Thursday, March 10, 2011

သမ္ဗုဒ္ဓေဂါထာ အစွမ်း

လွန်ခဲ့သော ၁၅-နှစ်ခန့်က ဖြစ်ပါသည်။ ထိုအချိန်က ကျွန်တော်သည် လွိုင်ကော်မြို့ရှိ ခရစ်ယာန်သီလရှင် ကျောင်းတကျောင်းတွင် လက်သမားအလုပ်ကို ၀င်ရောက်လုပ်ကိုင်ခဲ့ပါသည်။
တရက်တွင် ကျွန်တော်တို့ ဆောက်လုပ်နေသော အဆောက်အဦးတွင် မျက်နှာကြက်လုပ်ငန်းကို လုပ်ကိုင်ကြရသည်။ ကျွန်တော်တို့ ဆောက်လုပ်သော အဆောက်အအုံမှာ တခြမ်းက ၃-ထပ် ဖြစ်ပြီး တခြမ်းက ၂-ထပ် ဖြစ်ပါသည်။

ထိုနေ့က ကျွန်တော်တို့အဖွဲ့ လုပ်ရသောနေရာမှာ ၂-ထပ်ဆောင်ဘက်တွင် ဖြစ်သည်။ မျက်နှာကြက်ပြားများ ရိုက်ရန်အတွက် လက်သမားတချို့မှာ ဖရိန်တန်းများ ထိုးနေပါသည်။ ဖရိန်တန်းဆိုသည်မှာ မျက်နှာကြက်ပြားများ ရိုက်ရန် ၂-လက်မပတ်လည် သစ်သားချောင်းများ တန်းထိုးခြင်းကို ဆိုလိုပါသည်။

ထိုနေ့က ကျွန်တော်သည် အခြားလက်သမားများ ဖရိန်တန်း ရိုက်ရန်အတွက် အရှည် ၄-ပေရှိ ၂-လက်မပတ်လည် သစ်ချောင်းများကို အဆောက်အအုံ အပေါ်ထပ်၌ ကြမ်းခင်း ခင်းရန် ရိုက်ထားသော ဆင့်တန်းများပေါ်တွင် ခွထိုင်ပြီး လွှဖြတ်ပေးနေရသည်။

ထိုနေ့က ကျွန်တော်သည် လွှဖြတ်နေရင်း သမ္ဗုဒ္ဓေဂါထာတော်ကို နှုတ်က အဆက်မပြတ် ရွတ်ဆိုနေပါသည်။ ထို့နောက် ကျွန်တော်သည် ဖြတ်ထားသော သစ်သားချောင်းများကို ကျွန်တော့်အထက်က ငြမ်းစင်ပေါ်သို့ တင်ထားပေးပြီး အခြားတနေရာသို့ ပြောင်းရွှေ့ကာ ကျွန်တော် လွှဖြတ်နေပါသည်။

ကံအားလျော်စွာပင် ကျွန်တော် နေရာပြောင်းရွှေ့ပြီး ၅-မိနစ်လောက်အကြာမှာပဲ ကျွန်တော်နေရာ မပြောင်းခင်က လွှဖြတ်ခဲ့သော ကျွန်တော့်အထက်က ငြမ်းစင်ကြီး ဗြုန်းခနဲ ကျိုးကျပါလေတော့သည်။ ကျွန်တော်သည် အကယ်၍သာ ထိုနေရာတွင် လွှဖြတ်နေပါက ကျိုးကျသော ငြမ်းစင် သစ်သားချောင်းများ ကျွန်တော့်ဦးခေါင်းကို ထိမိမှာ သေချာသည်။ ထိုသို့ ထိမိလျှင်လည်း ကျွန်တော့်ဦးခေါင်းတွင် အနာတရကြီးကြီး ဖြစ်မှာ သေချာသည်။

သို့သော် ယခုကဲ့သို့ တဒင်္ဂအချိန်အတွင်း ဘေးအန္တရာယ်မှ ကပ်ပြီး လွဲသွားခဲ့ရခြင်းမှာ သမ္ဗုဒ္ဓေဂါထာကို ရွတ်ဆိုခြင်းကြောင့်ဟု ယုံကြည်ယူဆမိပါသည်။

အောင်-ကယားမြေ
(မြတ်မင်္ဂလာ ၂၀၁၀-ခု နိုဝင်ဘာလ) 

No comments: