်စိအထူးကုဆေးရုံတွင် ပြရတော့သည်။ မျက်စိမှာ တိမ်စွဲနေပြီး ခွဲစိတ်ရမည်ဖြစ်ကြောင်း သိရသည်။ ခွဲစိတ်ရမည်ဆိုတော့မှ မျက်စိထွက်သွားသော တိုက်ကြက်ဖကြီးကို သတိရမိတော့သည်။
ဝဋ်ဆိုတာ ဒါပဲဖြစ်မည်။ ကြက်ကြီးခံစားရသလို သူလည်း ခံစားရတော့မည်။ နောက်တခါ ကြက်တိုက်ဖို့ရန်လည်း မဖြစ်နိုင်တော့ပေ။ မျက်စိခွဲလျှင်တောင် ပြန်ကောင်းနိုင်ပါ့မလား၊ ခွဲစိတ်မှုအားလုံး အောင်မြင်အောင် ဘုရားမှာ ဆုတောင်းရန်ကလွဲပြီး ဘာမှမရှိနိုင်တော့ပါပေ။
ကိုကြီးတွေ
(မြတ်မင်္ဂလာ ၂၀၁၀-စက်တင်ဘာလ)
No comments:
Post a Comment