Friday, April 8, 2011

ဘေးရန်ကင်းအောင် ဆင်ခြင်ရှောင်

မိမိတို့ မြန်မာမှုနယ်ပယ်၌ အရပ်တနေရာသို့ အကြောင်းကိစ္စပေါ်ပေါက်၍ ခရီးသွားရတော့မည်ဆိုလျှင် တုနှိုင်းမရသည့် တန်းခိုးတော်ရှင် မြတ်စွာဘုရားအား ရှိခိုးပူဇော်ခြင်း၊ လူကြီးသူမတို့ကို ရှိခိုးပူဇော်ခြင်းများ ပြုလုပ်ပြီးမှ ခရီးထွက်လေ့ရှိပါသည်။ ကောင်းမြတ်သော အလေ့အထဖြစ်သည်နှင့်အညီ အကန်တော့ခံ လူကြီးမိဘတို့ကလည်း---

အသက်ရှည်ပါစေ--ဘုန်းကြီးပါစေ--အနာမျိုး ၉၆-ပါး ကင်းဝေးပါစေ--ကြံတိုင်းအောင်၍ ဆောင်တိုင်း မြောက်ပါစေ--ခလုတ်မထိ ဆူးမငြိပါစေနဲ့--သွားလမ်းတွေ သာလို့ ပြန်လမ်းတွေ လည်းဖြောင့်ဖြူးပါစေ---
ဟူ၍ ဆုတွေပေးလေ့ရှိပါသည်။ မိမိ၏ မိတ်ဆွေတဦးဖြစ်သော ကိုသက်မောင်ဆိုလျှင် ဂါရဝေါ စ၊ နိဝါတော စ နှင့်အညီ ခရီးထွက်လေတိုင်း ပြုဖွယ်ကိစ္စရပ်များကို ပြုလေ့ရှိပါသည်။ သူ့အလုပ်က ကုမ္ပဏီတခု၏ အရောင်းမြှင့်တင်ရေး ကိုယ်စားလှယ်ဖြစ်လေတော့--မကြာခဏဆိုသလို ခရီးထွက်ရလေ့ရှိပါသည်။ မည်သို့ပင်ဖြစ်စေ ကိုသက်မောင်အဖို့ သွားလမ်းတွေလည်း သာသလို လာလမ်းတွေလည်း ဖြောင့်ဖြူးခဲ့စမြဲပင်။

ကျွန်တော်က ဘာသာတရားကို သက်ဝင်ယုံကြည်တဲ့အပြင် လောကီပညာရပ်တွေအပေါ်မှာလည်း လေ့လာလိုက်စားလေတော့ ခရီးထွက်မယ့်အခါတိုင်း ဘေးရန်ကင်းအောင် ဆင်ခြင်ရှောင်-ရမယ့် အချက်ကလေးတွေကို လုပ်လေ့ရှိပါတယ်။

ဘယ်လိုများပါလိမ့် ကိုသက်မောင်၊ သိခွင့်ရှိရင် သိချင်စမ်းပါဘိဗျာ-
သိရပါတယ်ဗျာ--တကယ်တန်ဘိုးရှိပြီး လောကီနယ်မှာ လက်တွေ့အသုံးဝင်တဲ့ ခရီးသွား အန္တရာယ် ကာကွယ်ရေး-ဆိုပါတော့ဗျာ။ သည်လိုဗျ လူတယောက် သူခရီးသွားရမယ့် အရပ်ဒေသမှာ အန္တရာယ် ရန်စွယ် အနှောင့်အယှက်တွေ ရှိ-မရှိ သိချင်တယ်ဆိုပါတော့၊ သူရဲ့ လက်ရှိ ကျရောက်နေတဲ့ အသက်ကိုတည်ပြီး ၃-နဲ့ ပေါင်းလိုက်ပါ။ (အသက်+၃=   ) ရလဒ်ကို ၅-နဲ့ စားလိုက်ရင် ။ ( ရလဒ် ÷ =    )
အကြွင်းတွေ ရလာလိမ့်မယ်။

ဟုတ်ကဲ့--
အဲသည် ရလာမယ့် အကြွင်းတွေထဲမှာ 
(၁)ကြွင်းရင် အရှေ့အရပ်ကို ခရီးသွားရင် ရန်ရှိတယ် သတိထားရမယ်။
(၂)ကြွင်းရင် တောင်အရပ်ကို ခရီးသွားရင် ရန်ရှိတယ် သတိထားရမယ်။
(၃)ကြွင်းရင် အနောက်အရပ်ကို ခရီးသွားရင် ရန်ရှိတယ် သတိထားရမယ်။
(၄)ကြွင်းရင် မြောက်အရပ်ကို ခရီးသွားရင် ရန်ရှိတယ် သတိထားရမယ်။ 
(၀)ကြွင်းတယ်ဆိုရင်တော့ အိမ်မှာရှိတဲ့ လူတဦးဦးက ရန်သတ္တုပြုနိုင်တယ်။ 
ဒါတွေသိထားရင် သတိပြုပြီး ဆင်ခြင်နိုင်တာပေါ့ဗျာ၊ ကိုယ်က သတိနဲ့ ဆင်ခြင်မယ်၊ သီလတရားလည်း လုံခြုံမယ်ဆိုရင်တော့ --သွားလမ်းတွေ သာပြီး--ပြန်လမ်းတွေ ဖြောင့်မှာ အမှန်ပဲ။

ဇမ္ဗူလကျာ
(သြကာသ ၂၀၀၈-သြဂုတ်လ)

No comments: