Tuesday, April 5, 2011

အရင်းအနှီး

ဆရာ ထမင်း စားသွားပါလား
တနေ့ နံနက် ၁၁-နာရီလောက်က ရန်ကုန်မြို့တွင်းသို့ ကိစ္စဖြင့်သွားရင်း မိတ်ဆွေတဦး အိမ်ကို ၀င်လိုက်ပါသည်။ ခေတ္တစကားပြောပြီး ပြန်ရန် နှုတ်ဆက်သောအခါ မိတ်ဆွေ၏ဇနီးက ထမင်းစားရန် ဖိတ်ခေါ်ပါသည်။ 

မစားတော့ဘူး အန်တီစန်း၊ ကျွန်တော် ထမင်းမစားတာ တလပြည့်တော့မယ်။
ကျွန်တော်က ပြန်ပြောတော့ အလွန် အံ့သြဟန်ဖြင့်-
ဟင်-ဘာဖြစ်လို့ ထမင်းမစားတာလဲ။ တလတောင် ထမင်းမစားဘဲ နေနိုင်သလား၊ ဘာစားနေလဲ-ဟု တသီတတန်းကြီး မေးပါတော့သည်။ ကျွန်တော်က-

အစာအိမ် ပြန်ထလို့ မစားဘဲ နေလိုက်တာ၊ တလလောက်ဆိုရင် ပြန်စားလို့ရပြီ။ မနက်ပိုင်း ဆန်ပြုတ် သောက်တယ်၊ ညနေပိုင်း ကွေကာအုတ် သောက်တယ်။ ထမင်းပြန်စားရင်တော့ ညနေဘက် မစားဘူး။ ကွေကာအုတ်ပဲ သောက်တယ်။ ညနေ ထမင်းမစားတာ ဆယ်နှစ်ကျော်သွားပြီ။ ဟု- အကျယ်တ၀င့် ပြန်ရှင်းပြပါသည်။ 

သည်တော့ မိတ်ဆွေ ကိုကျော်က-
တလတောင် ထမင်းမစားဘဲ နေနိုင်တယ်ဆိုတာ တကယ် အံ့သြစရာပဲ။ ကျွန်တော်တို့ကတော့ တပတ်တောင် မနေနိုင်ဘူး-ဟု ပြောပါသည်။

ကျွန်တော်က-
ဗိုက်ခွဲရမယ်-ဆိုတဲ့ ကျွန်တော့် အစာအိမ်အနာကို ဗိုက်မခွဲဘဲ တနှစ် ထမင်းမစားဘဲ နေလို့ ပျောက်ခဲ့တယ်။ အနာက လုံးဝပျောက်သွားတာ မဟုတ်ဘူး။ မှားရင် ပြန်ထတယ်။ လွန်ခဲ့တဲ့ လေးနှစ်လောက်က အတော်ကလေး မှားပြီး အတော်ကလေး ပြန်ထလို့ အထူးကုနဲ့ ပြတယ်။ ဓာတ်မှန်ရိုက်ပြီးတော့ အထူးကုက ဓာတ်မှန်ကို ကြည့်ပြီးတော့ ကျွန်ျတာ့်ကိုပါ ထောက်ပြပြီး-

ကြည့်စမ်း အနာကြီးက နည်းတာကြီး မဟုတ်ဘူး။ ခွဲမှ ဖြစ်မယ်၊ ခွဲဖို့ စီစဉ်ပါ။ ပြီးတော့ ကျွန်တော့်ဆီ ပြန်လာခဲ့။ ဒီမှာ (ပုဂ္ဂလိက ဆေးခန်း) ခွဲချင်လည်း ရတယ်၊ ဆေးရုံ (အစိုးရဆေးရုံ) တက်ခွဲချင်လည်း ရတယ်။လို့ ပြောပါတယ်။ 

ကျွန်တော်က ဟုတ်ကဲ့-ဆိုပြီး ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ ပြန်ကုလိုက်ပါတယ်။ သုံးလလောက် ထမင်းမစားဘဲ နေလိုက်တယ်။ ဆေးအဖြစ်တော့ နွယ်ချိုပျားရည်ကို ပုံမှန်သောက်တယ်။ တချို့ နှစ်ခါပြန် သုံးခါပြန် ခွဲဖူးတဲ့ လူတွေကို တွေ့ဖူးတော့ သိပ်မခွဲချင်ဘူး။ ဒါကြောင့် မခွဲရအောင် ကြိုးစားနေခဲ့တာပါ။
ကျွန်တော်က ကျွန်တော့်နောက်ကြောင်းကို အနည်းငယ် ပြန်ပြောပြပါသည်။

လုပ်စမ်းပါဦး၊ ကျွန်တော့် သားတော်မောင်လည်း အစာအိမ်ရောဂါ ဖြစ်ချင်နေတယ်၊ ဖြစ်နေပြီ ထင်ပါတယ်။ အဲဒါ ဘယ်လိုလုပ်ရင် ကောင်းမလဲ။ ခင်ဗျား ဘယ်တုံးကလောက် စဖြစ်သလဲ။ ဘယ်လိုလုပ်ခဲ့သလဲ။ အစအဆုံး ပြန်ပြောပြပါဦး။ ဟု အားတက်သရော မေးပါသည်။

ကျွန်တော်က-
ဘယ်အရာမဆို အကျိုးအမြတ်ရဖို့ အရင်းအနှီး ဆိုတာ ရှိတယ်။ များများရင်းနိုင်လေ၊ အကျိုးအမြတ် များလေပေါ့။ ကျန်းမာရေးဘက်က ပြောရရင် မဖြစ်အောင် ကြိုတင်ကာကွယ်ခြင်း၊ ဖြစ်ရင် ပျောက်ကင်းအောင် ကုသခြင်း၊ မပျောက်လျှင် မတိုးပွားအောင် ထိန်းသိမ်းထားခြင်းတို့အတွက် အရင်းအနှီးတွေ လိုတယ်။

ဆရာနဲ့ ကုတာကျတော့ ဆရာကို ဆေးဖိုးဝါးခ ပေးရတာရယ်၊ ဆရာ ညွှန်ကြားတဲ့အတိုင်း လိုက်နာရတာရယ် ဆိုတဲ့ အရင်းအနှီး လိုတယ်။ 
ကြိုတင်ကာကွယ်ဖို့ကတော့ "ကျန်းမာရေး ဗဟုသုတနဲ့ လိုက်နာကျင့်သုံးနိုင်မှု"  ဆိုတဲ့ အရင်းအနှီး လိုတယ်။ မတိုးပွားအောင် ထိန်းသိမ်းထားနိုင်ဖို့ကတော့ "ရှောင်ရန် ဆောင်ရန်-ဆိုတာကို သိတဲ့ အရင်းအနှီးနဲ့ ရှောင်နိုင်၊ ဆောင်နိုင်တဲ့ အရင်းအနှီး" လိုတယ်။ ခင်ဗျားတို့လည်း ဗဟုသုတ မသေးကြပါဘူး။ သိပါတယ်။ ကျွန်တော့်အကြောင်းကို ပြောပြမယ်။ ကောင်းမယ်ထင်ရင် နည်းယူဖို့ပေါ့။

ဒီရောဂါမျိုးဆိုတာ ရရချင်းသိတဲ့ ရောဂါ မဟုတ်ဘူး။ ကျွန်တော်လည်း မသိဘူး။ ကျွန်တော်ရတဲ့ အကြောင်းကတော့ ထမင်းကို အချိန်မှန် မစားဘူး။ 
ငရုတ်သီး သိပ်ကြိုက်တယ်။ 
ဆေးလိပ် အမြဲသောက်တယ်။ 
အရက်ကို ရံဖန်ရံခါ သောက်တယ်။ ဒါလောက်ဆိုရင် အစာအိမ်ရောဂါရဖို့ လုံလောက်တဲ့ အရင်းအနှီး-ပဲပေါ့။

စောစောပိုင်းက လက္ခဏာတွေ ပြခဲ့တာပေါ့။ ဒါပေမယ့် ဂရုမစိုက်၊ သတိ မထားမိခဲ့ဘူး။ ၁၉၆၈-ခုနှစ် ကျွန်တော့်အသက် ၃၈-နှစ်လောက်မှာ ၀န်ထမ်းဘ၀က သင်တန်းတခု သွားတက်ရတယ်။ သင်တန်းမှာ ရှစ်လလောက်ကြာတယ်။ သင်တန်းဆင်းခါနီး ဆယ်ရက်လောက် အလိုမှာ အစာအိမ်ရောဂါ အပြင်းအထန်ဖြစ်လို့ သင်တန်းဆေးခန်းက အင်းစိန်ဆေးရုံ တက်လိုက်ရတယ်။ ဓာတ်မှန်ရိုက်ကြည့်တော့ အစာအိမ်မှာ အနာဖြစ်နေတယ်။ ခွဲရမယ်လို့ ပြောတယ်။ ကျွန်တော်က သင်တန်းဆင်းတော့မှ ခွဲပါရစေ၊ သက်သာအောင်ပဲ လုပ်ပေးပါလို့ တောင်းပန်တယ်။ ဒါနဲ့ သုံးရက်နဲ့ ဆေးရုံက ဆင်းလာခဲ့ပြီး သင်တန်းစာမေးပွဲ ဖြေတယ်။ ဆင်းပြီး သက်သာသွားတော့ ခွဲပြီးလည်း အဆင်မသင့်ရင် ပြန်ခွဲရတာပဲ-ဆိုတာကို ကြားဖူးထားတော့ ဆေးရုံပြန်မသွားခဲ့ဘူး။ အဲဒီမှာ ရုံးပြန်ရောက်တော့ ကျွန်တော့်ဌာနက အသက်ကြီး ၀န်ထမ်းတဦးက-
ဆရာ တသက်လုံး ဗိုက်မခွဲချင်ရင် ကျွန်တော်ပြောတဲ့အတိုင်းလုပ်၊ အာမခံတယ်-လို့ ပြောလာတယ်။ 
သူ့ညွှန်ကြားချက်က 
ပထမ-သုံးလ ဆန်ပြုတ်ရည်ကျဲကျဲ သောက်ပြီး နေရမယ်။ 
ဒုတိယ-သုံးလ ဆန်ပြုတ်ရည် မပျစ်မကျဲ သောက်ပြီး နေရမယ်။
တတိယ-သုံးလ ဆန်ပြုတ်ပျစ်ပျစ်ကလေး သောက်ပြီး နေရမယ်။ 

ပထမ-သုံးလ တနေ့ ၈-ကြိမ်၊
ဒုတိယ-သုံးလ တနေ့ ၆-ကြိမ်၊
တတိယ-သုံးလ တနေ့ ၄-ကြိမ် သောက်ရမယ်။
စတုတ္ထ-သုံးလမှာ ပေါင်မုန့် မထူမပါး ၂-ချပ်နဲ့ ကြက်ဥ မကျက်တကျက် တလုံး၊ ကော်ဖီ တခွက်ကို တနေ့ သုံးကြိမ် စားသောက်ရမယ်။ 
ဒီလို တနှစ် ထမင်းမစားဘဲ နေပြီးနောက် ထမင်းပျော့ပျော့ကို တရုတ် ထမင်းစားတဲ့ ပန်ကန်လုံးနဲ့ မနက် တလုံး၊ ည တလုံး၊ ငါးမွှေ၊ ကြက်သားပြုတ် နူးနူးနဲ့ သုံးလစားရမယ်။ ပြီးရင် ပုံမှန်ပြန်စား။ ဒါပေမယ့် တပန်းကန်ကျကျလေးထက် ပိုမစားနဲ့တော့။ ပြီးတော့ အထူး မှာကြားချက် သုံးချက် ရှိသေးတယ်။ ဘာလဲဆိုတော့---

၁။ စားကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ပိုမစားနဲ့၊ လျှော့မစားနဲ့၊ ပုံမှန်စား။
၂။ ထမင်းစားချိန်ကို သတ်မှတ်ပြီး (၁၅)မိနစ်ထက်လည်း မစောစေနဲ့၊
   (၁၅)မိနစ်ထက်လည်း နောက်မကျစေနဲ့။
၃။ ထမင်းစားခါနီး၊ ထမင်းစားနေစဉ်နဲ့ ထမင်းစားပြီးစတို့မှာ ရေအေး လုံးဝ မသောက်နဲ့-တဲ့။

ကျွန်တော်လည်း သေသေချာချာ စဉ်းစားဆုံးဖြတ်ပြီး တသဝေမတိမ်း လိုက်နာတယ်။ ဆန်ပြုတ် စသောက်လို့ ဆယ်ရက်လောက်ရတော့ ပျောက်သလိုဖြစ်ပြီး ထမင်းစားချင်တယ်။ ကျွန်တော် ရအောင် သည်းခံခဲ့တယ်။ တချို့ ကျွန်တော့်ကို သဘောကျလို့ လိုက်လုပ်ကြတယ်။ ဘယ်သူမှ ဆန်ပြုတ်ကို တလပြည့်အောင် သောက်နိုင်သူ မရှိဘူး။ ပြီးတော့-

အပူအစပ်နဲ့ ချဉ်ဖတ်မျိုးစုံ၊ ဆေးလိပ်၊ အရက် တို့ကို လုံးဝ ရှောင်ဖို့နဲ့ ချဉ်ပေါင်၊ ၀က်သား၊ မျှစ် စတဲ့ အစာကြေခဲတဲ့ အစာများကို တတ်နိုင်သလောက် ရှောင်ဖို့ ပြောတယ်။ ကျွန်တော် လိုက်နာခဲ့တယ်။
အဲဒီ အရင်းအနှီးတွေနဲ့ ဒီ အစာအိမ်အနာကြီးကို ခွဲရတဲ့အထိ မရောက်အောင် အနှစ် ၄၀-နီးပါး ထိန်းခဲ့တာပဲ။ 

ဒါပေမယ့် တခါတရံ မတတ်သာလို့၊ အားနာလို့ ချိုးဖောက်ရမှုတွေ ရှိတတ်ပါတယ်။ အဲဒီအခါ များသွားရင် ပြန်ထတော့တာပဲ။ ပြန်ထရင် ကျွန်တော့်နည်းကတော့ ဆန်ပြုတ်သောက်တဲ့နည်းပဲ။ အခုတော့ ကွေကာအုတ်ပါပေါ့။

ကျွန်တော်က ကျွန်တော့်အကြောင်းကို တတ်နိုင်သမျှ စုံစုံလင်လင် ပြန်ပြောပြသည်။
အင်း---ဖြစ်နိုင်တယ်၊ ဒါပေမယ့် လုပ်ဖို့မလွယ်ဘူး။
ကျွန်တော့်မိတ်ဆွေ ကိုကျော်က မှတ်ချက်ချပါသည်။

အကျိုးအမြတ် တခုအတွက် အရင်းအနှီးကတော့ အမှန်ရှိရပါမည်။
ကျွန်တော့်နည်းသည် ရောဂါနုလျှင် သို့မဟုတ်-လုံးဝ ထပ်မမှားလျှင် ပျောက်ကင်း ချမ်းသာနိုင်ပါသည်။

အစာအိမ် ရောဂါရှင်များအတွက် ဗဟုသုတအဖြစ်နှင့် လိုက်နာကျင့်သုံးလျှင် လိုက်နာကျင့်သုံးသလောက် အကျိုးရှိစေလို့ တင်ပြရခြင်း ဖြစ်ပါသည်။
အားလုံး ကျန်းမာကြပါစေ။

ချောင်းဆုံ အုန်းသွင်

No comments: