Thursday, March 31, 2011

ရိုးသားခြင်း၏ လက်ငင်းအကျိုး

မောင်လှဝင်းသည် တောင်ငူမြို့၏ မြောက်ဘက် ဆင်ခြေဖုံးရက်ကွက်လေးတွင် နေထိုင်သူ ဖြစ်သည်။ အဖေ အမေ အပါအ၀င် မောင်နှမ ငါးယောက်နှင့် မိသားစု ခုနစ်ယောက်ရှိသည်။ ဖခင်ဖြစ်သူက အငှားဆိုက်ကားနင်းသည်။ မိသားစု ခုနစ်ယောက်ရှိ၍ သူတို့ဝင်ငွေနှင့် မလောက်ငပါ။

မောင်လှဝင်းသည် ငါးတန်းနှင့် ကျောင်းထွက်လိုက်ရသည်။ ကျန်သော ညီလေးနှစ်ယောက်နှင့် ညီမလေးနှစ်ယောက်လည်း ကျောင်းထွက်လိုက်ရသည်။ မောင်လှဝင်းက အသက် တဆယ့်လေးနှစ် အရွယ်ရှိ၍ အကြီးဆုံး ဖြစ်သည်။ ညီလေးနှစ်ယောက်နှင့် ညီမလေး နှစ်ယောက်က ပြောင်းဖူးပြုတ်၊ ခွေးချိုသီး၊ ကြံရိုး၊ နာနတ်သီး၊ ဖရဲသီးစိတ် စသော ရာသီပေါ် အသီးများကို လည်၍ ရောင်းရသည်။ 

သူတို့ဖခင်သည် ရိုးသားသူ ဖြစ်သည်။ မိသားစု ညစာ စုပေါင်းစားချိန်တွင် သားသမီးများကို အမြဲတမ်း သွန်သင်ဆုံးမစကား ပြောကြားလေ့ရှိသည်။
သားတို့၊ သမီးတို့-လူဆိုတာ ရိုးသားရမယ်။ ကြိုးစားရမယ်။ သူတပါး ပစ္စည်းဥစ္စာကို ဘယ်သောအခါမှ မခိုး၊ မ၀ှက်၊ မလုရဘူး။ ကိုယ့်ထက်နိမ့်ကျသူကို သနားရမယ်။ ကူညီရမယ်။ ကြီးသူကို ရိုသေရမယ်။ ရွယ်တူကို လေးစားရမယ်။ သူတပါးအပေါ် မလိမ်မညာ၊ မလှည့်စားရဘူး။ ကိုယ်ကောင်းစားရေးအတွက် သူတပါး အကျိုးစီးပွားပျက်စီးအောင် ဘယ်သောအခါမှ မလုပ်ရဘူး။ မှတ်ထားကြနော်။ ကဲ--သားတို့ သမီးတို့ ဘုရားကန်တော့ကြ၊ အဖေတို့ကိုလည်း ကန်တော့ပြီး အိပ်ရာဝင်ကြ။

မောင်လှဝင်းတို့ မိသားစုသည် ဆင်းရဲသော်လည်း ရှိတာလေးနှင့် ရောင့်ရဲတင်းတိမ်မှု ရှိကြပါသည်။ အိမ်နီးနားချင်းများထံမှ ချေးငှားခြင်း မရှိပါ။ မောင်လှဝင်း၏ ဖခင်သည် ရပ်ကွက်ထဲကပင် ဖြစ်စေ၊ တခြားနေရာကပဲ ဖြစ်စေ၊ မဖိတ်ဘဲနှင့် အလှူအတန်းများကို သွားလေ့မရှိပါ။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးပီပီ နေ့စဉ် ဘုရားဝတ်တက်ပြီး ဥပုသ်နေ့တိုင်း ဥပုသ်စောင့်လေ့ရှိသည်။


မောင်လှဝင်းသည် ဖခင်ဖြစ်သူ၏ သွန်သင်ဆုံးမမှုများကို ဂရုတစိုက် နားထောင်ပြီး လိုက်နာသူဖြစ်သည်။ မောင်လှဝင်းအလုပ်က မြွေရေခွံအိတ်ကြီးကို ကြိုးဖြင့်သိုင်း၊ ပခုံးမှာ လွယ်ပြီး လမ်းဘေး အမှိုက်ပုံထဲက ရေသန့်ဘူးခွံ့၊ နို့ဆီခွက်၊ ဘီယာဘူးခွံ၊ ကျွဲရိုင်းဘူးခွံ၊ ပုလင်းခွံ၊ ကော်အတိုအစအနနှင့် ပလတ်စတစ်များကို လိုက်ကောက်ပြီး ပစ္စည်းဟောင်း ၀ယ်သည့်ဆိုင်များတွင် ပြန်ရောင်းသည့်အလုပ် ဖြစ်သည်။


တနေ့တွင် နှစ်ထပ်တိုက်ထဲမှ အသက် ၄၀-ခန့် အမျိုးသမီးတယောက် အမှိုက်ပုံ၌ အမှိုက်ခြင်းကို ပစ်သွားသည်။ မောင်လှဝင်းသည် ထိုအမှိုက်ခြင်းထဲက ရေသန့်ဘူးခွံ၊ ဘီယာဘူးခွံ၊ ငံပြာရည်ဘူးခွံနှင့် ပလပ်စတစ် အတိုအစများကို မွှေနှောက်ရှာဖွေနေသည်။ ထိုစဉ် အမည်းရောင် အထုပ်ကလေး တထုပ်ကို ရုတ်တရက် တွေ့လိုက်ရသည်။ ထိုအထုပ်ကလေးကို လက်နှစ်ဖက်ဖြင့် သေသေချာချာ စမ်းကြည့်ပြီး ရင်တွေခုန်နေသည်။ ရွှေထုပ်မှန်း မောင်လှဝင်း သိလိုက်ပြီ။ သည်အချိန်မှာပင် ဖျတ်ခနဲ သူ့အဖေကို မြင်ယောင်ပြီး အဖေ ဆုံးမသော လူဆိုတာ ရိုးသားရမယ်-ဆိုသည့်စကားကိုလည်း ပြန်လည်ကြားယောင် မိသည်။ ထို့ကြောင့် မောင်လှဝင်းသည် ချက်ချင်းပင် စောစောက အမှိုက်ပစ်သွားသော အမျိုးသမီး၏ တိုက်ရှေ့ကို ပြေးသွားသည်။


အန်တီ..အန်တီ..ဟု လှမ်းခေါ်လိုက်သည်။ စောစောက အမျိုးသမီးသည် တိုက်ထဲက ထွက်လာပြီး-
ဟဲ့-ဘာကိစ္စရှိလို့လဲ-ဟု ပြန်မေးသည်။ မောင်လှဝင်းက အန်တီ-ဒီမှာ စောစောက အန်တီပစ်သွားတဲ့ အမှိုက်ခြင်းထဲက အထုပ်ကလေး တွေ့လို့ ပြန်လာပေးတာပါ-ဟု ပြောလိုက်သည်။ ထိုအခါ အမျိုးသမီးသည် ပျာပျာသလဲ ဖြစ်သွားသည်။


ဟယ်-ဒါ..ဒါ..မနက်က အမတို့ ရွှေဆိုင် မသွားခင် မေ့ကျန်သွားတဲ့ ရွှေထုပ်ပဲ-ဟု ဆိုကာ သူ့မိဘများကို ခေါ်ပြီး ရွှေထုပ်ကို သေသေချာချာ ကြည့်သည်။ ရွှေထုပ်ကလေးက မူလအတိုင်း ကြိုးစည်းထားလျက်ပင် ရှိသည်။


ဤတွင် အမျိုးသမီး မိဘတွေက မောင်လှဝင်းကို အိမ်ထဲခေါ်ပြီး ဘယ်မှာနေလဲ၊ မိဘတွေက ဘာလုပ်လဲ၊ မိသားစု ဘယ်နှစ်ယောက်ရှိလဲ-စသည်ဖြင့် မေးမြန်းကြသည်။ ထို့နောက် မောင်လှဝင်းကို ရေမိုး ချိုးခိုင်းပြီး အင်္ကျီ လုံချည်အသစ်တွေ ၀တ်ဆင်ပေးသည်။ ထမင်းကို ကြက်သား၊ ဘဲသားနှင့် ကျွေးသည်။ မောင်လှဝင်းတို့ အိမ်ကို သူတို့ကားဖြင့် လိုက်ပြခိုင်းပြီး သူ့မိဘတွေနဲ့ တွေ့သည်။ ဖြစ်ကြောင်းကုန်စင် ပြောပြပြီး မောင်လှဝင်းတို့ နေအိမ်ကိုလည်း ပြုပြင်ပေးသည်။ မောင်လှဝင်းကိုလည်း သူတို့ရွှေဆိုင်တွင် အလုပ်ပေးသည်။ မောင်လှဝင်း ဖခင်ကိုလည်း ထိုအိမ်မှာပင် သန့်ရှင်းရေး၊ ခြံစောင့် အလုပ်ပေးသည်။ ထို့ပြင် မိသားစုအတွက် ဆန်နှစ်အိတ်၊ ကလေးတွေအတွက် အင်္ကျီ လုံချည်များ ပေးပြီး ကလေးတချို့ကို ကျောင်းထားပေးလိုက်ပြန်သည်။


နေ့ချင်း ညချင်း ဆိုသလို ပြောင်းလဲသွားသော မောင်လှဝင်းတို့ မိသားစု၏ ဘ၀သည် သာယာစိုပြည်နေပြီး တရပ်ကွက်လုံး တမြို့လုံး မောင်လှဝင်းတို့ မိသားစု၏ ကောင်းသတင်းသည် ပျံ့နှံ့သွားပါတော့သည်။ ဤအဖြစ်အပျက်သည် ရိုးသားခြင်း၏ လက်ငင်းအကျိုးပင် ဖြစ်ပေသည်။


ကေတုမတီ မျိုးသန့်
(မြတ်မင်္ဂလာ ၂၀၁၀-ဒီဇင်္ဘာလ)

No comments: