Tuesday, March 1, 2011

ဆီးချို ဆေးစား မမှားစေရာ


နှလုံးအား ဆုတ်ယုတ်သည့်ရောဂါ သို့မဟုတ်- ကျောက်ကပ်အား ဆုတ်ယုတ်သည့်ရောဂါ ရှိနေသော ဆီးချိုရောဂါ ဝေဒနာရှင်များကို အမေရိကန်ဆရာဝန်အချို့က ဆီးချိုဆေးပေးရာတွင် မှားယွင်းစွာ ပေးတတ်ခြင်းကြောင့် ဝေဒနာရှင်များ အခြေအနေ ပိုမိုဆိုးဝါးသွားပြီး သေစေလောက်သော ရှုပ်ထွေးမှုများနှင့် ကြုံတွေ့ရပါကြောင်းဖြင့် အမေရိကန် သုတေသီများက တင်ပြခဲ့ကြသည်။

Bristo-Myers Squibb Co..မှ  Glucophage အုပ်စု  အမည်အောက်တွင် ထုတ်လုပ်ဖြန့်ဖြူးပြီး အလွယ်တကူ ၀ယ်ယူရရှိနိုင်သော Metformin ဆေးကို သက်ကြီးပိုင်း ဆီးချိုရောဂါ ကုသရေးတွင် ဆရာဝန်များက ကျယ်ပြန့်စွာ အသုံးပြုလျက်ရှိကြသည်။ ထိုဆေးများကို ကျောက်ကပ်အား ဆုတ်ယုတ်သည့်ရောဂါ သို့မဟုတ်-ဆုတ်ယုတ်သည့်ရောဂါအတွက် ဆေးများ စားသုံးနေရသည့် ဆီးချိုဝေဒနာရှင်များအဖို့ သုံးစွဲရန် သင့်လျော်မှု မရှိချေ။

University of North Carolina မှ သုတေသီများက ရောကျော်ကောက်ယူထားသည့် Metformin ဆေး သုံးစွဲသည့် ဆီးချိုရောဂါဝေဒနာရှင် ၁၀၀-၏ အထွေထွေ ကျန်းမာရေးအခြေအနေကို စစ်ဆေးကြည့်ခဲ့ကြသည်။ သုတေသီတို့၏ တွေ့ရှိချက်အရ ၂၂-ဦးသော ဆီးချိုဝေဒနာရှင်များတွင် ကျောက်ကပ် သို့မဟုတ်-နှလုံးအား ဆုတ်ယုတ်သည့် ဝေဒနာများရှိနေကြောင်း သိကြရသည်။ ၄င်းတို့မှာ Metformin ဆေး သုံးစွဲခြင်းကြောင့် ပို၍ အန္တရာယ်ရှိနေကြ၏။

သုတေသီခေါင်းဆောင် Dr. Chery Horlen က အဆိုပါ ဝေဒနာရှင် ၂၂-ဦးမှာ ပြင်းထန်လှသော ဆေးဝါးနှင့်ဆိုင်သည့် အခြေအနေဆိုးမျိုးကို ကြုံတွေ့ရဖွယ်ရှိကြောင်း၊ ထိုအခြေအနေကို Lactic Acidosis ဟုခေါ်ကြောင်းနှင့်  ထိုအခြေအနေကြောင့် အသက်အန္တရာယ်ရှိကြောင်း တင်ပြထားသည်။ Lactic Acidosis သည် ရှားပါးလှသော ကိုယ်တွင်းဓာတ်ပြောင်းလဲမှု အခြေအနေ ဖြစ်သည်။ ထိုအခြေအနေ ဖြစ်ပေါ်လာပါက ဝေဒနာရှင် ၁၀၀-လျှင် ၅၀-ခန့် အသက်ဆုံးရှုံးရလိမ့်မည်ဖြစ်သည်။

ထိုဖြစ်ရပ်သည် အလွန်အန္တရာယ်များသောကြောင့် Metformin ဆေးပုလင်းတွင် ထိုသို့ဖြစ်တတ်ကြောင်း သတိပေး စာတန်းကို ဘောင်ခတ်ပြီး ရိုက်နှိပ်ထားသည်။ သို့သော် ဆရာဝန်များက ဂရုမစိုက်ကြသည်ကို တွေ့ရသည်ဟု သုတေသီခေါင်းဆောင်က ပြောဆိုခဲ့သည်။

အမေရိကန်နိုင်ငံတွင် Metformin ဆေး စတင်ထုတ်လုပ်ဖြန့်ချိပြီး ၁၄-လအတွင်း Lactic Acidosis အခြေအနေဆိုး ရရှိသည့်ကိစ္စ ၄၇-ဦးတွင် အတိအကျဖြစ်ခဲ့သည်ကို တွေ့ကြရသည်။ ထိုသူများထဲက ၄၂-ရာခိုင်နှုန်းမှာ သေဆုံးသွားခဲ့ကြောင်းလည်း တွေ့ရှိခဲ့ကြရသည်ဟု ဖော်ပြထားသည်။

ပါမောက္ခ မင်းဓာတု
(၀ယ်သူ့စိတ်ကြိုက် ဂျာနယ် ၂၀၀၅-ခု ဖေဖော်ဝါရီလ)

1 comment:

khin oo may said...

သမားကောင်းမှန်ရင်သိပါလိမ့်မယ်။