Sunday, April 3, 2011

သာသနာ့ အလံတော်

 သာသနာ့အလံတော် အရွယ်အစား---
သာသနာ့အလံတော်ကို အောက်ဖော်ပြပါအတိုင်း အရွယ်အစား (၄)မျိုး ပြုလုပ်အသုံးပြုနိုင်သည်။
(က) အလျား ၉-ပေ။ အနံ-၅-ပေ တမျိုး။
(ခ) အလျား ၄-ပေ၊ ၆-လက်မ။ အနံ-၂-ပေ၊ ၆-လက်မ တမျိုး။
(ဂ) အလျား ၂-ပေ၊ ၃-လက်မ။ အနံ ၁-ပေ၊ ၃-လက်မ တမျိုး။
(ဃ) အလျား ၉-လက်မ။ အနံ ၅-လက်မ တမျိုး-ဟူ၍ အရွယ်အစား ၄-မျိုး ပြုလုပ် အသုံးပြုနိုင်သည်။

အလျားကို အညီအမျှ ၆-ချိုး ချိုး၍ အောက်ဖော်ပြပါ အရောင် ၆-မျိုးကို လက်ဝဲဘက်မှ စတင်၍ အစဉ်အတိုင်း အရောင်ခြယ်ရမည်။
ဝဲမှယာ---
၁=အပြာရင့်ရောင်။ 
၂=အ၀ါရင့်ရောင်။ 
၃=အနီရင့်ရောင်။ 
၎=အဖြူရောင်။ 
၅=ပန်းနုရောင်။ 
၆=(အပြာရင့်၊ အ၀ါရင့်၊ အနီရင့်၊ အဖြူ၊ ပန်းနုရောင်)

(၁) အောက်မဲညို ပန်းပွင့်ရောင်ကဲ့သို့ အညိုပါသော အပြာရင့်ရောင်သည် နီလအရောင် ဖြစ်သည်။
(နီလာနန္တိ ဥမာပုပ္ဇ၀ဏ္ဏာနံ)

(၂) မဟာလှေကား ပန်းရောင်ကဲ့သို့ ရွှေအဆင်းနှင့်တူသော အ၀ါရင့်ရောင်သည် ပီတအရောင် ဖြစ်သည်။
(ပီတကာနန္တိ ကဏိကာရပုပ္ဇ၀ဏ္ဏာနံ)

(၃) သိကြားကွမ်းသွေးရောင် ဟင်္သပြဒါးမှုန့်၊ ချိပ်ရည်အရောင်ကဲ့သို့ အနီရင့်ရောင်သည် လောဟိတအရောင် ဖြစ်သည်။
(လောဟိတကာနန္တိ ဣန္ဒဂေါပက၀ဏ္ဏာနံ)

(၄) သောကြာကြယ်ရောင်၊ ငွေအိုးမှ သွန်းလောင်းအပ်သော နွားနို့ရောင်၊ စပယ်ပန်း အဖြူရောင်ကဲ့သို့ ဆွတ်ဆွတ်ဖြူသောအရောင်သည် သြ၀ါတအရောင် ဖြစ်သည်။
(သြဒါတာနန္တိ သြသဓိကတာရက၀ဏ္ဏာနံ)

(၅) အရုဏ်ရောင်ကဲ့သို့ အနည်းငယ်နီသော သန္တာကျောက်မျက်ရတနာရောင် (ပန်းနုရောင်) သည် မဉ္ဇိဋ္ဌအရောင် ဖြစ်သည်။
(မဉ္ဇိဋ္ဌာနန္တိ မန္ဒရတ္တ၀ဏ္ဏာနံ)

(၆) အထက်ဖော်ပြပါ အရောင်ငါးပါး ရောနှောနေသော အရောင်သည် ပဘဿရအရောင် ဖြစ်သည်။
(ပဋိသမ္ဘိဒါမဂ္ဂ၊ ဋ္ဌ၊ ၂-၁၃)

သာသနာ့အလံတော်ကို အောက်ဖော်ပြပါ နေ့ရက်များ၌ အသုံးပြုနိုင်သည်---
(က) ကဆုန်လပြည့် ဗုဒ္ဓနေ့ အခါတော်နေ့။
(ခ) နယုန်လပြည့် မဟာသမယ အခါတော်နေ့။
(ဂ) ၀ါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့။
(ဃ) သီတင်းကျွတ်လပြည့် မဟာပ၀ါရဏာနေ့။
(င) တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့။

သာသနာ့အလံတော်ကို အောက်ဖော်ပြပါ ပွဲတော်များ၌ အသုံးပြုနိုင်သည်---
(က) ၀ါဆိုပွဲတော် အခမ်းအနား
(ခ) ကထိန်ပွဲတော် အခမ်းအနား
(ဂ) အဘိဓမ္မာအခါတော်နေ့ အခမ်းအနား
(ဃ) ရှင်ပြုမင်္ဂလာ အခမ်းအနား
(င) ရဟန်းခံမင်္ဂလာ အခမ်းအနား
(စ) ဆွမ်းကြီးလောင်းပွဲတော် အခမ်းအနား
(ဆ) မဟာဘွဲ့နှင်းသဘင် အခမ်းအနား
(ဇ) စူဠဘွဲ့နှင်းသဘင် အခမ်းအနား
(ဈ) နိုင်ငံတော်က ကျင်းပသော ဘွဲ့တံဆိပ်တော် ဆက်ကပ်ပွဲ အခမ်းအနား
(ည) တိပိဋက စာမေးပွဲနှင့် ပူဇော်ပွဲ အခမ်းအနား
(ဋ) စာမေးပွဲ အခမ်းအနား
(ဌ) စာပြန်ပွဲ အခမ်းအနားများ
(ဍ) သံဃနာယကအဖွဲ့က ခွင့်ပြုသည့် တရားပွဲ အခမ်းအနား
(ဎ) ထီးတော်တင်ပွဲ အခမ်းအနား
(ဏ) ဗုဒ္ဓပူဇနိယ အခမ်းအနားများ
(တ) သံဃာ့အစည်းအဝေးများ
(ထ) သံဃ၀ိနိစ္ဆယအဖွဲ့ စစ်ဆေးဆုံးဖြတ်ရန် ဌာန
(ဒ) ဘာသာရေး, သာသနာရေးနှင့်ဆိုင်သည့် သင်တန်းများ
(ဓ) ပဋ္ဌာန်း ဒေသနာတော်မြတ် ရွတ်ဖတ်ပူဇော်သည့် အခမ်းအနား
(န) နိကာယ်စာပြန်ပွဲ ပူဇော်ပွဲ အခမ်းအနားများ

သာသနာ့အလံတော်ကို အောက်ဖော်ပြပါအတိုင်း လွှင့်ထူရမည်---
(က) သာသနာ့အလံတော်ကို လွင့်ထူသည့်အခါ နီ-အပြာရင့်ရောင်ကို လွှင့်ထူသူ၏ ၀ဲဘက်၌သာ ရှိစေရမည်။
(ခ) သာသနာ့အလံတော်ကို လွှင့်ထူသည့်အခါ အရောင်ငါးပါး ရောနှောနေသော ပဘဿရအရောင်တွင် လက်ယာဘက် အပေါ်ဆုံးထိပ်မှာ နီလ-အပြာရင့်ရောင် အမြဲရှိနေရမည်။
(ဂ) သာသနာ့အလံတော်ကို လွှင့်တင်ရာတွင် တိုင်ထိပ်အရောက် သွက်လက်စွာ ဆွဲတင်ရမည်။ အလံတော်ကို ချသောအခါတွင်မူ့ ဖြည်းညင်းစွာ ချရမည်။
(ဃ) အလံတော်ကို နေထွက်မှ နေ၀င်အထိသာ လွှင့်ထားရမည်။ ကြီးကျယ်သော ဘာသာရေးအခမ်းအနား၌မူ ညအချိန်တွင်လည်း လွှင့်ထူထားနိုင်သည်။

သာသနာ့အလံတော်ကို အောက်ဖော်ပြပါနည်းအတိုင်း စိုက်ထူလွှင့်ထူကြရမည်---
(က) အလံတော်ကို တရားဟော စင်မြင့်ပေါ်၌ ဆင်ယင်လိုလျှင် ကျောဘက်နံရံအမြင့်တွင် အလျားလိုက် ထားရမည်။ အလံတော်၏ အပြာရင့်ရောင်သည် လွှင့်ထူသူ၏ ၀ဲဘက်၌သာ ရှိစေရန်နှင့် ပဘဿရအရောင်၏ လက်ယာဘက်ထိပ်မှာ အပြာရင့်ရောင် ရှိစေရန် သတိပြုပါ။

(ခ) အခြားအလံများနှင့် စုပေါင်းစိုက်ထူလိုလျှင် သာသနာ့အလံတော်ကို အလံအားလုံး၏ အလယ်ဗဟိုတွင် ရှိစေ၍ အခြားအလံများထက် မြင့်ထားရမည်။

(ဂ) တရားဟောစင်များ၌ စိုက်ထူထားလျှင် အလံတော်ကို တရားဟောသူ၏ လက်ယာဘက် ရှေ့ကျကျ၌ စိုက်ထူရမည်။
(ဃ) တရားဟောစင်တွင် သာသနာ့အလံတော်အပြင် အခြားအလံတခုကိုလည်း စိုက်ထူလိုလျှင် ယင်းအလံကို တရားဟောသူ၏ လက်ဝဲဘက်၌ စိုက်ထူရမည်။

(င) မော်တော်ယာဉ်ပေါ်၌ သာသနာ့အလံတော်ကို လွင့်ထူသည့်အခါ အလံရိုးကို မော်တော်ယာဉ်ကြီးများ၏ အမိုး၏ ရှေ့ပိုင်း၌ ခိုင်မြဲစွာ စိုက်ထူရမည်။ ကားငယ်များ၌ လက်ယာဘက် ရှေ့ပိုင်း၌ လွင့်ထူရမည်။

(စ) ဗောဓိပင်ကို ဖြစ်စေ၊ ဘုရားထီးတော်ကို ဖြစ်စေ၊ ဆရာတော်ကြီးများကို ဖြစ်စေ၊ စာအောင်သံဃာတော်များကို ဖြစ်စေ၊ ဓမ္မကထိကဆရာတော်များကို ဖြစ်စေ ကြိုဆိုသည့် အခမ်းအနားများ၌ မော်တော်ယာဉ်၌ အသုံးပြုရသည့်အခါ သွားကြိုသည့်အခါ အသွားခရီးမှာ သာသနာ့အလံတော်ကို သေသပ်စွာလိပ်ပြီး သွားရမည်။ အပြန် ကြိုလာသည့်အခါကျမှသာ အလံတော်ကို ဖွင့်လာရမည်။ စက္ကူအလံသေးများကို သုံးစွဲသည့်အခါ ဒေါင်လိုက် ချိတ်ဆွဲ အသုံးပြုနိုင်သည်။

(ဆ) အခြား ဗုဒ္ဓဘာသာနှင့် စပ်လျဉ်းသည့် ဘာသာရေးဆိုင်ရာ အခမ်းအနားနှင့် အစည်းအဝေးများတွင်လည်း အဖက်ဖော်ပြပါနည်းအတိုင်း စနစ်တကျ အသုံးပြုနိုင်သည်။

သာသနာ့အလံတော်၏ ဂုဏ်သိရ်ကို ထိန်းသိမ်းစောင့်ရှောက်၍ လေးစားသမှု ပြုကြရန်အတွက် အောက်ပါ တားမြစ်ချက်များကို လိုက်နာကြရမည်---
(က) သာသနာ့အလံတော်ကို ရဟန်းတော်များ ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ၊ ဘုရားဖူးယာဉ်အမျိုးမျိုး၌ တပ်ဆင်အသုံးမပြုရ။

(ခ) လမ်းဘေး၊ လမ်းဆုံ လမ်းခွ၊ မော်တော်ယာဉ်ဆိပ်၊ ရေဆိပ်၊ ဈေး စသော ဌာနတို့၌ အကြောင်းမဲ့သက်သက် သာသနာ့အလံတော်ကို အသုံးမပြုရ။

(ဂ) မော်တော်ယာဉ်များကို သာသနာ့အလံတော်များဖြင့် ရပ်တန့်တားဆီး၍ ခရီးသွားများထံမှ အလှူခံခြင်းမျိုး၌ အသုံးမပြုရ။

(ဃ) သာသနာ့အလံတော်ကို မရိုမသေ မလေးမစား မပြုရ။ အလံတော်ကို မည်သူသို့မျှ (သို့မဟုတ်-မည်သည့်အရာ ၀တ္ထုသို့မျှ မညွတ်စေရ။

(င) သာသနာ့အလံတော်ကို တနည်းနည်းဖြင့် အလွယ်တကူ စုတ်ပြတ်အောင်၊ ညစ်ထေး စွန်းကွက်အောင်၊ ပျက်စီးအောင် မလွှင့်ထူရ၊ ဆင်ယင်ပြသခြင်းများ မပြုရ၊ အသုံးမပြုရ၊ ထားသိုခြင်း မပြုရ။

(စ) သာသနာ့အလံတော်ကို နဖူးစည်းအဖြစ် မည်သည့်ဌာနတွင်မျှ မသုံးရ။

(ဆ) သာသနာ့အလံတော်ကို ပစ္စည်းထုတ်ရန် မည်သည့်အခါမျှ အသုံးမပြုရ။ ကုန်အမှတ်တံဆိပ်၊ ကြော်ငြာ၊ ဆိုင်းဘုတ် စသည်တို့အတွက် အလံတော်ပုံစံကို မည်သည့်အခါမျှ မသုံးရ။

(ဇ) သာသနာ့အလံတော်ကို လွှင့်ထုသော အလံတိုင်တွင် မည်သည့်ကြောငြာစာမျှ မကပ်ရ မချိတ်ရ။

(ဈ) သာသနာ့အလံတော်ကို အသုံးပြုရာတွင် ချည်နှောင်ထုံးဖွဲ့ ရစ်ပတ်ခြင်း မပြုရ။

(ည) သာသနာ့အလံတော်ကို အောက်ဖက်ရှိ မြေပြင်၊ ရေပြင်၊ ကြမ်းပြင် ပစ္စည်းဝတ္ထု စသည်တို့နှင့် မထိပါးစေရ။

(ဋ) အလံတော်ကို အခင်းအဖြစ် မည်သည့်အခါမျှ အသုံးမပြုရ။

(ဌ) သာသနာ့အလံတော်၏ အထက်၌ မည်သည့်အလံမျှ မလွှင့်ထူရ။

(ဍ) ကျောက်ရုပ် ကျောက်တိုင် ရုပ်တု အစရှိသော အထိမ်းအမှတ်နှင့် ပွဲများ၌ အလံတော်ကို လွင့်နိုင်သည်။ သို့သော် ကျောက်ရုပ် ကျောက်တိုင် ရုပ်တု စသည်တို့ကို အလံတော်ဖြင့် ဖုံးအုပ်မထားရ။

(ဎ) သာသနာ့အလံတော်ကို မည်သည့်အခါမျှ စွန့်ပစ်ခြင်း မပြုရ၊ ဟောင်းနွမ်းစုတ်ပြတ်၍ အသုံးမပြုနိုင်လျှင် မီးရှို့ ဖျက်ဆီးရမည်။

(သံဃနာယက လက်စွဲ စာအုပ်-မှ)

No comments: