Monday, March 7, 2011

ကျန်းမာရေး စစ်ဆေးခြင်း


ဆေးပညာရှင် အများစု၏ အယူအဆအရ ကျန်းမာရေး ဆေးစစ်ခြင်းဆိုသည်မှာ တကိုယ်လုံး၏ အရေးကြီး အင်္ဂါအစိတ်အိပိုင်းများကို စစ်ဆေးခြင်းဖြင့် ခန္ဓာကိုယ် ကျန်းမာရေး အခြေအနေကို ရောဂါများ ထင်ထင်ရှားရှား မပေါ်မီ သိရှိနိုင်ရန် ဖြစ်သည်။ ဆေးစစ်ခြင်း၏ ဦးတည်ချက်ကို အကြမ်းဖျင်း သုံးရပ် ခွဲထားသည်။
(၁) သက်ရှိဇီဝလက္ခဏာ---
ဥပမာ-အရပ်အမြင့်၊ ကိုယ်အလေးချိန်၊ သွေးပေါင်ချိန်၊ အသက်ရှူနှုန်း၊ နှလုံးခုန်နှုန်း စသည့် ခန္ဓာကိုယ်ပြင်ပ အမြင်နှင့် တကိုယ်လုံး စစ်ဆေးခြင်းများ ဖြစ်သည်။

(၂) ခန္ဓာကိုယ် အင်္ဂါများ၏ လုပ်ဆောင်နိုင်စွမ်း---
ဥပမာ-သွေးစစ်ဆေးခြင်း၊ ဆီးစစ်ဆေးခြင်း၊ နှလုံး (ECG) စစ်ဆေးခြင်း၊ နားကြားနိုင်အား၊ မျက်စိ မြင်နိုင်အား၊ အဆုတ်စွမ်းအား စသည့် အတွင်းအင်္ဂါများ၏ လုပ်ဆောင်နိုင်စွမ်းကို စစ်ဆေးခြင်း ဖြစ်သည်။

(၃) အတွင်းအင်္ဂါများ၏ တည်ဆောက်ဖွဲ့စည်းပုံ 
ဥပမာ-ရင်ဘတ်ကို အိတ်စ်ရေး (X-ray) ရောင်ခြည် ရိုက်ကြည့်ခြင်း၊ အစာအိမ်နှင့် အူလမ်းကြောင်း မြင်ကွင်း ရိုက်ကြည့်ခြင်း၊ အာလ်ထရာဆောင်း (အသံလွန်ရောင်ခြည်) ဖြင့် စစ်ဆေးခြင်း စသည်တို့ ဖြစ်သည်။ 

ဤဦးတည်ချက် ၃-ရပ်ဖြင့် ကွယ်ဝှက်နေသာ ရောဂါ ရှိ-မရှိ၊ ရောဂါ စဖြစ်နေခြင်း ရှိ-မရှိ၊ ရောဂါ ရှိလျှင်လည်း ရှိနေခြင်းတို့ သိရှိကာ ဆောလျင်စွာ ကုသနိုင်သည်။ ထိုသို့ ကုသခြင်းဖြင့် ရောဂါကို လျှော့ပေါ့ ပျောက်ကင်းစေနိုင်သည်။
ရောဂါဖြစ်ပေါ်ခြင်းကို ဆေးပညာ၏ သိပ္ပံပညာရေးရာ ဥပဒေသအရ အဆင့် ၅-ဆင့် ခွဲထားသည်။

(၁) ရောဂါဖြစ်လွယ်သော ကာလ---
ဤအချိန်ကာလတွင် ရောဂါမဖြစ်ပေါ်သေး။ သို့သော် ရောဂါအန္တရာယ် အကြောင်းရင်းများ တည်ရှိနေပြီ။ ဥပမာ-ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ အ၀လွန်ခြင်း၊ သွေးတိုးမြင့်ခြင်း၊ ကိုလက်စထရော များခြင်း၊ သွေးချို များခြင်း စသည်တို့ ဖြစ်သည်။

(၂) ရောဂါ စမ်းသပ်ကုသရေး မတိုင်မီ---
ဤအချိန်ကာလတွင် ရောဂါအကြောင်းရင်းများကြောင့် ခန္ဓာကိုယ်၏ တစိတ်တဒေသတွင် ပြောင်းလဲမှု ဖြစ်နေသော်လည်း ပြင်ပအမြင်နှင့် နေ့စဉ် နေထိုင် စားသောက်မှုတွင် ရောဂါလက္ခဏာ မပြသေးပေ။

(၃) ရောဂါဖြစ်ချိန်ကာလ---
ထိုအချိန်ကာလတွင် ရောဂါလက္ခဏာများ တဖြည်းဖြည်း ထင်ရှားလာသည်။

(၄) ပြန်လည်ကျန်းမာ ကာလ---
ရောဂါအခြေအနေ တနေ့တခြား ဆိုးဝါးလာသောအခါ ခန္ဓာကိုယ် အင်္ဂါအစိတ်အပိုင်းများ ပျက်စီးခြင်း၊ သို့မဟုတ်-လုပ်ဆောင်နိုင်မှု ပျက်ပြားခြင်းတို့ ဖြစ်ပြီး နာတာရှည် ၀ဋ်နာ၊ ကံနာအဖြစ် ဒုက္ခခံစားရမည် ဖြစ်သည်။ သို့မဟုတ်-အချိန်မီ ကုသနိုင်လျှင် မိမိခန္ဓာကိုယ်၏ ကိုယ်ခံစွမ်းအား ကောင်းမှုကြောင့် ရောဂါလက္ခဏာများ တဖြည်းဖြည်း ပျောက်ကွယ်ပြီး နေကောင်းခြင်း၊ ကျန်းမာခြင်းသို့ ပြန်ရောက်နိုင်မည်။

(၅) သေဆုံးခြင်း---
ကိုယ်အင်္ဂါ အစိတ်အပိုင်းများ၏ စွမ်းဆောင်နိုင်မှု၊ ယိုယွင်းပျက်စီးမှုတို့ကြောင့် ဇီဝဖြစ်ပျက် ပြောင်းလဲဖြစ်စဉ်ကို ထိခိုက်ပြီး ကိုယ်ခန္ဓာ အရေးကြီး အင်္ဂါများ ပျက်စီးကာ အသက်နိဂုံးချုပ်ခြင်းသို့ ဦးတည်လေသည်။ 

ကျန်းမာရေး ဆေးစစ်ခြင်း၏ လိုရင်းသဘောသည် ရောဂါဖြစ်စေနိုင်သော အကြောင်းရင်းများကို ရောဂါဖြစ်ပေါ်ခြင်း ပထမအဆင့်မှာပင် ဆောလျင်စွာ ဖယ်ရှားကုသခြင်းဖြင့် ကျန်းမာရေးကို ထိန်းသိမ်း ထားနိုင်မည်။
မည်သို့ပင် ဆိုစေ အချိန်မှန် ကျန်းမာရေး ဆေးစစ်ခြင်း၏ ရည်ရွယ်ချက်ကို အကြမ်းဖျင်း ၃-ချက် ခွဲနိုင်သည်။

(၁) ခန္ဓာကိုယ်တွင် ငုပ်လျှိုးပုန်းကွယ်နေသော ရောဂါ ဖြစ်နိုင်သည့် အကြောင်းရင်းများကို ဆောလျင်စွာ တွေ့ရှိက အချိန်မီ ဖယ်ရှားကုသရန်။

(၂) ခန္ဓာကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းများ၏ စွမ်းဆောင်နိုင်မှုနှင့် တုံ့ပြန်မှုများကို စစ်ဆေးခြင်းဖြင့် အချိန်မီ ပြုပြင်ထိန်းသိမ်းရန်။

(၃) မိမိခန္ဓာကိုယ် လုပ်ဆောင်နိုင်မှုကို ပိုမိုသိရှိနားလည်စေပြီး မှားယွင်းနေထိုင်စားသောက်မှု အလေ့အကျင့်များ ပြုပြင်ကာ အန္တရာယ်ရှိသော အကြောင်းကိုသိ၍ ရောဂါဖြစ်မှုမှ ကာကွယ်ရန်။

ကျန်းမာရေး ဆေးစစ်ခြင်းဖြင့် ကြီးကြီးငယ်ငယ် ရောဂါပေါင်းစုံကို ဖော်ထုတ်လိုသည်မှာ ကမ္ဘာ့လူသားများ၏ တူညီမျှော်မှန်းချက် ဖြစ်သည်။ သို့သော် မျက်မှောက်ခေတ်၏ နည်းပညာအရ ရာနှုန်းပြည့် မဖြစ်နိုင်သေးပေ။

အသက် ၂၀-မှ ၆၀-နှစ်အရွယ်ရှိသူများသည် ကျန်းမာရေးကောင်းကြသည်။ တနှစ်တကြိမ်ခန့် ကျန်းမာရေး ဆေးစစ်လျှင် လုံလောက်ပြီ။ အသက် ၆၀-ကျော်သော်လည်း သွေးတိုး၊ ဆီးချို၊ သွေးအဆီဓာတ် များခြင်း စသည့် ရောဂါမရှိသူဖြစ်လျှင် တနှစ်တကြိမ်ခန့် ဆေးစစ်လျှင် လုံလောက်ပါသည်။

ကျန်းမာရေး ဆေးစစ်ခြင်းကို မည်သို့မှန်ကန်စွာ ရင်ဆိုင်ရမည်နည်း--
(၁) အချိန်မှန်မှန် ဆေးစစ်ပါ။ အချို့ရောဂါသည် တကြိမ်တခါ ဆေးစစ်ရုံနှင့် မတွေ့ရှိနိုင်။ ဆက်တိုက်ဆေးစစ်မှုဖြင့် ပိုမိုတိကျစေနိုင်ပြီး ခန္ဓာကိုယ်တွင်း တဖြည်းဖြည်း ဆိုးဝါးလာသည့် ရောဂါအခြေအနေကို ဖော်ထုတ်နိုင်မည် ဖြစ်သည်။

(၂) ဆေးစစ် ဆရာဝန်နှင့် ပူးပေါင်းဆောင်ရွက်ရမည်။ ဖြစ်ဖူးသော ရောဂါများကို ပြောပြရမည်။ ခါတိုင်းနှင့် မတူသော ခံစားရချက်များ ရှိလျှင် ပြောပြရမည်။
 ဆရာဝန်ကို ပညာစမ်းလိုက်ဦးမည်ဟု တွေးခြင်းသည် အမှားဖြစ်၍ မိမိ၏ ကျန်းမာရေးကို အန္တရာယ် ဖြစ်စေသည်။

(၃) မိမိကိုယ်ကို နေ့စဉ် အအိပ်အနေ၊ အစားအသောက်၊ အလေ့အကျင့်တို့ကို သတိပြုခြင်းဖြင့် ရောဂါ ရှေ့ပြေးနိမိတ် လက္ခဏာများ တွေ့ရှိကာ ရောဂါကို သိရှိ ကုသနိုင်ပေသည်။

ပါမောက္ခ ခေါ်ခင်ဖြူ (မြင်းခြံ)
(မြတ်မင်္ဂလာ ၂၀၁၀-အောက်တိုဘာလ) 
(၁-၆-၂၀၁၀ နေ့ထုတ် တရုတ်ဘာသာဖြင့် ထုတ်ဝေသော ရွှေဇာမဏီ စာစောင်မှ အချက်အလက်များကို ကိုးကားဘာသာပြန်ပါသည်)

No comments: