Tuesday, March 1, 2011

ကိုယ်လုပ်သမျှ ကိုယ်ခံရ


ဘုရားရှင်လက်ထက်တော်က ရဟန်းသုံးပါးသည် ပင်လယ်ကူးလှေကြီးတစင်းတွင် လိုက်ပါခဲ့ကြသည်။ လှေကြီးသည်  သမုဒ္ဒရာအလယ်တွင် ရှေ့မတိုး နောက်မဆုတ်ဘဲ ရပ်တန့်သွားသည်။ ထိုအခါ လှေသူကြီးက "တို့လှေတွင် ကံဆိုးသူ ပါလာသည်။ မဲနှိုက်ကြ"ဟူ၍ လှေထိုးသားများကို အမိန့်ပေးသည်။ မဲနှိုက်ကြသောအခါ လှေသူကြီး၏ဇနီး မဲပေါက်လေသည်။ လှေထိုးသားများက နောက်တကြိမ် မဲပြန်နှိုက်သည်။ လှေသူကြီး၏ဇနီးပင် မဲပေါက်ပြန်၏။ နောက်ဆုံးအကြိမ် မဲနှိုက်သောအခါတွင်လည်း လှေသူကြီး၏ဇနီးဖြစ်သူပင် မဲပေါက်သည်။

လှေသူကြီးက...ငါ့ဇနီးကို ရေထဲ ပစ်ချလိုက်တော့။ ပင်လယ်ရေပြင်မှာ ငုပ်ချည်ပေါ်ချည်ဖြစ်နေရင် ငါ စိတ်မကောင်းဖြစ်မယ်။ လည်ပင်းမှာ အိုးဆွဲ၊ အိုးထဲ ကျောက်ခဲတွေထည့်ပြီး တခါတည်း မြှုပ်သွားအောင် ပစ်ချလိုက်ပေတော့-ဟု အမိန့်ပေးလိုက်သည်။

လှေထိုးသားများသည် လှေသူကြီး အမိန့်ပေးသကဲ့သို့ စီစဉ်ပြီး လှေသူကြီး၏ဇနီးကို ပင်လယ်ရေပြင်ထဲသို့ ပစ်ချလိုက်ကြသည်။ ထိုအခါ  ဇနီးဖြစ်သူ ရေထဲအရောက် လှေကြီးသည်လည်း ပစ်လွှတ်လိုက်သော မြားကဲ့သို့ ရှေ့သို့တရှိန်ထိုး ရွေ့လျားသွားတော့သည်။

ထိုအချင်းအရာကို မြတ်စွာဘုရားနှင့် တွေ့လျှင် လျှောက်ထားမေးမြန်းကြမည်ဟု စိတ်ကူးထားသည်။
**********
တနေရာတွင်လည်း ကမ်းစပ်ရှိ တဲအိမ်တလုံးကို မီးစွဲလောင်သည်ကို တွေ့မြင်ရသည်။ တဲအပေါ် ပျံသန်းနေသော ကျီးငှက်တကောင်ကို မီးကွင်းတခုက လည်မှာ စွပ်မိလျက် မီးလောင်သေဆုံးသည်ကို တွေ့ရသည်။ ထိုအဖြစ်အပျက်အကြောင်းကိုလည်း မြတ်စွာဘုရားထံရောက်ပါက လျှောက်ထားကြမည်ဟု ရဟန်းသုံးပါးက စိတ်ကူးဆုံးဖြတ်ထားကြသည်။
**********
ခရီးပေါက်၍ ရွာတရွာသို့ ရောက်ကြသောအခါ ရဟန်းသုံးပါးသည် ရွာရှိဘုန်းတော်ကြီးကျောင်းတွင် တည်းခိုရန် ခွင့်ပန်သောအခါ နေရာလပ်မရှိ၍ ရွာအနီး ကျောက်တောင်ဂူကြီးထဲတွင် နေကြရသည်။ ထိုသို့နေကြစဉ် ကြီးမားသော ကျောက်တုံးကြီးသည် တောင်ထိပ်ပေါ်မှ လိမ့်ကျလာလျက် ဂူပေါက်ဝတွင် ပိတ်မိနေတော့သည်။ ရွာသားများ ၀ိုင်းဝန်းဖယ်ရှား တွန်းကြသော်လည်း မရဘဲ ပိတ်မြဲပိတ်လျက်ရှိသည်။ သုံးရက်မြောက်သောနေ့တွင် ပိတ်လျက်ရှိသော ကျောက်တုံးကြီးသည် အလိုလိုလိမ့်သွားလျက် ကျောက်ဂူပွင့်သွားတော့သည်။ သုံးရက်တိုင်တိုင် ဆွမ်းဘုဉ်းမပေးရသော ရဟန်းသုံးပါးသည် အင်အားချည့်နဲ့လျက် ဂူတွင်းမှ ထွက်ခဲ့ကြသည်။ ထိုအဖြစ်အပျက်ကိုလည်း ဘုရားရှင်ထံရောက်လျှင် လျှောက်ထားမေးမြန်းကြမည်ဟု စိတ်ကူးထားကြသည်။

ဘုရားရှင်ထံပါးရောက်ကြသောအခါ ရဟန်းသုံးပါးသည် မိမိတို့ လမ်းခရီးတွင် ကြုံတွေ့ခဲ့ရပုံအဖြစ်ဆန်းတို့ကို ပြောဆိုမေးမြန်းလျှောက်ထားကြလေသည်။

ပင်လယ်ရေပြင်သို့ ပစ်ချခံခဲ့ရသော လှေသူကြီး၏ ဇနီးသည် တဘ၀တွင် သူဌေးသမီးဖြစ်ခဲ့သည်။ ငယ်စဉ်ကပင် မွေးထားသော ခွေးကလေးနှင့် အမြဲအတူ သွားလာလေ့ရှိသည်။ အပျိုပေါက်အရွယ် ရောက်သောအခါတွင်လည်း ခွေးကလေးသည် မိန်းမပျိုနောက်သို့ တကောက်ကောက် လိုက်လေ့ရှိသည်။ ထိုအခါ ခွေးကလေးနှင့် အတူသွားလာလေ့ရှိသော မိန်းမပျိုကို ကာလသားများက "မုဆိုးလာပြီ၊ မုဆိုးလာပြီ"ဟု နောက်ပြောင်လေ့ရှိကြသည်။ မိန်းမပျိုသည် ခွေးကလေးကြောင့် အရှက်ရသည်ဆိုကာ တနေ့တွင် ခွေးကို မြစ်ဆိပ်သို့ ခေါ်သွားသည်။ ခွေးလည်ပင်ကို ကြိုးချည်၊ ကျောက်ခဲအပြည့် ထည့်ထားသော အိုးနှင့် တွဲချည်ကာ ရေထဲသို့ တွန်းချလိုက်သည်။ ခွေးကလေး ရေနစ်သေရှာသည်။ ထိုမကောင်းပြုမှု အကုသိုလ်ကံကြောင့် ယခုဘ၀တွင် ပင်လယ်ရေပြင်သို့ ပစ်ချခံခဲ့ရကြောင်း မြတ်စွာဘုရားက မိန့်ကြားလေသည်။

လည်ပင်း မီးကွင်းစွပ်မိ၍ သေဆုံးရသောကျီးသည် တဘ၀တွင် လယ်သမားတဦး ဖြစ်ကြောင်း၊ သူ၏ ပေကပ်ကပ် နွားကို လည်ပင်းတွင် ကောက်ရိုးကြိုးထုံးစွပ်၍ မီးရှို့သတ်ခဲ့သည်။ ထိုမကောင်းမှု အကုသိုလ်ကံကြောင့် ယခု ကျီးဘ၀တွင် မီးကွင်းစွပ်မိ၍ သေဆုံးရကြောင်း မြတ်စွာဘုရားက မိန့်ကြားတော် မူသည်။

ရဟန်းသုံးပါးသည် ရှေးဘ၀တခုတွင် နွားကျောင်းသားများ ဖြစ်ခဲ့သည်။ တနေ့တွင် ဖွတ်ကြီးတကောင်၊ တောင်ပို့ထဲသို့ ၀င်သွားသည်ကို နွားကျောင်းသားလုလင်များ မြင်ရသဖြင့် တွင်းဝကို ရွှံ့ဖြင့် ပိတ်ဆို့ထားလိုက်သည်။ သုံးရက်ကြာမှ သတိရ၍ တွင်းဝကို ဖွင့်ပေးလိုက်သည်။ ဖွတ်ကြီးသည် ပင်ပန်းနွမ်းနယ်ကာ တွင်းထဲမှ ထွက်လာသည်ကို တွေ့ကြသော နွားကျောင်းသားများသည် သနား၍ မသတ်ဘဲ လွတ်လိုက်သည်။ ထိုသို့မိမိတို့ ပြုခဲ့သော မကောင်းမှု အကုသိုလ်ကံကြောင့် ဂူထဲတွင် ရဟန်းသုံးပါး  ပိတ်ခံခဲ့ရသည်ဖြစ်ကြောင်း ရှင်တော်ဘုရားက အတိတ်ဇာတ်ကြောင်းတို့ကို ပြန်ပြောင်း မိန့်ကြားတော်မူလိုက်သည်။

မကောင်းမှုကံများသည် မကောင်းကျိုးကို ပေးတတ်စမြဲဖြစ်ပါသည်။ မိမိပြုခဲ့သော အကုသိုလ်ကံများသည် ဘ၀စဉ်ဆက်လိုက်၍ မကောင်းသောအကျိုးပေးတတ်သည်ကို သတိနှင့်ဆင်ခြင်သင့်လှပါသည်  ကိုယ်လုပ်သမျှ ကိုယ်သာခံရတတ်ကြောင်း စေတနာကောင်းနှင့် သတိပေးရေးသားလိုက်ပါသည်။

မကောင်းမှုပြုသောသူသည် ကောင်းကင်၌နေသော်လည်းကောင်း၊
သမုဒ္ဒရာအလယ်၌ နေသော်လည်းကောင်း၊
တောင်ခေါင်းထဲ၌ ၀င်၍နေသော်လည်းကောင်း၊
မကောင်းမှုအပြစ်က မလွတ်ရာ၊ 
မကောင်းမှုအပြစ် ခံစားရခြင်းက လွတ်အပ်သောအရပ်ဟူ၍ တကွက်မျှ မရှိလေ။ (ဓမ္မပဒ) 

ဦးသန်းထွန်း (ပါမောက္ခ-ငြိမ်း)
ပညာရေးတက္ကသိုလ်
(၀ယ်သူ့စိတ်ကြိုက်ဂျာနယ် ၂၀၀၅-ဖေဖော်ဝါရီလ)

No comments: