Thursday, March 3, 2011
သိပ္ပံအမြင့်နှင့် ဗုဒ္ဓအဘိဓမ္မာ ( ၉ )
ဂါဒီးယန်း ဦးစိန်ဝင်းနှင့် ဒေါက်တာဦးနေ၀င်း-တို့မေး၍ အမရပူရ မဟာဂန္ဓရုံဆရာတော် ဖြေသည်။
(မေး) အရှင်ဘုရား၊ ဗုဒ္ဓဘာသာမှာ အမျှဝေခြင်း၊ ဆုတောင်းခြင်း၊ မေတ္တာပို့ခြင်းဆိုတာ ဘယ်လိုအကျိုးရှိပါသလဲ။
(ဖြေ)
     မေတ္တာပို့တာ ပြောကြစို့၊ မေတ္တာက ဘုန်းကြီးလည်း အင်မတန် အားကိုးတယ်။ ဆိုပါတော့လေ ဒကာစိန်ဝင်းက ဘုန်းကြီးကို တမင်တော့ ပို့ချင်မှ ပို့မယ်။ မြင်တယ်ဆို မေတ္တာရောက်နေပြီ။ ဘုန်းကြီးကလည်း ဒကာစိန်ဝင်းကို မြင်တယ်ဆိုရင် မေတ္တာရောက်နေပြီ။ တမင်ပို့တာတောင် မဟုတ်သေးဘူး။ ဒီတော့ စကားပြောတို့ဘာတို့မှာ အမှားပြောလည်း သည်းခံတယ်။ အမှန်ပြောလည်း လက်ခံတယ်။ မေတ္တာဟာ ဒီလောက်သတ္တိရှိတယ်။
ဗုဒ္ဓ၏မေတ္တာတော်---
     ဗုဒ္ဓမြတ်စွာတို့လို အလေ့အထရပြီးသား ပုဂ္ဂိုလ်တွေရဲ့မေတ္တာဟာ အလွန်ကို ကြီးကြီးကျယ်ကျယ် သတ္တိရှိတယ်။ နာဠာဂီရိဆင်ကြီးက ဗုဒ္ဓမြတ်စွာကို နင်းသတ်ဖို့ရန် ခါတိုင်း အရက်တလုံးတိုက်တဲ့ဥစ္စာဟာ ၁၆-လုံးလောက် တိုက်ပြီးတော့ ဘုရားကြွလာမယ့်လမ်းကို လွှတ်ထားတယ်။ ဗုဒ္ဓမြတ်စွာရဲ့မေတ္တာက ဟန်ဆောင်မေတ္တာ မဟုတ်ဘူးလေ။ အင်မတန်ကြီးကျယ်တဲ့ မေတ္တာနဲ့ အာရုံပြုပြီးတော့ နေလိုက်တာ ဒီနားလည်းရောက်ရော တခါတည်း ဒူးတုပ်ပြီးတော့ ဆင်တုပ်ပေါ့လေ။ ဆင်တုပ်-တုပ်ပြီးတော့ နေရှာတယ်။ မေတ္တာဟာ အဲဒီလောက် သတ္တိရှိတယ်။ အဲဒီလောက် စွမ်းတယ်။ စေတနာရဲ့ သတ္တိရှိသလိုပေါ့။ မေတ္တာလည်း မေတ္တာနည်းနဲ့ သတ္တိသိပ်ရှိတာပဲ။
စာသင်သားဘ၀---
     မေတ္တာဟာ မေတ္တာစစ်မှ ကောင်းတယ်။ စာသင်သားဘ၀တုန်းက ဘုန်းကြီးက ဆွမ်းဟင်းမရဘူး။ မေတ္တာကိုတော့ သိပ်ယုံကြည်တယ်။ ဘုန်းကြီးက ညကျတော့ ဆွမ်းခံလမ်းက အိမ်တွေကို မှန်းပြီးတော့ မေတ္တာပို့တယ်။ ဘာဖြစ်လို့ ပို့တုန်းလို့မေးရင် ဆွမ်းဟင်းလေးဘာလေး ရအောင်လို့ ပို့တာပဲနော်။ မေတ္တာပို့တယ်။ မနက်ဖြန်ကျတော့ တခါတရံ ဆွမ်းလောင်းတတ်တဲ့သူက ဆွမ်းဟင်းလောင်းတယ်။ ငါ့မေတ္တာ တော်တော်စူးရှတာပဲ။ နောက်တရက်ကျတော့ အဲဒီအိမ်က မလောင်းဘူး။ ဘုန်းကြီးက ငါ့မေတ္တာ ဘယ်နှယ်ဖြစ်သွားပါလိမ့်။ ဘယ်နှယ်မှ မဖြစ်နဲ့လေ၊ ငါကလည်း သူတို့ ချမ်းသာစေဖို့ထက် ငါချမ်းသာစေ ဖို့က အရေးကြီးတဲ့ မေတ္တာ၊ ဘယ်လို စူးမှာတုန်းလို့။ အဲဒီလို အနေမျိုးနဲ့ ဖြေခဲ့တယ်လေ။
နွားမကြီး မေတ္တာ---
     မေတ္တာဟာ တကယ့်စေတနာနဲ့ပို့တဲ့ မေတ္တာဖြစ်ရမယ်။ တခါတုန်းက နွားမကြီးက နွားကလေးကို နို့်တိုက်နေတယ်။ နို့တိုက်နေတဲ့ဥစ္စာဟာ သားကလေးအပေါ်မှာ မေတ္တာအင်မတန် ကြီးကျယ်မနေပေ ဘူးလား။ အဝေးက လှံနဲ့လှမ်းပြီးတော့ ထိုးတာ၊ လှံရွက်ဟာ ထန်းရွက်လိုပဲ လျှောကျသွားတယ်။ မစူးဘူး။ ဒါ မေတ္တာရဲ့ အစွမ်းနော်။ မေတ္တာရဲ့ အစွမ်း။ ခုနကလိုပေါ့လေ၊ မရိုးမသား ဆိုရင်တော့လည်း ဘုန်းကြီးလို ဖြစ်ချင်ဖြစ်မှာပေါ့။ ရိုးရိုးသားသားနဲ့ မေတ္တာတွေဟာ တော်တော်စွမ်းပါတယ်။ တော်တော့်ကို စွမ်းပါတယ်။
အမျှဝေတယ်ဆိုတာ---
     အမျှဝေတယ်ဆိုတဲ့ဥစ္စာက ဒီလို၊ ဘုန်းကြီးတို့ စာထဲမှာ ပတ္တိဒါန၊ ကိုယ်ရတဲ့ အလှူဒါနကို ကိုယ်ပြုတဲ့ အလှူဒါနကို သူတို့လည်းပဲ ကိုယ်ကုသိုလ်ရသလို ရကြပါစေတော့လို့ ဆိုတာကို အမျှဝေ-လို့ ခေါ်တယ်။ အဲဒီ အမျှဝေတာက အရာရာ အကြောင်းညီညွတ်မှ အကျိုးရတယ်။
သီလမရှိသူကို လှူပြီး အမျှမဝေနဲ့---
     လူတယောက် သူ့ရဲ့ဆွေမျိုးက ဟိုဘက်ဘ၀ရောက်သွားပြီ၊ အိပ်မက်ကလေးဘာလေး ပေးလို့မို့ ဘ၀လွဲနေပြီဆိုတာလည်း သူသိပြီ၊ ဒါကြောင့် သူကိုးကွယ်တဲ့ ဘုန်းကြီးကိုပင့်ပြီးတော့ ဆွမ်းကျွေးတယ်။ ဆွမ်းကျွေးတော့ အမျှ-အမျှ-လို့ဆိုတော့ ဟိုကလည်း သေသေချာချာ သာဓုခေါ်မယ်လို့ စောင့်နေတာ၊ ဒါပေမယ့် ဘာမှမရဘူး။ ထပ်ပြီးတော့ အိပ်မက်ပေးပြန်တယ်။ ခုန ဘုန်းကြီးပဲပင့်ပြီးတော့ ဆွမ်းကျွေး အမျှဝေတယ်၊ မရဘူး။ တတိယ ခုလိုပဲ အိပ်မက်ပေးဟန်တူတယ်။ တတိယအကြိမ် အမျှဝေတော့ ငါ့အတွက် ရမယ့်ပစ္စည်းကို ဒုဿီလကြီး စားသွားပြီလို့ အိပ်မက်ပေးတယ်တဲ့။ သူကိုးကွယ်တဲ့ဘုန်းကြီးက သီလမရှိဘူး။ သီလမရှိတဲ့သူကို လှူဒါန်း အမျှဝေတော့ ဟိုမှာ အမျှမရဘူး။ သာဓုခေါ်မယ်လို့ကို စောင့်နေတာ၊ မရဘူး။
သံဃာလှူပြီး အမျှဝေပါ---
     ဘုန်းကြီးက ဘာကို လေ့လာတုန်း၊ ဘာကို ဟောတုန်းဆိုရင် ပုဂ္ဂိုလ်ကိုလှူပြီးတော့ အမျှမဝေနဲ့။ ဘယ်ပုဂ္ဂိုလ်မှ စိတ်မချရဘူး။ ဒီတော့ သံဃာကိုလှူပါ၊ သံဃဿ ဒေမ၊ ဆွမ်းတအုပ်နဲ့ သံဃဿ ဒေမ-လုပ်ပါ။ သံဃာကိုလှူပြီးတော့ အမျှဝေလို့ရှိရင် အမျှရပါတယ်။
တောင်သမန်ကျောင်းအမကြီး---
     ဒါနဲ့စပ်ပြီးတော့ ၀တ္ထုတခု ပြောမယ်။ မှတ်စရာတွေမို့လို့ အားလုံး မှတ်ရအောင်။ ဘုန်းကြီးတို့ တောင်မြို့မှာပဲ၊ ဘုန်းကြီးတို့ အရင်က တံတားကူးပြီးတော့ ဟိုဘက်မှာ ကျောင်းတိုက်တတိုက် ရှိပါတယ်။ တောင်သမန်တိုက်လို့ခေါ်ပါတယ်။ အဲဒီကျောင်းဒကာ ကျောင်းအမကြီးတွေက အင်မတန် သူတော်ကောင်းတွေ။ ကျောင်းဒကာကြီးက အစောကြီးဆုံးတဲ့လက္ခဏာရှိတယ်။ ကျောင်းအမကြီးက အင်မတန် သူတော်ကောင်းတယ်။ ကျောင်းလည်းဆောက်တယ်။ နွေအခါကျတော့ရေအိုးတွေလည်း တည်တယ်။ အများသောက်ဖို့။ ဒါနဲ့ သူ့ကို ကျောင်းအမကြီးဆိုတဲ့ နာမည်ထက် ရေချမ်းအမကြီးလို့ နာမည်တွင်နေတယ်။
သေခါနီး ငိုကြလို့ တစ္ဆေဖြစ်---
     နောက် ဒီဒကာမကြီး ဆုံးသွားတယ်။ ဆုံးသွားတော့ ပထမ အသုဘပြုတဲ့နေရာမှာ ကုသိုလ်တွေ ပြုတယ်။ နောက်တခါ ရက်လည်ဆွမ်းဆိုပြီးတော့ ကျွေးတယ်။ ကျွေးတော့ ခုနက သူကိုးကွယ်တဲ့ ဆရာတော်ကြီး ကြွလာပြီးတော့ တရားတွေဟောတယ်။ ပြီးတော့ အလှူဒါနတွေကို ရေစက်ချပြီးတော့ အမျှဝေကြတယ်။ အဲဒီလို အမျှဝေပြီးတော့ ဆရာတော်ကြီး ပြန်သွားရော၊ ပြန်သွားတော့ ဘုန်းကြီးတို့နားမှာ တံတားရှိတယ်မဟုတ်လား၊ အင်းကြီးကူးတဲ့တံတား။ တံတားကို တော်တော်သွားမိတဲ့ အခါကြတော့ ဆရတော်ဘုရား။ ဆရာတော်ဘုရား-လို့။ ဟဲ့ တို့ကျောင်းအမကြီး အသံပါလားလို့။ ဟုတ်တယ် ဘုရား၊ ဟုတ်တယ်ဘုရား။ ဘာဖြစ်နေတုန်း။ တပည့်တော် သေခါနီးမှာ ဆွေမျိုးတွေက သားတွေ သမီးတွေကပေါ့လေ ငိုကြလို့။ သေခါနီးနော် ငိုကြလို့၊ သူတို့ကို စွဲလမ်းသွားပြီးတော့ တပည့်တော် တစ္ဆေပြိတ္တာ ဖြစ်နေတယ်ဘုရား။ ကျောင်းအမကြီး၊ သူတော်ကောင်းကြီး တစ္ဆေပြိတ္တာ ဖြစ်နေတယ်။
ရေတံခွန်တောင် ခေါ်သွားလို့---
     သင်္ချိုင်းမှာ လှူကြတန်းကြတုန်းက တပည့်တော် ဘာမှမသိလိုက်ပါဘူး။ တပည့်တော် အဖော်တစ္ဆေတွေက ရေတံခွန်တောင်ကို ခေါ်သွားလို့မို့ တပည့်တော် ဘာမှ မသိလိုက်ပါဘူး။ တစ္ဆေဆွေကလည်း အင်မတန် ညစ်တယ်။ ဒီလိုဂုဏ်ရှိ သိန်ရှိ ကျောင်းအမကြီးက လိုချင်ရင် ဟိုက ဆွမ်းကပ်ကြ၊ ဘာလုပ်ကြ၊ အဲဒီလို ကျွေးကြမွေးကြမို့၊ သူတို့လည်း စားရသောက်ရမယ် မဟုတ်လား။ ဒီလို ဂုဏ်ရှိသိန်ရှိ တစ္ဆေကို ကျွတ်သွားမှာ သိပ်စိုးတယ်။ ပြိတ္တာပေါ့လေ။ ကျွတ်သွားမှာ သိပ်စိုးတယ်။ ဒါကြောင့် ရေတံခွန်တောင် ခေါ်သွားကြတယ်။ ရေတံခွန်တောင် သက်သက်ကို  ခေါ်သွားတော့ ဒီက အလှူအတန်းတွေ ဘာမှမသိရှာဘူး။
အမျှရလို့ ကျွတ်သွား---
     နောက်တော့ သူတို့က မခေါ်ခင် ဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ်ပေါ့လေ၊ ဆွမ်းသွတ်မယ်လို့ဆိုတော့ အမေကြွပါ-လာပါ၊ ဖိတ်မှာပေါ့လေ၊ အဲဒါနဲ့ သူရောက်တယ်။ ကနေ့တော့ ဆရာတော်ဘုရား ဟောတော်မူတဲ့ တရားတွေလည်း ကြားရပါတယ်။ နာရပါတယ်။ အမျှလည်းရပါတယ်ဘုရား။ တပည့်တော် ခုပဲ ကျွတ်တော့မယ်ဘုရားလို့ အသံပျောက်သွားတာပဲ။ ဒီတော့ အမျှဝေတာက အကျိုးရှိတဲ့သူမှာတော့ သိပ်ရှိတယ်။ အကျိုးမရှိတဲ့သူတွေတော့ မရှိပါဘူး။
စနစ်တကျ အမျှဝေ---
ဆုမတောင်းပါဘူး ဓိဋ္ဌာန်တာပါ---
     ဆုတောင်းတာ ဗုဒ္ဓမြတ်စွာ ဘုရားဖြစ်ဖို့ရန် ဆုတောင်းတယ်လို့ သူတို့ဆိုတယ်။ အမှန်ကတော့ တပည့်တော် ဘုရားဖြစ်ရပါလို၏-လို့ ဆုမတောင်းပါဘူး။ အောက်ကျနောက်ကျ ဒီလိုမလုပ်ပါဘူး။ ဒါပေမယ်လို့ ဗုဒ္ဓေါ ဟေဿံ-ငါဘုရားဖြစ်မယ်။ သတ္တ၀ါတွေကို ကယ်ဆယ်နိုင်တဲ့ အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်တပါးက သာမန်ကျွတ်တမ်းဝင်ပြီးတော့ ရဟန္တာဖြစ်သွားလို့ရှိရင် ဒီသူတွေမှာ အကျိုးမဲ့ဖြစ်မှာပေါ့။  ငါ့လို အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်တပါးက ကိုယ်လွတ်ရုန်းသွားရင် မတရားဘူး။ လမ်းမကျဘူး။ အများကို ကယ်ပြီးတော့မှ ဗုဒ္ဓေါ ဟေဿံ-ဘုရားဖြစ်မယ်။ ဒီလို ဓိဋ္ဌာန်တဲ့လက္ခဏာပါ။ တခါတလေ ဗုဒ္ဓေါ-ဘုရား၊ ဘ၀ါမိ-ဖြစ်ရပါလို၏-လို့ ဒီလိုဆုတောင်းမျိုးတော့ ဘယ်နည်းနဲ့မှ မတွေ့ဘူး။
ဆုလည်းတောင်း အလုပ်လည်းလပ်---
     ဒါကြောင့် ဆုတောင်းဟာ စိတ်ရဲ့အကြောင်းအရာကို ထုတ်ဖော်ပြီးတော့ ပြောတာပါ။ စိတ်ရဲ့အကြောင်းအရာကို ထုတ်ဖော်ပြီးတော့ ပြောတယ်ဆိုတော့ ရချင်မှလည်းရမယ်။ တချို့ အလုပ်လုပ်မှ ရမယ်။ ဆုတောင်းရုံနဲ့တော့ ဘယ်သူမှ မရနိုင်ဘူး။ သို့သော်လည်း ဆုလည်းတောင်းပေါ့၊ အလုပ်လည်း လုပ်ပေါ့၊ ဘုရားဖြစ်ချင်လို့ရှိရင် ဆုတောင်းချင်လည်း တောင်းလေ။ ဘုရားဖြစ်လောက်တဲ့ အလုပ်ကိုလည်း လုပ်ပါလေ။ အဂ္ဂသာဝက ဖြစ်ချင်လို့ရှိရင် ဆုလည်းတောင်း တောင်းပါလေ။ အဂ္ဂသာဝ ဖြစ်လောက်တဲ့ အလုပ်ကိုလည်း လုပ်ပါလေ။
ယသောဓရာ၏ ရှေးကောင်းမှု---
     ဘုန်းကြီးတို့ ဗုဒ္ဓမြတ်စွာမှာ အတူပါလာတဲ့ ယသောဓရာဟာ ဘုးရားအလောင်းက ဘုရားဖြစ်ဖို့ ဆုလည်းမတောင်းသေးဘူး။ ဗျာဒိတ်လည်း မပေးသေးဘူး။ ရသေ့က ကောင်းကင်က ပျံလာတာနော်၊ တန်ခိုးဣဒ္ဓိပါဒ်နဲ့နော်။ သူနဲ့ ဘာမှမဆိုင်ဘူး။ ဒီဘ၀မှာ ဘယ်နည်းနဲ့မှ မပေါင်းရဘူး။ အဲ ဒါပေမယ့်လို့ မြင်မြင်ချင်း သူ့မှာ ဘုရားပူဇော်ဖို့ ပါလာတဲ့ ကြာစည်း ၈-စည်းထဲက ၅-စည်းကို ရသေ့လက်ထဲ ထည့်ပြီးတော့ ဘုရားပူဇော်ပါ-အနေမျိုးနဲ့ ၃-စည်းကို သူယူပြီးတော့ ဒီပင်္ကရာဘုရားကို ပူဇော်တယ်။
စိတ်ကညွတ်နေတယ်---
     ဘုန်းကြီးက ကျေနပ်လိုက်တာ၊ ကြာလှူတာတောင်မှ ဘုရားအလောင်းကို အသာပေးပြီးတော့ ၅-စည်းပေးတယ်။ သူက ၃-စည်းယူပြီးတော့ ဝေတယ်။ ပြီးတော့ သူက ဘုရားအလောင်းရဲ့ အလုပ်အကျွေးဖြစ်ဖို့ရန် သူနှုတ်က ဆုတောင်းသလား၊ မတောင်းသလားတော့ မသိဘူး။ စိတ်က ကောင်းကောင်းညွတ်နေတယ်။ ဗုဒ္ဓမြတ်စွာကို ကြာစည်းကို လှူပြီးတော့ ဗုဒ္ဓမြတ်စွာကပဲ ဗျာဒိတ်ပေးတော်မူတယ်။ ဒီကြာစည်းလှူတဲ့ အမျိုးသမီးက ပါရမီကို အတူလိုက်စောင့်ရှောက်ပြီးတော့ ဖြည့်တဲ့ ပါရမီ မပျက်အောင် သူက စောင့်ရှောက်ပြီးတော့ လိုက်လာတဲ့ အမျိုးသမီးဖြစ်လိမ့်မယ်လို့ ဗုဒ္ဓမြတ်စွာကပဲ ဗျာဒိတ်ပေးတော်မူခဲ့တယ်။ သူက ဘယ်လိုဆုတောင်းသလဲတော့ မသိဘူး။ စိတ်ကတော့ သိပ်ညွတ်သွားတယ်။ ဆုတောင်းချည်း အားမကိုးနဲ့။
ဒါကြောင့် ဆုတောင်းချည်းတော့ အားမကိုးနဲ့။ ဆုတောင်းချည်း အားကိုးလို့ရှိရင် အများစုတွေဟာ ဘုရားတွေဖြစ်ကြမှာပေါ့။ ဘာမှမဖြစ်ပါဘူး။ ဘုရားမပြောနဲ့ ဟိုဘ၀နတ်ပြည်ရောက်ဖို့တောင် ဆုတောင်းကြည့်စမ်း၊ မရပါဘူး။ အမှန်ကတော့ ဆုတောင်းဆိုတာ စိတ်ညွတ်တာပါ။ စိတ်ညွတ်တာကို နှုတ်နဲ့ဖော်ထုတ်ပြီး ပြောတာပဲရှိတယ်။
မဟာဂန္ဓာရုံဆရာတော်ကြီး အရှင်ဇနကာဘိဝံသ
( မြတ်မင်္ဂလာ ၂၀၁၀-ခု စက်တင်ဘာလ)
No comments: