Tuesday, March 1, 2011

ရွတ်ဖတ်ခဲ့သော ဂါထာတော်၏ အကျိုးကျေးဇူး


ကျွန်မတို့မိသားစုများသည် ငယ်စဉ်အချိန်မှစ၍ ဖခင်ပြောင်းရွှေ့နေထိုင်ရာ မြို့ကြီးများသို့ လိုက်ပါနေထိုင် ခဲ့ကြရပါသည်။ ထိုသို့ပြောင်းရွှေ့နေထိုင်ခဲ့ကြရာတွင် ခရီလမ်းကြောင်းများမှာ အမျိုးမျိုးရှိခဲ့ပါသည်။ လေယာဉ်၊ ရထား၊ ကား၊ သင်္ဘော စသည်ဖြင့် အဆင်ပြေသလို ခရီးစဉ်များဖြင့် သွားလာခဲ့ရပါသည်။ ထိုသို့ ခရီးလမ်းကြောင်းများ သွားလာနေရသောကြောင့် မိခင်ကအလွယ်တကူ ရွတ်ဖတ်တတ်ရန် ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ-ဟူ၍ သင်ကြားပေးခဲ့ပါသည်။

ကျွန်မတို့သည် မနက်မိုးလင်း မျက်နှာသစ်မည်ဆိုလျှင်ပင် ရေခွက်ကိုင်ကာ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ-ဟုဆိုကာ သစ်ရပါသည်။ ထမင်းစားလျှင်လည်း ထိုသို့ရွတ်ဆိုကြရပါသည်။ ကြာသောအခါ ထိုဂါထာကို ပါးစပ်မှ တတွတ်တွတ် ရွတ်ဆိုတတ်လာခဲ့ပါသည်။ အကျင့်တခုလို ဖြစ်ခဲ့သောကြောင့် အချိန်ရတိုင်း ရွတ်ဆိုနေခဲ့မိပါသည်။
ကျွန်မ အလယ်တန်းကျောင်းသူဘ၀ နေ့လယ်ကျောင်းဆင်းချိန်တွင် အိမ်သို့ပြန်၍ ထမင်းစားကြပါသည်။
ကျွန်မတို့အိမ်မှာ ကျောင်းနှင့်ဝေးသောကြောင့် စက်ဘီးစီးကာ အိမ်ပြန်ကြရပါသည်။ ထုံးစံအတိုင်းပင် ကျွန်မသည် ရွတ်နေကျဂါထာလေးကို ရွတ်ဆိုခဲ့ပါသည်။ ကျွန်မတို့ကျောင်းရှေ့လမ်းမှာ အနည်းငယ်ကျဉ်းပါသည်။ ကျွန်မ၏ ဘေးဘက်တွင် သူငယ်ချင်းတဦးကလည်း စက်ဘီးနှင့် ဘေးသို့ကပ်စီးလာခဲ့ကြပါသည်။ 

ထိုစဉ်မှာပင် ကျွန်မတို့နောက်မှ ဂျစ်ကားတစီးသည် ဟွန်းသံပေးကာ ဖြတ်လာခဲ့ပါသည်။ ကျွန်မနှင့် သူငယ်ချင်းမှာလည်း ဘေးသို့ အတတ်နိုင်ဆုံး ကပ်ရှောင်ခဲ့ပါသည်။ ထိုစဉ် ကျွန်မလွယ်အိတ်မှာ သူငယ်ချင်းစက်ဘီးလက်ကိုင်နှင့် ငြိမိပါသည်။ ဂျစ်ကားနှင့်လွတ်သွားသော်လည်း ကားဘီးအပို (စပယ်ယာဘီး) မှာ ဘေးထွက်နေသဖြင့် ကျွန်မဘေးကို ၀င်တိုက်မိပါတော့သည်။ ဘေးဘက်တွင်လည်း သူငယ်ချင်းဘီးနှင့် ငြိနေမိပြီ၊ ဒီဘက်တွင်လည်း ကားဘီးအပိုနှင့် တိုက်မိပြီး ညှပ်ပိတ်မိပါသည်။ လက်တွင်ပတ်ထားသော နာရီမှာ ပြုတ်ကျသွားခဲ့ပါသည်။ ကားမှာ ချက်ချင်းရပ်လိုက်ပါသည်။ ရုတ်တရက်ဖြစ်၍ ရှောင်ချိန်ပင် မရလိုက်ပါ။

ကျောင်းဆင်းချိန်ဖြစ်သောကြောင့်လည်း ကျောင်းသူ ကျောင်းသားများစွာ၏ ရှေ့ဖြစ်၍ ကျွန်မ ရှက်မိကာ မျက်လုံးများ ပြာဝေခဲ့ရပါသည်။ ကျွန်မ သတိထားမိသောအချိန်တွင် စက်ဘီးရှေ့ဘီးမှာ ကားဘီး၂-ခုကြားတွင် ရောက်နေခဲ့ပါသည်။ ကျွန်မက လမ်းပေါ်မှာရပ်လျက် စက်ဘီးကိုကိုင်ထားသော အနေအထားဖြစ်နေပါသည်။ ကားပေါ်တွင် ပါလာသူများက ဘာဖြစ်သွားသေးလဲဟု အမြန်ပင် မေးခဲ့ကြပါသည်။ ကျွန်မက ကြောင်တောင်စွာပင် ဘာမှမဖြစ်ပါဘူး-ဟု ပြောခဲ့ပါသည်။ ကျွန်မလည်း ကျွန်မ၏နာရီကြိုးပြတ်လေးကို ကောက်ယူ၍ လွယ်အိတ်ထဲသို့ထည့်ကာ အိမ်သို့စက်ဘီးနင်းပြီး ပြန်လာခဲ့ပါတော့သည်။

ဤအဖြစ်အပျက်ကလေးက တဒင်္ဂပင်ကြာပါသည်။ ကျွန်မ အိမ်ရောက်၍ တွေးကြည့်မှပင် ကြောက်စရာကောင်းမှန်း သိခဲ့ရပါသည်။ ၃-ရက်လောက် လက်နာ၍ ရောင်နေခဲ့ပါသည်။ ဘယ်ဘက်လက်ကို ချိတ်မိ၍ တော်ပါသေးသည်။ ညာဘက်မှ စာရေး၍ ရသောကြောင့် ကျောင်းခွင့်မယူခဲ့ရပါ။ စေ့စေ့တွေးကြည့်လေ ကျွန်မ လန့်ရလေပင်။ အကယ်၍များ ကားသည် အရှိန်ဖြင့်မောင်းနှင်ခဲ့ပါက ကျွန်မ ကားဘီးအောက်သို့ ကျရောက်မည့်အဖြစ်ပင်။ ကျွန်မ ကံကောင်းခဲ့ရပါသည်။ ထိုသို့ ကံကောင်းခဲ့ခြင်းမှာ ကျွန်မရွတ်ဖတ်ခဲ့သော ဂါထာတော်၏ အစွမ်းပင် ဖြစ်လိမ့်မည်ဟု ယုံကြည်မိပါသည်။

ခိုင်သီထွန်း(ကသာမြေ)
(မြတ်မင်္ဂလာ ၂၀၁၀-စက်တင်ဘာလ)

No comments: