Wednesday, April 6, 2011

ကပ်ကျော် ဒေါက်ချာ

ပထမကမ္ဘာစစ်ကြီး မဖြစ်ခင် (၁၉၁၁) ခုနှစ်က မစ္စတာ ရှားမင်းဆိုသူ ဂျူးလူမျိုးတဦး ဂျာမဏီပြည်မှ မြန်မာပြည်သို့ ရောက်ရှိလာပါသည်။ သူသည် အရှေ့တောင်အာရှနိုင်ငံများသို့ သွား၍ ရှေးဟောင်းပစ္စည်းများ ၀ယ်ယူစုဆောင်းသည်။ မြန်မာပြည်သို့ လာရောက်ပြီး ပစ္စည်းအမျိုးပေါင်း နှစ်ထောင်ကျော် ရရှိခဲ့သည်။ 

ယင်းတို့ကို ဂျာမဏီပြည် မြူးနစ်မြို့ ရိုးရာပြတိုက်သို့ ပေးပို့ခဲ့သည်။ မစ္စတာရှားမင်း စုဆောင်းခဲ့သည်ထက် များပြားသော ရှေးဟောင်းမြန်မာပစ္စည်းများစွာ ဟင်းဘက်နှင့် ဒရက်စဒင်မြို့ရှိ ပြတိုက်ကြီးများတွင် ရှိသေးသည်။

ဟစ်တလာ အာဏာရလာသောအခါ ဂျူးလူမျိုးအားလုံးကို အန္တရာယ်ပြုသည်။ ထို့ကြောင့် မစ္စတာရှားမင်းလည်း ထွက်ပြေးခဲ့ ရသည်။ သူစုဆောင်းခဲ့သော ပစ္စည်းများကား စစ်အတွင်းက ဗုံးဒဏ်နှင့် မီးဘေးတို့မှ လွတ်ရာသို့ ရွှေ့ပြောင်းထားနင့်၍ အားလုံးကျန်ရှိခဲ့ပါသည်။ ယင်းတို့ကို ကက်သလောက်သွင်းခြင်း ပြီးစီးခဲ့ပြီ ဖြစ်သည်။

(၁၉၅၅) ခုနှစ် နိုဝင်ဘာလတွင် ကျွန်တော် မြူနစ်မြို့သို့ရောက်ရှိခဲ့သည်။ ဗုဒ္ဓဟူးနေ့တိုင်း တက္ကသိုလ်အရှေ့တိုင်းဌာနမှ ကျောင်းသူ ကျောင်းသား (၁၅)ယောက်ကို စာသင်ပေးရပါသည်။
တနေ့တွင် ဟောဒီ...ရွှေဦးထုပ်အကြောင်း သင်ပေးပါ-ဟု ပြောလာပါသည်။ ကြည့်လိုက်ရာ ဦးခန္တီ၏ ဒေါက်ချာ-ဟု ကက်သလောက်တွင် မှတ်တမ်းရေးထားပါသည်။ ထိုနေ့က ဒေါက်ချာများအကြောင်းနှင့် ဦးခန္တီ-၏ အကြောင်းတို့ကို သင်ကြားပြသပေးရပါသည်။ ပါမောက္ခ ဒေါက်တာဟော်မန်းနှင့် ကျောင်းသူ ကျောင်းသားများကပါ စိတ်ပါဝင်စားစွာ ဆွေးနွေးခဲ့ကြရာ နေ့လယ်စာ(၁)ချက်ခွဲမှ စားကြရပါသည်။ စာသင်ကြားရာတွင် ဒေါက်ချာကို ပလတ်စတစ်လက်အိတ်စွပ်၍ ကိုင်ရပါသည်။ ဒေါက်ချာကို စက္ကူပါးဖြူဖြူကြီးပေါ်ချ၍ ထားရပါသည်။

ဒေါက်ချာပေါ်မှ နှစ်ကျိပ်ရှစ်ဆူ ဘုရားများ---
ရွှေဇ၀ါပေါ်တွင် ရေးထားသော ဘုရားရှင်များမှာ အထက်တန်းတွင် ဆယ်ဆူရှိ၍ အောက်တန်းတွင် (၁၈)ဆူ ရှိပါသည်။ ဘွဲ့တော်များလည်း ပါပါသည်။ စာလုံးပေါင်းသတ်ပုံမှာ မူရင်းရေးထားသည့်အတိုင်း ဖြစ်ပါသည်။

အထက်တန်း (၁၀) ဆူ---
၁။ အစ, တနင်ဂရာ
၂။ မေဒင်ဂရာ
၃။ သရနင်ဂရာ
၎။ ဒီပင်ဂရာ
၅။ ကန္ဓည
၆။ မင်္ဂလ
၇။ သုမဏ
၈။ ရေ၀ရ
၉။ သောဘိတ
၁၀။ အနောမဒသီ

အောက်တန်း (၁၈) ဆူ
၁။ ကကုသံ
၂။ ဂေါဏာဂုံ
၃။ ကဿဘ
၎။ဂေါတမ
၅။ ပဒုမ
၆။ နာရဒ
၇။ ပဒုမုတ္တိုရ
၈။ သုမေဓာ
၉။ သုဇာတာ
၁၀။ ပီယဒသီ
၁၁။ အတ္ထဒသီ
၁၂။ ဒမ္မဒသီ
၁၃။ သိဒ္ဓတ္ထ
၁၄။ တိဿ
၁၅။ ဖုဿ
၁၆။ ၀ိပဿီ
၁၇။ သိခီ
၁၈။ ဝေဿဘူ 
နှစ်ကျိပ်ရှစ်ဆူ ဘုရားများ၏ အထက်၊ ဒေါက်ချာ၏ ထိပ်စွန်းတွင် ရှေ့ရော နောက်ပါ စေတီများရှိပါသည်။ အစ, တနင်ဂရာ-ကို ရှေ့မျက်နှာမှာထား၍ ဒေါက်ချာဆောင်းလျှင် ရှေ့တွင် စေတီ(၁၄)ဆူ ရှိပြီး၊ နောက်ဘက်တွင် စေတီ(၁၀)ဆူ ရှိပါသည်။

ဒေါက်ချာ၏ အတိုင်းအတာ---
ဒေါက်ချာ၏ အမြင့်မှာ(၂၅)စင်တီမီတာ ရှိပါသည်။ ဒေါက်ချာ၏ အခြေပတ်လည် အ၀မှာ(၅၇)စင်တီမီတာ ရှိသည်။ အချင်းမှာ (၁၉)စင်တီမီတာ ရှိပါသည်။ ကျွန်တော်၏ခေါင်းပေါ် ဆောင်းကြည့်ရာ မတော်ပါ။ ကျွန်တော်၏ နဖူးပတ်လည်မှာ (၅၈)စင်တီမီတာ ရှိပါသည်။ ဤသို့ဖြင့် ရသေ့ကြီး၏ ဦးခေါင်းကို မှန်းကြည့်နိုင်ပါသည်။

အင်္ဂလိပ်စကားပုံတခု ရှိသည်။ Don`t leave any stone unturned ဘယ်ကျောက်ခဲမှ လှန်မကြည့်ဘဲ ချန်မထားခဲ့နဲ့။ အဓိပ္ပါယ်မှာ မည်သည့်သဲလွန်စမှ မကြည့်ဘဲ ချန်မထားခဲ့နှင့် ဟူလို။ ယခု မိုင်(၆၀၀၀) ကွာ ခရီးကို ကျွန်တော် လာခဲ့ရသည်။ တခုခု ကျန်ခဲ့၍ ထပ်မံသိလိုလျှင် လာကြည့်နိုင်မည် မဟုတ်။ ထို့ကြောင့် ကြည့်စရာ သဲလွန်စ တခုမျှ မကျန်ရအောင် ကြည့်ပါသည်။

ဒေါက်ချာ၏ အတွင်းဘက်---
ရသေ့ကြီး၏ ဒေါက်ချာ ကျွန်တော့်စားပွဲပေါ် ရက်အတော်ကြာ ကျန်ရစ်ပါသည်။ သက်ဆိုင်ရာမှလည်း လာမတောင်းပါ။ ကျွန်တော်က အခြားအလုပ်များလုပ်ရင်း မေးခွန်းတခုပေါ်တိုင်း ထကြည့်မိပါသည်။
ရသေ့ကြီး၏ ဒေါက်ချာအတွင်းပိုင်းကို စေ့စေ့စပ်စပ် ကြည့်ခဲ့ပါသည်။ လက်ဖြင့်လည်း စမ်းကြည့်သည်။ လက်နှိပ်ဓာတ်မီးထိုး၍လည်း ကြည့်ပါသည်။ 
အတွင်းမှာ ဖျင်ဖြူစများကို သစ္စေးဖြင့် ဒေါက်ချာပုံ ဖော်ထားခြင်း ဖြစ်သည်။ ကွာနေသော ဖျင်စများကို မပျက်စေဘဲ လှန်လှောကြည့်ပါသေးသည်။

ဦးခန္တီသည် ဘိုးတော်လော၊ ဂိုဏ်းဝင်လော---
ယင်းသို့ စေ့စေ့စပ်စပ် ကြည့်ရသည်မှာ ဒေါက်ချာအတွင်းတွင် ရေးထားသလော၊ ငွေပြား၊ ကြေးပြား၊ ရွှေပြား တခုခုဖြင့် အင်းနှံထားသလော၊ ဓာတ်လုံးများ မြှုပ်နှံထားသလော၊ ဘုရားဓာတ်တော်များ ဌာပနာထားသလော၊ ဘာမျှ မတွေ့ရပါ။

ရသေ့ကြီးမှာ မြန်မာပြည်တ၀ှမ်း သာသနိက အဆောက်အဦးကြီးများကို စွမ်းစွမ်းတမံ ဆောက်လုပ်လှူဒါန်းသွားသူ ဖြစ်လေရာ အံ့သြစရာဖြစ်ခဲ့ပါသည်။ ယင်းကို မှော်အောင်သည်။ ဓနသိဒ္ဓိ ပြီးစီးသည်ဟု ယုံကြည်သူအများ ရှိသည်။ ရသေ့ကြီးတွင် ရွှေဖြစ်သော ဓာတ်လုံး ရှိသည်ဟုလည်း ယုံကြသေးသည်။ အင်္ဂလိပ်အရေးပိုင် မစ္စတာစကော့ကပင် ရွှေငွေ ဖြစ်,မဖြစ် လာရောက်စုံစမ်းဖူးသည်။

ပို၍ ထူးဆန်းသည်မှာ ရသေ့ကြီး ကွယ်လွန်ပြီးနောက် ဘိုးတော်ဂိုဏ်းများမှ သာသနိက အဆောက်အဦးကြီးများ ဆောက်လုပ်ရန် တာဝန်ပေးခဲ့သယောင် ရေးသားခဲ့ကြသည်။ ရသေ့ကြီး သူ့စိတ်နှင့်သူ လုပ်ခြင်းဖြစ်သည်။ ဘယ်ဂိုဏ်းကမှ ခိုင်း၍ မဟုတ်ပါ။ 
(၁၉၈၀) မတိုင်မီက ရေးဆွဲသော ပန်းချီကား၌ ဘိုးတော်(၃၄)ဦး၊ (၃၃)ဦး စသည်တွင် ရသေ့ကြီးကို ထည့်သွင်းထားသည်ကို တွေ့ရသည်။ ယင်းမှာ ကြည်ညိုသူများ၏ လုပ်ရပ်သာဟု ကျွန်တော်ယူဆသည်။
ထို့ကြောင့် ရသေ့ကြီး၏ ဒေါက်ချာတွင် ဥုံဖွဂါထာ ယတြာမန္တန်၊ အင်းဆန် လက်ဖွဲ့တို့ မြှုပ်နှံမထားကြောင်း အစီရင်ခံလိုပါသည်။

ဂိုဏ်းဆရာတို့ တောနင်းရှာ---
ကျွန်တော် မြူးနစ်၌ရှိစဉ် မြန်မာပြည်မှ အမည်မဖော်လိုသူတဦးက ရသေ့ကြီး၏ ဒေါက်ချာကို ဈေးပြောပါစေ၊ ဘယ်လောက် ပေးရပေးရ ပေးနိုင်ပါသည်။ ရအောင် ၀ယ်ခဲ့ပါ-ဟု ပြောလာသူပင် ရှိပါသည်။ သည်ရောက်လာသော ပစ္စည်းကို ဘယ်နည်းနှင့်မှ ပြန်ရရန် မလွယ်ပါ။

မန္တလေးတောင် ဦးခန္တီပြတိုက်တွင် သော့ခတ်မှန် ဘီရိုကြီးအတွင်း ရသေ့ကြီး၏ ရွှေဒေါက်ချာတခု ရှိပါသည်။ မစ္စတာရှားမင်း ရသေ့ကြီးထံမှ အလှူခံ ရရှိသွားသော ပထမဒေါက်ချာ၏နောက်တွင် ထပ်မံပြုလုပ်သော ဒုတိယဒေါက်ချာ ဖြစ်ဖွယ် ရှိပါသည်။

ရသေ့ကြီးကို မှော်အောင်သည်ဟု ယုံကြည်သူများရှိကြောင်း ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ မစ္စတာရှားမင်းလည်း မှော်အောင်ပုံရသည်။ ရသေ့ကြီး၏ ဒေါက်ချာကို အလှူခံ၍ ရသွားသောကြောင့် ဖြစ်ပါ၏။ သို့ရာတွင် မစ္စတာရှားမင်းကား  လူကောင်းတယောက် ဖြစ်ပါသည်။ ရသေ့ကြီးအား ၀ိတိုရိယ ဘုရင်မကြီး ခေါင်းမြီးခြုံထားသော ပုံပါသည့် ရွှေဒင်္ဂါးတပြားနှင့် (ထိုခေတ်က) ညီသော ငွေ(၁၁)ကျပ်ကို (၂၇.၁.၁၉၁၁) နေ့စွဲဖြင့် လှူဒါန်းခဲ့ကြောင်း သူ၏ မှတ်တမ်းတွင် ဖတ်ရှုရပါသည်။

ရသေ့ကြီး၏ ဒုတိယဒေါက်ချာမှာ ရသေ့ကြီး အမှန်တကယ် ဆောင်းခဲ့ပုံရပါသည်။ ကျွန်တော်သည် ရသေ့ကြီး၏ ပထမဒေါက်ချာကို စူးစမ်းသောအနေဖြင့် ဆောင်းကြည့်ခဲ့ဖူးသူဖြစ်ရာ မှန်ကောင်တာထဲက ဒေါက်ချာ၏ အ၀၊ အရွယ်ကိုလည်း မှန်းဆကြည့်ရှုခြင်း ဖြစ်ပါသည်။

မှန်ဘီရိုထဲမှ ဒေါက်ချာကိုလည်း ဘီရိုဖွင့်ယူပြီး ဂိုဏ်းဆရာများက ရေသွန်းပူဇော်ခွင့် တောင်းခံဖူးပါသည်။ ရေသွန်း၍ ကျလာသောရေမှာ ဂိုဏ်းဆရာတို့အတွက် အသုံးဝင်မည်ဟု ယုံကြည်ရပါသည်။ သို့ရာတွင် အနှစ်(၁၀၀)ခန့်ရှိပြီဖြစ်သော ရသေ့ကြီး၏ ဒေါက်ချာကို ရေစိုခံ၍ မဖြစ်ပါ။ ရေထိ၍ မရပါ။ ရှေးဟောင်းပစ္စည်း ဟူသမျှကို အဖျက်ဆီးဆုံးမှာ Moisture အစိုဓာတ် ဖြစ်ပါသည်။ ထို့ကြောင့် သက်ဆိုင်ရာမှ ဤကိစ္စကို ခွင့်မပြုခဲ့ဟု သိရသည်။

ရန်ကုန်မြို့ရှိ မိသားတစုထံ၌ ရသေ့ကြီး ဦးခန္တီ၏ ဒေါက်ချာတခု ကိုးကွယ်ထားပါသည်။ ရသေ့ကြီး၏ ပုတီးနှင့် သင်္ကန်းစလေးများကို အမြတ်တနိုး ကိုးကွယ်ထားသူများလည်း တွေ့ပါသည်။ ရသေ့ကြီး၏ သင်္ကန်းအထပ်လိုက်လည်း တွေ့ဖူးပါသည်။ ဂိုဏ်းအသီးသီးမှလည်း အမြတ်တနိုး ကြည်ညိုကိုးကွယ်လို၍ ရှာဖွေလျက် ရှိပါသည်။ အခြားပစ္စည်းများလည်း ရှိပါသေးသည်။ မပြောကောင်းပါ။

ကပ်ကျော် ဒေါက်ချာ---
ယခု ကျွန်တော် တွေ့ခဲ့ရသော ဒေါက်ချာမှာ (၁၉၁၁) ခုက မြူနစ်ပြတိုက်သို့ ရောက်ရှိနေခဲ့လေရာ (၁၉၁၄)တွင် ဖြစ်ပွားသော ပထမကမ္ဘာစစ်တွင်လည်းကောင်း၊ (၁၉၄၀) ကျော်တွင် ဖြစ်ပွားသော ဒုတိယကမ္ဘာစစ်တွင်လည်းကောင်း၊ စစ်ဘေးဒဏ်မှလွတ်ရန် တနေရာမှ တနေရာသို့ အကြိမ်ကြိမ်ပြောင်းရွှေ့ခဲ့ရသည်။ ယင်းသို့ ပြောင်းရွှေ့ခဲ့ရသော်လည်း ကျိုးပဲ့ခြင်း၊ ပွန်းခြင်း၊ ပျောက်ဆုံးခြင်း၊ လုံးဝမဖြစ်ဘဲ အကောင်းပကတိ ယနေ့ထိ ရှိနေပါသေးသည်။ ၀မ်းသာစရာ ကောင်းပါသည်။ ကံကောင်းလှသော ဤဒေါက်ချာကို ကပ်ကျော်ဒေါက်ချာ-ဟု ကျွန်တော်ခေါ်ဆိုချင်ပါသည်။ ကုသိုလ်သမ္ဘာ အဆောက်အဦး ကြီးမားသော သူတော်ကောင်း၏ ပစ္စည်းအစစ်အမှန်ပင် ဖြစ်ပါသည်။
အကိုး။ မန္တလေး နှစ်(၁၅၀)ပြည့် မဂ္ဂဇင်း (စာမူခွင့်ပြုချက် အမှတ်-၅၃၀၀၃၅၀၄၀၉)

ဆရာဝန် တင်မောင်ကြည်
( ရောင်ပြန် ၂၀၁၀-နိုဝင်ဘာ)

No comments: