Monday, March 7, 2011

မြန်ဆန်လွန်းသည့် ၀ဋ်ကြွေး


ကျွန်တော်သည် ရှမ်းပြည်နယ် တောင်ပိုင်း၊ ရပ်စောက်မြို့၌ အစိုးရဌာနတခုတွင် တာဝန်ထမ်းဆောင်စဉ်က ဖြစ်သည်။ တနေ့ ကောင်းဘို့ရာတွင် ဘုရားပွဲရှိသဖြင့် ကျွန်တော်၊ ကိုလတ်နှင့် ကျော်နိုင်တို့ ကောင်းဘို့ရွာသို့ သွားခဲ့ကြသည်။ အချိန်မှာ ည ၉-နာရီခန့်ရှိမည် ထင်သည်။ ရပ်စောက်မြို့နှင့် ကောင်းဘို့ရွာမှာ ၁၅-မိုင်ခန့်ဝေးသည်။ ဆိုင်ကယ်ဖြင့်သွားလျှင် လမ်းမချောသဖြင့် ၁-နာရီခန့် မောင်းရသည်။ ကောင်းဘို့ရွာသို့ ဆိုင်ကယ်ဖြင့် သွားကြသည်။ 

ကျွန်တော်နှင့် ကျော်နိုင်က တစီး၊ ကိုလတ်က တစီး၊ ဆိုင်ကယ်နှစ်စီးဖြင့် ထွက်လာရာ ကိုလတ်တယောက် မူးမူးနှင့် ရှေ့ကနေ ဆိုင်ကယ်ကို အရှိန်ပြင်းစွာ စီးသွားသည်။ ကျွန်တော်လည်း ကိုလတ်အတွက် စိုးရိမ်သဖြင့် အမီလိုက်ရသည်။
ကျွန်တော်တို့ ၀ိုင်းဝိုင်း ထမင်းဆိုင်ရှေ့သို့ ရောက်သောအခါ လူငယ်တယောက် လဲနေသည်ကို တွေ့ရသည်။ ကျွန်တော် ဆိုင်ကယ်ကိုရပ်၍ ထိုလူငယ်အား ထူပေးလိုက်သည်။ လူငယ်၏ ယာဘက်ဒူးခေါင်းနှင့် ခြေမျက်စိတို့တွင် ပွန်းပဲ့နေသော ဒဏ်ရာများ တွေ့ရပြီး သွေးများ စိုရွှဲနေသည်။

ညီလေး ဘာဖြစ်လို့လဲ
လူငယ်လေးတွင် ပေနေသော သွေးများကို လက်ကိုင်ပုဝါဖြင့် သုတ်ပေးရင်း ကျွန်တော်မေးလိုက်သည်။
ရှေ့က ဆိုင်ကယ်နဲ့ သွားတဲ့လူတယောက်က ဆိုင်ကယ်ပေါ်ကနေ ကန်သွားလို့ ပစ်လဲသွားတာ အကို။
ဟင် အဲဒီလူက ၀လား-ပိန်လား
ဝတယ် အကို။

ဟုတ်ပါပြီ ကိုလတ်ပဲနေမှာပါ-ဟု ကျွန်တော့်စိတ်ထဲတွင် ရေရွတ်လိုက်မိသည်။
ညီလေး၊ လမ်းလျှောက်လို့ ရရဲ့လား၊ အကိုလိုက်ပို့ပေးမယ်လေ။
ရပါတယ် အကို၊ ပို့မနေပါနဲ့၊ ကျွန်တော် လမ်းလျှောက်နိုင်ပါတယ်။ လောကမှာ အကိုတို့လို လူတွေပဲ ရှိရင် ကောင်းမှာနော်။ ဟိုလူလည်း တနေ့နေ့ ၀ဋ်လည်မှာပါ။ အကို သွားစရာရှိတာ သွားပါ။ ကျွန်တော့်အတွက် စိတ်မပူပါနဲ့။

အေးအေး၊ ဒါဆို အကိုတို့ သွားမယ်နော်။
လူငယ်အား နှုတ်ဆက်၍ ကျွန်တော်တို့ ထွက်လာခဲ့သည်။
ဆိုင်ကယ်စီးနေရင်း လူငယ်ပြောလိုက်သောစကား တခွန်းက ကျွန်တော့်ရင်ထဲတွင် ပဲ့တင်ထပ်နေပေသည်။
ဟိုလူ တနေ့နေ့ ၀ဋ်လည်မှာပါ။

လူငယ်စကား မှန်ပါသည်။ ၀ဋ်မှာအမြဲ ငရဲမှာ အပ-ဆိုသလို ငရဲဆိုတာ ကုသိုလ်ပြုရင် ပျောက်နိုင်ပေမယ့် ၀ဋ်ဆိုတာ ပျောက်နိုင်ခဲတာမှ မဟုတ်ပေ။ အနှေးနှင့်အမြန် လည်တတ်တာမျိုး ဖြစ်၏။ လူကြီးတွေပြောနေကြသည့် စကားတခွန်းကိုလည်း ကြားယောင်မိပါသည်။ အခုခေတ် ၀ဋ်ဆိုတာ ချက်ချင်း လည်တတ်တယ်-တဲ့။

ကျွန်တော်သည် ကိုလတ်အတွက် စိတ်ပူမိသဖြင့် ကိုလတ်နောက်သို့ အမီလိုက်ရန် ဆိုင်ကယ်ကို အရှိန်ပြင်းပြင်း မောင်းနှင်လိုက်သည်။ သို့သော်လည်း ကိုလတ်ကို မမီ၊ အရိပ်အယောင်ပင် မတွေ့ရချေ။ တဖြည်းဖြည်း ရပ်စောက်မြို့နှင့် ရှစ်မိုင်ခန့်အကွာရှိ S-ကွေ့သို့ရောက်လာသည်။
ဟာ သွားပြီ ကျော်နိုင်
ဘာဖြစ်လို့လဲ သိုက်စိုး၊
ဟိုမှာ ဆိုင်ကယ်တစီး လဲနေသလားလို့။
ကျွန်တော်က ကော်ဖီခြံရှေ့တွင် လဲနေသော ဆိုင်ကယ်ကို လက်ညှိုးထိုးပြလိုက်သည်။ ထိုအခါ ကျော်နိုင်က--

 အေး ဟုတ်တယ်၊ ကိုလတ်လားမသိဘူး။
ဖြစ်နိုင်တယ်ကွ၊
ကျွန်တော်လည်း ပြောပြောဆိုဆိုနဲ့ ဆိုင်ကယ်ရပ်၍ သွားကြည့်လိုက်သည်။ ဟုတ်ပါသည်။ ဆိုင်ကယ်အောက်တွင် ကိုလတ် ပိနေသည်။ အရက်မူးနေသဖြင့်လည်း မထနိုင်ဘဲ ဖြစ်နေသည်။ ကျော်နိုင်က ဆိုင်ကယ်ကို ဆွဲမ၍ လမ်းဘေးတွင် ထောက်ထားလိုက်သည်။ ကျွန်တော်က ကိုလတ်ကို ထူလိုက်ပြီး ထွက်နေသော သွေးများကို သုတ်ပေးလိုက်သည်။ ထိုသို့ သုတ်ပေးနေစဉ် ကျွန်တော့်စိတ်ထဲသို့ လူငယ်၏စကားသံက ၀င်ရောက်လာပြန်သည်။

ဟိုလူ တနေ့နေ့ ၀ဋ်လည်မှာပါ-
ဟုတ်ပါသည်။ ကိုလတ် ၀ဋ်လည်သည်ဟု ဆိုရပါမည်။ သူပြုသည့်ကံ သူပြန်ခံရသလို ဖြစ်သွားပါသည်။ ကျွန်တော် ယခင်က ၀ဋ်လည်သည်ဆိုသည်ကို မယုံကြည်ခဲ့ပေ။ အခုလို ကိုယ်တိုင်ကြုံတွေ့ရတော့မှ ၀ဋ်ကြွေးဆိုတာ နောင်မှ မဟုတ်၊ ယခုချက်ချင်းလည်း လည်တတ်ကြောင်း ယုံကြည်ခဲ့ရပါတော့သည်။

နွေး (သရက်) 
(မြတ်မင်္ဂလာ ၂၀၁၀-အောက်တိုဘာလ)

No comments: