Monday, March 7, 2011

ဒေါသအပြစ်


ဒေါ်ဆိုင်ခမ်းတယောက် အလုပ်နှင့်လက် ပြတ်သည်ဟူ၍ မရှိပေ။ တနေကုန် အလုပ်လုပ်ရသူဖြစ်သည်။ သားကျွေးမှု မယားကျွေးမှု လုပ်ရသည်ဆိုပေမယ့်လည်း ခင်ပွန်းသည်ကတော့ဖြင့် သူ့အတွက် အားကိုးအားထား မရနိုင်ခဲ့ပေ။ ကလေး ၅-ယောက်၏တာဝန်ကို ချက်ပြုတ်ကျွေးမွေးရေးနဲ့ ပညာသင်စရိတ်ကအစ ဒေါ်ဆိုင်ခမ်းတယောက်တည်းသာလျှင် ကုန်းရုန်းရှာဖွေရသည်။ 

တနေ့ ဒေါ်ဆိုင်ခမ်းတယောက် မီးဖိုထဲ၌ ချက်ပြုတ်နေစဉ် တဖက်အိမ်မှ ခင်ပွန်းဦးစိုင်းလှမောင်၏ စကားပြောသံကို ကြားလိုက်ရသည်။ ထိုအိမ်မှ ညီအကိုလိုခင်ရသည့် ကိုမြတ်ခိုင်သည် တခြားရွာမှ အမျိုးသမီးနှင့် လက်ထပ်ပြီး ပြန်လာသည့်နေ့ဖြစ်၍ ညနေပိုင်းတွင် ပျော်ပွဲစားလုပ်သည်။ ဦစိုင်းလှမောင်ကိုလည်း ဖိတ်ထားသည့်အတွက် ပျော်ပွဲစားရင်း စကားပြောနေခြင်း ဖြစ်သည်။

ငွေရဖို့ဆိုလျှင် အလုပ်ရွေးတတ်သည့် ဦးစိုင်းလှမောင်သည် အရက်သောက်ရမည်ဆိုလျှင်တော့ နေရာဒေသမရွေး လိုက်ပြီး သောက်တတ်သူဖြစ်သည်။
ဒေါ်ဆိုင်ခမ်းတယောက် အလုပ်မောမောနှင့် စိတ်ဆိုးဒေါသဖြစ်နေသည်။ အလုပ်မလုပ်သည်ကို အပြစ်မပြောလိုသော်လည်း ခုလို မူးယစ်သောက်စားသည်ကိုတော့ လုံးဝ သဘောမကျနိုင်ပေ။ နည်းနည်းလေးမှလည်း သည်းမခံနိုင်ပေ။

ဒေါ်ဆိုင်ခမ်းက ပြန်လာမှသိမယ်-ဟု ကြိမ်းဝါးလိုက်သည်။ ထမင်းအိုးကိုနှပ်ရင်း ဟင်းအိုးတည်ရန် အိမ်ပြင်သို့ ထွက်အလာတွင် နေပူလှန်းထားသည့် စပါးတွေကို ယက်နေသည့် ကြက်တအုပ်ကို တွေ့လိုက်ရသည်။ နဂိုက ဒေါသအခံရှိနေသော ဒေါ်ဆိုင်ခမ်းသည် မြင်မြင်သမျှ ဘာကိုမှ အကောင်းမမြင်တော့ပေ။ အနီးမှာတွေ့သည့် တုတ်တချောင်းနှင့် ယက်နေသည့် ကြက်မကြီးကို ပေါက်ထည့်လိုက်သည်။ ဤတွင် ခေါင်းတည့်တည့်သို့ ထိမှန်သဖြင့် ကြက်မကြီး လဲကျသေဆုံးသွားသည်။

ထိုသို့ပြုမိပြီးနောက် တလခန့်ကြာသောအခါ ဒေါ်ဆိုင်ခမ်းတယောက် ခေါင်းကိုက်ရောဂါ ရရှိသည်။ ထိုရောဂါသည် ပျောက်လိုက် ဖြစ်လိုက်နှင့် မကြာခဏ ဖြစ်နေသောအခါ သူပြုမိသော အကုသိုလ်ကံကြောင့်ဟု ယုံကြည်ယူဆမိပါသည်။

နန်းလုံးကြိုင်(ကချင်မြေ)
(မြတ်မင်္ဂလာ ၂၀၁၀-အောက်တိုဘာလ)

No comments: