Thursday, March 31, 2011

မေတ္တသုတ် ကျင့်စဉ်

ဗုဒ္ဓဘာသာ မြန်မာတို့သည် ပရိတ်ကြီး ၁၁-သုတ်ကို လက်စွဲပြုကြသည်။ ရွတ်ဆိုကြသည်။ ပရိတ်ကြီး ၁၁-သုတ်တွင် မေတ္တသုတ်ကို အများပင် အားထားကြသည်။ မေတ္တသုတ်သမိုင်းမှာလည်း စိတ်ဝင်စားဖွယ် ဖြစ်သည်။ 

တခါသော် ရဟန်းငါးရာတို့သည် ကမ္မဋ္ဌာန်းတရားကို ယူ၍ တောအုပ်တခုတွင် နေထိုင် ကျင့်ကြံပွားများ၏။ နေ့ရက်ကြာသောအခါ ရဟန်းတော်များကြောင့် နေရာဖယ်ပေးနေရသော နတ်အချို့က အမျိုးမျိုး ခြောက်လှန့်ကြသည်။ ဤတွင် ရဟန်းတို့သည် တရားဖြောင့်စွာ နှလုံးမသွင်းနိုင်။ စိတ်ဓာတ်ချောက်ချား၍ ဘုရားရှင်ထံ ပြန်သွားကြလေသည်။ ထိုအခါ ဘုရားရှင်က မေတ္တသုတ်ကို သင်ပေး၍ ထိုနေရာသို့ ပြန်သွားပြီး ကျင့်ကြံအားထုတ်ရန် ညွှန်ကြားသည်။ ရဟန်းတို့လည်း ပြန်သွားကာ ဘုရားရှင်ညွှန်ပြသည့်အတိုင်း ကျင့်ကြံပွားများကြသည်။ သည်တွင် ရဟန်းတို့၏ မေတ္တာဓာတ်ကြောင့် နတ်များက ချစ်ခင်မြတ်နိုးလာကြသည်။ အန္တရာယ် မပြုကြတော့ပေ။ ရဟန်းတို့လည်း ငြိမ်းအေးစွာ သီတင်းသုံး နေထိုင်သွားလာနိုင်ကြပေသည်။

မေတ္တသုတ်၌ ရွတ်ဆိုရန် တိုက်တွန်းခြင်း၊ ကျင့်ပွားခြင်း၊ မေတ္တာအကျိုး အာနိသင် စသည်တို့ကို ဖော်ပြထားသည်။ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်ဖြစ်သူ အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ (Ph.D) က မေတ္တသုတ်ဆိုတာ ရွတ်ဖတ်ရုံသက်သက် မဟုတ်ဘူး။ နာရမှာသက်သက် မဟုတ်ဘူး။ မေတ္တသုတ်ကို နေ့စဉ် ရွတ်ဖတ်လို့ရှိရင် အန္တရာယ်တွေ ကင်းတယ်၊ နာရင် အန္တရာယ်တွေ ကင်းတယ်လို့ ဒီမေတ္တသုတ်မှာ ပြဆိုထားတဲ့စကား တလုံးမှ မပါဘူး။ သို့သော် အများက ဒီအတိုင်းပဲ ယုံကြည်နေကြတယ်။ မိုးကုတ်ဆရာတော်ကြီး ပြောတဲ့ စကားလုံးနဲ့ ပြောရမယ်ဆိုလို့ရှိရင် -တို့လူတွေက သောက်ဆေးကို လိမ်းဆေး လုပ်နေကြတယ်ပေါ့-တဲ့။ သောက်ရမှာကို မသောက်ဘဲနဲ့ လိမ်းဆေးအဖြစ် အသုံးပြုနေလို့ရှိရင် အကျိုးသက်ရောက်မှု အားနည်းမှာပေါ့နော်။ သောက်ရမယ့်ဆေးက သောက်ကို သောက်မှ အကျိုးသက်ရောက်မှု ဖြစ်မှာပေါ့။ ဒါကြောင့် မေတ္တာဆိုတာ ဘာဝနာတရား ဖြစ်လို့ ပွားများကြရပေမယ်-ဟူ၍ ဖွင့်ဟ မိန့်ဆိုတော်မူခဲ့သည်။

ဆရာတော် ထုတ်ဖော်ညွှန်ပြသည့်အတိုင်းပင် မေတ္တသုတ်တွင် သတ္တ၀ါများ ကျန်းမာ၊ ချမ်းသာ အသက်ရှည်စေရန် ဆန္ဒပြု ပွားများမှုသင့်ရုံသာ ပါရှိသည်။ အဓိက ပါရှိသည့် ဘုရားရှင်၏ ညွှန်ပြချက်မှာ ရဟန်းရှင်လူတို့ ကျင့်ရမည့် ကျင့်စဉ်ပင် ဖြစ်သည်။

ဗုဒ္ဓဘုရားရှင်က ငြိမ်းချမ်းသော နိဗ္ဗာန်သို့ ဉာဏ်ဖြင့် သက်ဝင်၍ နေလိုသော၊ အကျိုးစီးပွား၌ လိမ္မာသောသူသည် အောက်ပါကျင့်စဉ်တို့ကို ပြုကျင့်အပ်၏-ဟူ၍ မေတ္တသုတ်၌ ညွှန်ပြတော်မူထားသည်။ 
ယင်းတို့ကား---
၁။ သီလ၊ သမာဓိ၊ ပညာတို့ကို ကျင့်စွမ်းနိုင်ရမည်။
၂။ ကိုယ် နှုတ် ဖြောင့်မတ်ရမည်။
၃။ စိတ်နေစိတ်ထား ကောင်းစွာ ဖြောင့်မတ်ရမည်။
၎။ ဆိုဆုံးမလွယ်ရမည်။
၅။ စိတ်ထား နူးညံ့သိမ်မွေ့ရမည်။
၆။ လွန်ကဲမြင့်မောက်သော မာန မရှိရာ။
၇။ ပစ္စည်းလေးပါး၌ ရောင့်ရဲလွယ်ရမည်။
၈။ မွေးမြူလွယ်ရမည်။ (ကျွေးသမျှ၊ မွေးသမျှ၊ ပေးသမျှနှင့် ကျေနပ်သူ ဖြစ်ရမည်)
၉။ အမှုကိစ္စ နည်းပါးရမည်။
၁၀။ ၀န်ကျဉ်း ပေါ့ပါးသော အသက်မွေးမှု ရှိရမည်။
၁၁။ ငြိမ်သက်သော ဣနြေ္ဒရှိရမည်။
၁၂။ ရင့်ကျက်သော ပညာရှိရမည်။
၁၃။ ကိုယ် နှုတ် နှလုံး ကြမ်းတမ်းခြင်း မရှိရာ။
၁၄။ ဒါယကာတို့၌ တပ်မက်မှု ကင်းရမည်။
၁၅။ ပညာရှိတို့ ကဲ့ရဲ့စွပ်စွဲနိုင်မည့် ဒုစရိုက်ကို စိုးစဉ်းအနည်းငယ်မျှ မပြုကျင့်ရာ။
၁၆။ တယောက်က တယောက်ကို အမျက်မထွက်ပါစေလင့်။
၁၇။ တစုံတခုသော အရာ၌ တစုံတယောက်ကိုမျှ ချုပ်ချယ်ခြင်း မပြုပါစေလင့်။
၁၈။ ရန်လိုသောစိတ်ဖြင့် မထီမဲ့မြင် မပြုပါစေလင့်။
၁၉။ အချင်းချင်း ညှဉ်းဆဲမှု၊ ဆင်းရဲမှုကို မပြုပါစေလင့်။
၂၀။ မိခင်သည် ရင်၌ဖြစ်သော တဦးတည်းသော သားကို မိမိအသက်နှင့်လဲ၍ အစဉ်စောင့်ရှောက်ဘိ သကဲ့သို့ သတ္တ၀ါခပ်သိမ်းတို့ကို အတိုင်းအရှည် မရှိသော မေတ္တာစိတ်ကို ထား၍ ပွားများရာ၏။

ဤသို့လျှင် မေတ္တသုတ်၌ ရဟန်း-ရှင်-လူတို့ ပြုကျင့်အပ်သော ကျင့်စဉ်များ ပါရှိရာ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာသုခကို အလိုရှိသော ပုဂ္ဂိုလ်တို့သည် ထိုကျင့်စဉ်များအတိုင်း လိုက်နာပြုကျင့် ပွားများနိုင်သော် ကောင်းလေစွ။

No comments: