Monday, March 7, 2011

သမ္ဗုဒ္ဓေအစွမ်း အံ့မခန်း


၂၀၀၄-ခုနှစ် သြဂုတ်လ ၁၂-ရက်နေ့က လုံးခင်းနှင့် မိုင် ၂၀-ကျော်ဝေးသော ကံဆီးကျေးရွာကျောင်း ဆရာတော်အား ကန်တော့ရန် ကျွန်မနှင့် သူငယ်ချင်းတစုတို့ လုံးခင်းမှ စက်လှေဖြင့် လိုက်၍ ထွက်ခွာကြသည်။ ထိုတွင် ရေကြောင်းလမ်း တခါမှ မသွားဖူးသောကြောင့်၎င်း၊ ရေစီးက ကြမ်းပြီး ခရီးကလည်း ဝေးသောကြောင့်၎င်း စက်လေစီးရင်း ရင်တထိတ်ထိတ် ဖြစ်ရသည်။

ထိုစဉ် ကျွန်မသည် ငယ်စဉ်ကပင် မိဘများသင်ပေးထား၍ နှုတ်တိုက်ရနေသော သမ္ဗုဒ္ဓေဂါထာကို နှုတ်မှ တဖွဖွ ရွတ်ဆိုပြီး ကျွန်မနှင့်အတူ ခရီးသည်အားလုံး အန္တရာယ်ကင်းစေဖို့ ဆုတောင်းနေမိပါသည်။ မမြင်ဖူးသော ရှုခင်းများကို မြင်နေ၊ တွေ့နေရသော်လည်း ကြည်နူးမှု အပြည့်အ၀ မခံစားနိုင်ပေ။ ရင်တထိတ်ထိတ် ရှိသောကြောင့် သမ္ဗုဒ္ဓေဂါထာကိုသာ ထပ်ခါတလဲလဲ ရွတ်ဆိုနေမိသည်။ 

မိနစ် ၅၀-ကြာလောက် ခရီးပေါက်ချိန်တွင် မကော့အိုက်-ဟု အမည်ရှိသော နေရာနားသို့ရောက်လာသည်။ ထိုနေရာတွင် ယခင်က မကော့-ဆိုသော အမျိုးသမီးတယောက် ရေနစ် သေဆုံးခဲ့ဖူးသောကြောင့် မကော့အိုက်-ဟု ခေါ်ကြောင်း စက်လှေသမားက ပြောပြပါသည်။ ပစောက်ပုံသဏ္ဍာန်ရှိသော ထိုအိုက်နား အရောက်တွင် စက်လှေသမားက စက်လှေကို ဖြည်းညင်းစွာ မောင်းနှင်ပါသည်။

ထိုမှ ရှေ့ဆက်သွားသော် လီဆူးကုန်း ရွာနားသို့ ရောက်သည်။ ထိုတွင် စက်လှေသည် ရှေ့ဆက်မသွားတော့ဘဲ ရေလယ်ခေါင်တွင် သောင်တင်နေသည်။ ဘာကြောင့် စက်လှေ သောင်တင်သည်ကို သိလိုသဖြင့် စက်လှေသမားနှင့် အတူပါလာသော အမျိုးသားနှစ်ယောက် ရေငုပ်ပြီး ဆင်းကြည့်ကြသည်။ ခဏအကြာတွင် ထိုလူနှစ်ယောက် ပြန်ပေါ်လာပြီး စက်လှေအောက်မှာ သဲသောင်ခံနေသောကြောင့် သွား၍မရကြောင်း ပြောပြကြသည်။ ထိုအခါ ကျွန်မတို့တတွေ ဟင်ခနဲ ဟာခနဲ ဖြစ်ကြရသည်။

စက်လှေပေါ်ပါသူမှာ စုစုပေါင်း ၁၂-ယောက်ဖြစ်သည်။ အားလုံး တုတ်တုတ်မျှ မလှုပ်ဘဲ ငြိမ်ငြိမ်လေး နေကြသည်။ ဤသို့ ဖြစ်သဖြင့်လည်း ကျွန်မလည်း သမ္ဗုဒ္ဓေဂါထာကို ပို၍ပင် အာရုံစူးစိုက်၍ ရွတ်ဆိုနေမိပါ တော့သည်။ စက်လှေသမားလေးကတော့ အားလုံးကို မကြောက်ကြရန်၊ စက်လှေတစီးစီး လာပါက အကူအညီတောင်း၍ ထိုစက်လှေပေါ် တင်ပေးမည်ဖြစ်ကြောင်း၊ ကျွန်တော်တို့ စက်လှေလည်း လမ်းကြောမှားသွား၍ ခုလို ဖြစ်သွားကြောင်း ပြောပြပါသည်။

သည်လိုနှင့် ရေလယ်ခေါင်တွင် စက်လှေကြီး မလှုပ်မယှက် မိနစ် ၃၀-ခန့်မျှအကြာတွင် ကျွန်မတို့အတွက် ကံဆီးဘက်မှ ထွက်ပေါ်လာသော စက်လှေခုတ်မောင်းသံတခု ကြားကြရသည်။ 
မကြာမီ ထိုစက်လှေသည် ကျွန်မတို့စက်လှေနားရောက်လာသည်။ ထိုတွင် အကျိုးအကြောင်း ပြောပြပြီး ထိုစက်လှေအလွတ်ပေါ်သို့ ခရီးသည်အားလုံး ကူးပြောင်းနိုင်ခဲ့ကြပါသည်။ ထိုအခါတွင်မှ ကျွန်မတို့အားလုံး ပျော်ရွှင်နိုင်ကြပါတော့သည်။

ည ၇-နာရီလောက်တွင် ကံဆီးကျေးရွာသို့ ရောက်ရှိပါသည်။ ထူးခြားသည်မှာ ကျွန်မတို့ စက်လှေဆီသို့ လာသော စက်လှေသည် ကံဆီးဘက်မှ မည်သူမျှ မလွှတ်ဘဲ လာချင်စိတ် ပြင်းထန်နေ၍ တဦးတည်း စက်လှေမောင်း၍ ထွက်ခဲ့ကြောင်း၊ ဒီအရောက်တွင် ကျွန်မတို့ စက်လှေနှင့် တွေ့ကြောင်း ပြောပြပါသည်။ ဤတွင် ကျွန်မ ရွတ်ဆိုသော သမ္ဗုဒ္ဓေဂါထာ တန်ခိုးကြောင့် ကျွန်မတို့အားလုံး ဤဘေးဒုက္ခမှ ကင်းဝေးခဲ့ရသည်ဟု ယုံကြည်ယူဆမိပါသည်။

အေးမွန်ကျော် (နမ္မတီး)
(မြတ်မင်္ဂလာ ၂၀၁၀-အောက်တိုဘာလ) 

No comments: