Wednesday, March 2, 2011

ကူတာဟာ လှူတာပါပဲ


ကားမှတ်တိုင်မှာ စီးရမယ့်လိုင်းကားကို စောင့်ရင်း ပုံစံအမျိုးမျိုး၊ အရောင်အဆင်းစုံစုံ၊ အမျိုးအမည် အစားစားသော ကားကြီးကားငယ်တွေ လမ်းပေါ်မှာ တစီးတစီး ထပ်လုမတတ် မောင်းသွားနေကြတာ တွေ့ရတော့ အမေ့ကို အောက်မေ့သတိရမိပါတယ်။

အမေဟာ သူတပါးကို အလွန်ကူညီတတ်တဲ့ အမျိုးသမီးကြီးပါ။ နေထိုင်တဲ့အရပ်မှာ သူပေးနိုင်တဲ့ အကူအညီမှန်သမျှ ဘယ်သူ့ကိုမဆို ပေးတတ်သလို အစိုးရဌာနမှာလည်း အလုပ်လုပ်တော့ သူ့လုပ်ဖော်ကိုင်ဖက်တွေကို တကယ့်စိတ်ရင်းစေတနာနဲ့ အမေကူညီတတ်ပါတယ်။ 

အမေကူညီကောင်းပုံ မှတ်မိတာတွေထဲမှာ အာမခံပြီး ငွေချေးပေးတာ ယူတဲ့သူပြန်မဆပ်နိုင်တော့ အမေကပဲ စိုက်ဆပ်ပေးခဲ့တာတွေ၊ မိသားစုငှါးနေတဲ့အိမ်ဟာ နေရထိုင်ရတာ အစစအဆင်ပြေနေပါလျက် ရပ်ဆွေရပ်မျိုးမို့ပါဆိုပြီး သူပိုင်တဲ့အိမ်ဆီ ပြောင်းရွှေ့နေထိုင်ဖို့ တစာစာလာပြောတဲ့ လူရဲ့အိမ်ကို အားနာပါးနာနဲ့ ကူညီပြောင်းနေပေးခဲ့တဲ့အမေ။ 

ဘာမှမကြာလိုက်ဘူး။ အဲဒီလူကပဲ ပြန်ပြောင်းပေးပါဦးလို့ ဘာပြဿနာမှမဖြစ်၊ ဘယ်လိုမှ သဘာဝမကျဘဲ ပြောင်းခိုင်းတော့ ပြန်ပြောင်းပေးခဲ့တာ။ စီးပွားရေးတွက်မဟုတ်ဘဲ လှူချင်ကူချင်တဲ့စိတ်က ပိုတာကြောင့် မော်လမြိုင်ကောလိပ်မှာ ထမင်းဟင်းဆိုင်ဖွင့်ပြီး ကျကျနနချက်ပြုတ်ရောင်းတော့ အမြတ်မထွက်ဘဲ အမေအရှုံးပေါ်ခဲ့တာ။ စာရေးသူရဲ့ ညီအငယ်ဆုံးရဲ့ အင်္ဂလိပ်စာ သင်ပေးတဲ့ဆရာ၊ ဆရာမမို့ဆိုပြီး သူတို့ကလေးနဲ့ ထမင်းချိုင်းတောင်းဆို ကောင်းပေ့ဆိုတဲ့ ဘိုစာတွေချည်း ချက်ကျွေးရင်း အမေလည်း အကြွေးတောင်တင်ခဲ့တာ။ အများကြီးပါပဲခင်ဗျား။

မကြာမကြာဆိုသလို နှုတ်မြိန်တတ်တဲ့ ဟင်းကောင်းကျွေးကောင်းတွေချက်၊ အိမ်နီးနားချင်းတွေဆီပို့ အခါကောင်းရက်ကောင်းတွေမှာလည်း လှူ၊ လှူပြီဟေ့ဆိုတော့လည်း အိမ်ဖို့၊ သူ့ဖို့ပင် မချန်နဲ့၊ လာသမျှသော ဧည့်သည်တွေ အကုန်သာ ကျွေးတတ်တဲ့အမေပါပဲ။ ဆွမ်းခံကိုယ်တော်များ၊ သီလရှင်များကိုလည်း လောင်းလှူကျွေးမွေးမြဲလုပ်သလို ၀ါတွင်းကာလတိုင်း နံနက်လင်းအားကြီးမှာ ဘွန္တောလိုက်အော်တဲ့ နိဗ္ဗာန်ဆော် ဥပါသကာတွေကို အိမ်မှာခေါ်ပြီး လက်ဖက်ရည်နဲ့ မုန့်များကျွေးမွေးဧည့်ခံတတ်တဲ့တာကိုလည်း မှတ်မိသတိရပါတယ်။

တနေ့တော့ အမေရုံးသွားတာ စာရေးသူက ကားမှတ်တိုင်လိုက်ပို့ပါတယ်။ ကားစောင့်ရင်း ကိုယ်ပိုင်ကားတွေ ဥဒဟိုဖြတ်သွားတာတွေကိုကြည့်ပြီး အမေသာဆိုရင် ဒီကားမှတ်တိုင်မှာ စောင့်နေတဲ့လူတွေကို ကြုံတဲ့အထိ တင်ခေါ်သွားမှာပဲ-လို့ ပြောလိုက်ပါတယ်။  စာရေးသူက အမေ့ကိုကြည့်ပြီး ပြုံးရယ်မိပါတယ်။ ငါ့သားက ဘာလို့ ရယ်တာလဲမေးတော့ အမေရယ် ကိုယ်ပိုင်ကားစီးနိုင်တဲ့အခါကျတော့ ကိုယ်သွားချင်တဲ့ခရီးကို သွားတဲ့အခါ ခရီးအကွာနဲ့ အချိန် ကိုက်ပြီးမှ သွားကြတော့ ဒီလိုလူတွေကို လမ်းကြုံ အမေ ဘယ်ခေါ်တင်နိုင်တော့မှာလဲ အမေရဲ့-လို့ ပြန်ပြောမိပါတယ်။ ဒါကြောင့် သားရယ်တာပေါ့လို့ပြောတော့ အင်း-ဒီလိုတော့လည်း ဟုတ်မှာပဲ-လို့ အမေ ပြောပါတယ်။

ဒီလိုသာ ပြောပေမယ့် တကယ်တမ်းသာ သားတွေက အရှာအဖွေ အလုပ်အကိုင်ကောင်းပြီး အမေသာ ကားစီးနိုင်ခဲ့ရင် ဖြစ်တဲ့နည်းနဲ့ ကူညီနေဦးမှာပဲဆိုတာ တွေးမြင်ယောင်မိပါတယ်။ ကိုယ့်အမေမှ မဟုတ်ပါဘူး။ လောကမှာ ဒီလိုကူညီတတ်ကြသူတွေ အမြောက်အမြားပဲရှိကြပါတယ်။ လှူဒါန်းတတ်ကြတဲ့သူတွေဟာ ကူညီတတ်ကြမြဲပါပဲ။ လူမှုရေးပိုင်းကကြည့်တော့ ကူညီတာတခုဟာ ဘာသာရေးဘက်က ကြည့်မယ်ဆိုရင် ဒါဟာ ဒါနပါပဲ။ ကုသိုလ်ကောင်းမှုပဲလို့ မြင်ပါတယ်။

တရက်မှာ ရုံးကားဖယ်ရီကို စောင့်နေတုန်း၊ ဖယ်ရီလာသင့်ချိန် မလာတော့လို့ ကုန်းကြောင်းနှင်ရမလား၊ လိုင်းကားပဲ ပြေးစီးရမလား၊ ဆိုက်ကားငှါးရမလားလို့ ဝေခွဲမရဖြစ်ချိန်မှာ ကိုယ့်ရှေ့မှာ ကားကလေးတစီးက လျှောခနဲထိုးဆိုက်ပြီး လာလေ-ဦးစိုးမြင့်-တဲ့။ ခေါ်လိုက်တဲ့ ယာဉ်မောင်းလုပ်သူကို ကြည့်တော့ သူငယ်ချင်းတယောက်ရဲ့အလုပ် တပည့်တရားရုံးချုပ်ရှေ့နေ ကိုရဲကျော် ဖြစ်နေတာ တွေ့ရပါတယ်။ 

သူလိုက်ပို့ပေးလို့ ကိုယ်ရော ရုံးအဖော်ပါ ရုံးကို အချိန်မီ သက်သက်သာသာနဲ့ ရောက်ခဲ့ရပါတယ်။ ဒီလိုပါပဲ မကြာခဏဆိုသလို ကိုယ့်မိတ်ဆွေတွေ၊ သားရဲ့သူငယ်ချင်းတွေက သူတို့ကားနဲ့ ကြုံတဲ့အခါတိုင်း ကူညီတင်ခေါ်ပြီး သွားလိုရာကို ပို့ပေးကြပါတယ်။ ကျေးဇူးမှတ်တမ်းတင်ရပါတယ်။ ဒါဟာ ခရီးတခုကို ပို့ဆောင်ကူညီတာပါ။

တလောတုန်းကတော့ မြောင်းမြမှာနေတဲ့ လေးလေးကြီးတယောက် စာရေးသူရဲ့ရုံးကို ရောက်လာပါတယ်။ လေးလေးကြီးဆိုတာ အမျိုးသား စာပေဆုရ စာရေးဆရာကြီး လေးမြင့်-ပါ။ ရန်ကုန်ကိုရောက်ရင် ဒီလိုပဲ အိမ်ကိုဖြစ်ဖြစ်၊ ရုံးဖြစ်ဖြစ် ၀င်လာတတ်ပါတယ်။ ဒီတခေါက်လာတော့ လေးလေးက နေကာမျက်မှန်ကြီးနဲ့ မျက်စိခွဲထားလို့လား မေးကြည့်တော့ ဟုတ်တယ်တဲ့။ ၀ယ်သူ့စိတ်ကြိုက် စာတည်းချုပ် အကိုသင်းအောင်-က သိကျွမ်းခင်မင်တဲ့ ဆရာဝန်ဆေးခန်းဆီ လိုက်ပို့ကူညီခဲ့တာ၊ လေးလေးရဲ့မျက်စိ ခွဲစိတ်ကုသခံယူမှု စရိတ်အားလုံးကို တာဝန်ယူ ကူညီလိုက်တယ်လို့ သိလိုက်ရပါတယ်။ အကိုသင်းအောင် လိုက်ပို့တဲ့ ခရီးက ပေါက်ရောက်လှလို့ ပီတိဖြစ်လိုက်ရတာခင်ဗျား။

လေးလေးဆိုတာ စာရေးသူတို့နဲ့ တဌာနတည်းမှာ ကာလအကြာကြီး အတူတကွလုပ်ကိုင်ခဲ့ကြပြီး ကိုယ့်အတွက် ဦးကြီး ဘကြီးဆိုလည်းဟုတ် ဆရာဆိုလည်း ဟုတ်တာမို့ ပုဂ္ဂိုလ်ရေးအရ ၀မ်းသာလိုက်တာ။ ဆရာမကို မမြင်ဖူး မသိဖူးပေမယ့် ကျေးဇူးများလှမ်းတင်ပြီး လေးစားမိပါတယ်။ သာဓုခေါ်မိပါတယ်။

Money speaks, man listens-ပါတဲ့။ ကြားဖူးတဲ့စကားတခွန်းက လူဟာ ငွေဆီမှာ ယဉ်ကျေးကျိုးနွံနေတယ်လို့ သရော်ထားတာပါ။ သည်းခြေကြိုက်ဆိုပြီး အရုပ်ဆိုး အကျည်းတန် လောက်အောင် ငွေနောက်လိုက်နေကြပုံတွေမှာ အခုလို ကူတာလှူတာမျိုးတွေ လောကရဲ့ အသရေကို တင့်တယ်အောင် ဆောင်ကြဉ်းနေပါတယ်။ ဒီလိုမျိုး ပကာသနမပါ ကူညီတတ် လှူဒါန်းတတ်တဲ့ အထဲ ကိုယ်တိုင်လည်း ပါဝင်ချင်သလို မော်တော်ကားလောကက မောင်းကြ နှင်ကြ ရောင်းကြ ၀ယ်ကြသူတွေလည်း စီးနင်းသူ ၀ယ်ယူသူ အသုံးပြုသူတွေ မထိခိုက် မနစ်နာစေဘဲ ကူတတ်လှူတတ်သူတွေအဖြစ် ပါဝင်သည်ထက် ပါဝင်လာနိုင်ကြပါစေလို့ ဆန္ဒဖြစ်မိပါတယ်။

ရဲထွတ်နီ
(၀ယ်သူ့စိတ်ကြိုက် ဂျာနယ် ၂၀၀၅-ဖေဖော်ဝါရီလ)

No comments: