Tuesday, March 1, 2011

လောကပါလတရားနှင့်အညီ ကျင့်ဆောင်နိုင်ကြစေ


ဤကမ္ဘာလောကကြီးကို အကျည်းတန် အရုပ်ဆိုးအဖြစ်မှ သာယာလှပသော လောကအဖြစ်သို့ ရောက်စေရန် တရားနှစ်ပါးက စောင့်ရှောက်ထား၏။ ယင်းတရားနှစ်ပါးကား ဟိရီ နှင့် သြတ္တပ္ပ တို့ ဖြစ်သည်ဟု ဘုရားရှင် ဟောထားသည်။ 
ဟိရီ-ဟူသည်မှာ မကောင်းမှု ဒုစရိုက်တရားတို့ကို ကျူးလွန်ရန် ရှက်ခြင်းနှင့် သြတ္တပ္ပ-ဟူသည် မကောင်းမှု ဒုစရိုက်တရားတို့ကို ကျူးလွန်ရန် ကြောက်ခြင်းတို့ ဖြစ်၏။

ဒုစရိုက်တရားဟူသည် ကိုယ်ဖြင့် မကောင်းမှုကို ပြုခြင်း၊ နှုတ်ဖြင့် မကောင်သောစကားကို ပြောခြင်းနှင့် စိတ်ဖြင့် မကောင်းသောအကြံကို ကြံစည်ခြင်းတို့ဖြစ်သည်။ ဤသို့ ကိုယ် နှုတ် စိတ်တို့ဖြင့် မကောင်းမှုမှ ရှောင်ကြဉ်သူကို ဘုရားရှင် သာဓုခေါ်တော်မူ၏။ ယင်းတရားနှစ်ပါးနဲ့အညီ ကျင့်ကြံနေထိုင်ပါက လောကကြီးသည် အစဉ်သာယာပြီး ငြိမ်းအေး ၀ပြောနေမည်ဖြစ်သည်။ သို့ဖြစ်၍ ဟိရီနှင့်သြတ္တပ္ပကို လောကကို စောင့်ရှောက်သောတရား(လောကပါလတရား)ဟူ၍ ဘုရားရှင် ဟောကြားတော်မူခဲ့ခြင်း ဖြစ်သည်။

အချို့သူတို့ကား ယင်းတရားနှစ်ပါးကို သိကားသိ၏။ မဖြည့်ကျင့်နိုင်ကြပေ။ အချို့ကား ဖြည့်ကျင့်ရန် မဆိုထားဘိ လောကပါလတရားဟူသည် အဘယ်နည်းဟူ၍ မသိရှိပေ။ သိရန်လည်း လို၏။ ဖြည့်ကျင့်ရန်လည်း လို၏။

ဘုရားရှင်မူကား ပါရမီတော် ထိုစဉ်ကာလ အလောင်းတော်ဘ၀ကပင် လောကပါလတရားကို သိလည်းသိ၏၊ ကျင့်လည်းကျင့်၏။ သိသည့်အတိုင်း ကျင့်ကြံခဲ့သောကြောင့် အပူဇော်ခံခဲ့ရသည့်ထုံး ရှိခဲ့၏။ သာဓကပြရသော်---

မြတ်စွာဘုရားရှင်သည် တခုသောဘ၀တွင် ရာမအမည်ရှိသော မင်းတပါးဖြစ်ခဲ့၏။ အခါတပါး ရာမမင်းသား၊ ညီတော်ရင်းနှင့် ဖအေတူ မအေကွဲ တော်စပ်သူ စန္ဒကုမာရ မင်းသားငယ်တို့သုံးဦးသည် တောနက်တခုအတွင်းသို့ သက်ရောက်သွားသည်။ ညီအကိုသုံးယောက်သည် ဆောင်ယူခဲ့သော-ရေ ကုန်သွားပြီးနောက် ရေ-ထပ်မံသောက်လိုပြန်သည်။
အကိုရာမမင်းသားက ညီအရင်းဖြစ်သူအား ရေရှာထွက်စေသည်။ ရေအရှာထွက်သွားသော ညီသည် ဘီလူးတကောင် ပိုင်သော ရေကန်တွင်း သက်ဆင်းမိ၍ အဖမ်းခံရတော့၏။ ဘီလူးက လောကပါလတရား (လောကကို စောင့်ရှောက်သောတရား) ကို သိလို၍ မေးသည်။ မင်းသားက မသိ၍ မဖြေနိုင်။

ညီတော်ရင်း ပြန်ချိန်တန်သော်မှ မပြန်နိုင်သဖြင့် ဖအေတူ မအေကွဲ ညီငယ်ကို ထပ်လွှတ်၏။ ရှေ့နည်းတူ အဖမ်းခံရ၏။ ဘီလူးမေးသည့် လောကပါလတရားကိုလည်း မဖြေနိုင်၊ ညီတော်နှစ်စလုံး ပြန်မရောက်သည့်အခါ အကိုကြီး ရာမကိုယ်တိုင် လိုက်သွားရာ ရေကန်ကိုတွေ့ရ၏။ ညီနှစ်ယောက် ရေကန်တွင်းသို့ သက်ဆင်းသည့် ခြေရာသာမြင်ရပြီး ပြန်တက်သည့်ခြေရာကို မမြင်၊ ပညာဖြင့် ဆင်ခြင်သော် ဤကန်ကို စောင့်သူတဦးဦးက ညီများကို ဖမ်းထားကြောင်း သိလိုက်၏။

ရာမမင်းသားသည် ကန်စပ်ရှိ ကြာရိုးကိုချိုးပြီး ကြာရိုးမှတဆင့် ရေကို စုပ်သောက်လိုက်သည်။ ကန်စောင့်ဘီလူးက ကိုယ်ထင်ပြပြီး မိမိပိုင်သည့်ကန်ရေကို သောက်သဖြင့် မိမိအစာဖြစ်ပြီဟု ပြောကာ မင်းသားအား လောကပါလတရားကို မေး၏။ အထက်ဖော်ပြပါအတိုင်း လောကပါလတရားကို ဖြေကြားရာ ဘီလူးက အကျိုးအကြောင်းကို မေးသည့်အခါ အမေကွဲ ညီကို ထားခဲ့ပြီး ညီရင်းကိုခေါ်ကာ တိုင်းပြည်သို့ ပြန်သွားပါက တရားနှင့်မလျော် ဖြစ်ပေမည်။ သို့ဖြစ်၍ မအေကွဲညီကို ရွေးချယ်ရကြောင်း မင်းသားက ဖြေကြား၏။

ဘီလူးက သင်မင်းသားသည် လောကပါလတရားကို သိ၏။ သိသည့်အတိုင်းလည်း ကျင့်ပေ၏ဟု ချီးကျူးကာ တရားကို ပူဇော်သောအားဖြင့် ညီရင်းကိုပါ လွှတ်ပေးလိုက်လေသည်။
ဤဇာတ်တော်၏ ဆိုလိုချက်မှာ လောကကြီး သာယာဝပြောအောင် ငြိမ်းချမ်းအောင် စောင့်ရှောက်သောတရားသည် ထင်ရှားရှိ၏။ ထင်ရှားရှိသောတရားကို သိအောင် လေ့ကျင့်သင်ကြား ရမည်။ လေ့ကျင့်သင်ကြား၍ သိရှိလာသည့်အတိုင်း ကျင့်ဆောင်ရန်လိုပေသည်။ လောကပါလတရားကို သိရုံမျှသိ၍ မကျင့်ဆောင်ပါမူ ဟင်းမွှေသော ယောင်းမသည် ဟင်းအရသာကို မသိသကဲ့သို့ လောကပါလတရား၏ အကျိုးသက်ရောက်မှုကိုလည်း သိနိုင်မည်မဟုတ်ပေ။

လောကပါလတရားကို သိသည့်အတိုင်း ကျင့်ကြံမှသာလျှင် လောကအတွက်ရော ဘ၀အတွက်ပါ အကျိုးရှိနိုင်ပေမည်။ မိမိအကျိုး၊ လောကအကျိုးကို သယ်ပိုးလိုသူသည် လောကပါလ တရား (ကမ္ဘာစောင့်တရား) ဟိရီနှင့် သြတ္တပ္ပ တရားတို့ကို ကျင့်ဆောင်ရမည်ဖြစ်ကြောင်း ဖော်ပြပါ အထောက်အထားက သာဓကဆောင်လျက်ရှိသည်။

စောပြည်စိုး
(၀ယ်သူ့စိတ်ကြိုက် ဂျာနယ် ၂၀၀၅-ဖေဖော်ဝါရီလ) 

No comments: