Sunday, April 10, 2011
လူသားအကျိုးပြု ငုရွှေဝါ
နှစ်စဉ် အတာကျူးသည့် လတန်ခူးသို့ရောက်လေတိုင်း ရွှေဝါရောင် ငုပန်းများသည် ကံ့ကော်ပန်း၊ ပိတောက်ပန်းတို့နှင့်အတူ အပြိုင်အဆိုင် ပွင့်လေ့ရှိကြပါသည်။ ဤရာသီတွင် ပိတောက်တွေ ရွှေရည်လူးသကဲ့သို့ ငုတွေလည်း ရွှေရည်လူးကာ အခိုင်အခိုင် မြိုင်မြိုင်ဆိုင်ဆိုင် ပွင့်လေ့ရှိပါသည်။
ပိတောက်၊ ကံ့ကော်၊ ငုတို့တွင် ပိတောက်ပန်းသည် တရက်ပင်မကြာ နွမ်းနယ်သွား၍ ကံ့ကော်ပန်းသည်ကား နှစ်ရက် သုံးရက်တော့ ခံပါသေးသည်။ ငုပန်းကား ထိုသို့မဟုတ်ဘဲ တန်ခူးလ တလလုံးလိုလိုပင် သူ့အပွင့်များက သူ့အပင်အား ရွှေရည်ဖုံးထားသည့်အလား ရက်ရှည်ပွင့်သည်။ ကြည့်၍လည်း အလွန်လှသည်။ လူတိုင်းနှစ်သက်ကြသည်။ ထို့ကြောင့် မြန်မာတို့က ငုရွှေဝါ-ဟု ၀ိသေသပြု ခေါ်ကြသသကဲ့သို့ ဒတ်(ခ်ျ)လူမျိုးတို့ကလည်း ငုရွှေဝါ ပွင့်နေသည်ကို မြင်လျှင် ရွှေမိုးတွေ ရွာနေသည် ဟုပင် တင်စားကြသည်။
ငုပန်းသည် အမြင်ဆန်း၍ ရွှင်လန်းမှုကို ဖြစ်စေသော်လည်း ရနံ့မသင်းသဖြင့် ပန်ဆင်ခြင်းပြုသူကား အလွန်နည်းလှသည်။ ထို့ပြင် ပန်းမြတ်တော်ဝင်အဖြစ်လည်း စာရင်းမတင်နိုင်ခဲ့ပေ။ သို့သော် ငုရွှေဝါက လူသားအားလုံး၏ ကျန်းမာရေးအတွက်တော့ များစွာအထောက်အကူ ပြုနေပါသည်။
မြန်မာ့ဆေးကျမ်းများ၌ အသက်ရှည်ဆေးပင် လေးမျိုး ဖော်ပြထားရာ ငုပင် ပါဝင်သည်။ ယင်းလေးမျိုးတို့၏ ထူးခြားချက်များမှာ-
(၁) ငု-ငုသီး၏အနှစ်သည် နှစ်ပေါင်းများစွာ ကြာသော်လည်း ပုပ်သိုးခြင်း၊ ခြောက်သွေ့သွားခြင်း မရှိ။
(၂) ဆင်တုံးမနွယ်-ဆင်တုံးမနွယ်သည် ခုတ်ထစ်ပိုင်းဖြတ်၍ နှစ်ပေါင်းများစွာ ထားသည့်တိုင် အညွှန့် 
     အညှောက် ထွက်သည်။
(၃) ရှားစောင်းလက်ပပ်-ရှားစောင်းလက်ပပ်သည် မြေမှနုတ်၍ နှစ်ပေါင်းများစွာ ကြာသည့်တိုင် မညှိုးဘဲ 
     စိုပြည်နေသည်။
(၄) ပန်းပေါင်းတထောင်(ပျားရည်)-ပျားရည်သည် နှစ်ပျောင်းများစွာ မပုပ်မသိုး တည်နိုင်သည်။
ထို့ကြောင့် အသီးတွင် ငု၊ အပင်တွင် ဆင်တုံးမနွယ်၊ အရွက်တွင် ရှားစောင်းလက်ပပ်၊ အရည်တွင် ပျားရည်-ဟု ဆိုစမှတ်ပြုကြခြင်း ဖြစ်သည်။ အသက်ရှည်ဆေး လေးပါး-ဟု ဆိုလိုသည်။
ဤ၌ ဆင်တုံးမနွယ်သည် မည်သည့်အခါမျှ မသေသော (အမတာ) မသေပင်ဖြစ်၍ 
ငုသီးသည် မည်သည့်အခါမျှ ပုပ်ဆွေးခြင်း မရှိသောကြောင့် ငုပင်သည် (အဗျာဓိ) မနာပင် မည်၏။ 
ထို့အတူ ဥနှဲ (အုန်းနှဲ) သည် ၁၂-ရာသီပတ်လုံး အရွက်ကြွေသည်ဟူ၍မရှိဘဲ အမြဲစိမ်းလန်းပြီး မည်သည့်အခါမျှ မအိုသောကြောင့် (အဇရာ) မအိုပင် မည်၏-ဟု ဆေးကျမ်းများ၌ ပြဆိုသည်။ 
မအို၊ မနာ၊ မသေ အမည်ရသော ထိုဆေးသုံးမျိုးတို့၏ အမြစ်ကို ဆတူပြု၍ ပျားရည်နှင့်စပ်ပြီး ဆီးသီးကင်းခန့် လုံးကာ နေ့စဉ် နံနက်တလုံး၊ ည တလုံး စားသုံးလျှင် ကျန်းမာနုပျိုစေသည်ဟု ဆိုကြပါသည်။
ငုသည် ငုကြီး(ဖွားဖက်)၊ ငုရွှေ (ငုစပ်)၊ ငုသိမ်-ဟူ၍ သုံးမျိုးရှိသည်။ ယင်းတို့တွင် ငုကြီး(ဖွားဖက်)ကို အမပင်ဟုခေါ်၍ ငုရွှေ(ငုစပ်)ကို အဖိုပင်ဟု ခေါ်ကြသည်။ ငုပင်နှင့်ပတ်သက်၍ မြန်မာအဘိဓာန် အကျဉ်း၌မူ ငုကြီး-ငုရွှေပင်၊ ငုစပ်-ပန်းရောင်အပွင့်များ အကိုင်းပေါ်တွင် အဆုပ်လိုက် အခိုင်လိုက်ပွင့်သော ငုပင်တမျိုး။ ဖွားဖက်ပင် ငုရွှေ-ငုသိမ်-ငုစပ်ပင်နှင့် ဆင်သော ငုပင်။ (အပွင့်များ အစင်း၊ ပန်းရောင်၊ အဖြူရောနေ၍ အနံ့သင်းသည်)ဟု ဖွင့်ဆိုထားသည်။
ငုသည် ရွှေဝါရောင်အပွင့်ရှိသောကြောင့် ယင်းကို ပါဠိဘာသာအားဖြင့် ဟေမပုပ္ဇ-ဟုလည်း ခေါ်ကြ၏။ ထို့ပြင် ငုဟောပရိယာယ်တွင် ဒီဃဖလ-အသီးရှည်ပင်-ဟုလည်း ဆိုထား၏။ ပါဠိကျမ်းများတွင် ကဏိကာရသဒ္ဒါသည် ငုကိုဟောသော အုပ်စု၌ ပါဝင်၍ မဟာလှေခါးကိုဟောသော သဒ္ဒါအုပ်စုများ တွင်လည်း ကဏိကာရော၊ ပါဒပုပ္ဇလ၊ ပရိဗျာဓ-ဟူ၍ ပါရှိ၏။ အချို့ဆရာများကမူ ၁၂-ရာသီပင်ဟု ပြန်ဆိုထား၏။ မည်သို့ဖြစ်စေ ငုနှင့် မဟာလှေခါး တခြားစီသာ ဖြစ်၏။
ငုသည် ပင်လတ်မျိုးဖြစ်၏။ အရွက်မှာ အနည်းဆုံး သုံးလက်မမှ ခုနစ်လက်မခန့် ရှည်၍ အကြောလေးများ ပါရှိသည်။ အရွက်ပုံစံ ရှည်မျောမျောရှိ၍ ရွက်ထိပ်ချွန်းသည်။ အသီးမှာ သီးတောင့်ရှည်မျိုးဖြစ်၍ တပေကျော် ရှည်သည်။ ငုကြီးမျိုး၏ အသီးမှာ နှစ်ပေခန့်ရှည်သည်။ အချို့က အသီး၏ အတို, အရှည်ကိုကြည့်၍ ငုတိုမျိုး၊ ငုရှည်မျိုးဟု ခွဲခြားကြ၏။ ငုပင်သည် လုံးပတ် သုံးပေမှ ငါးပေအထိရှိသည်။ မြန်မာနိုင်ငံအနှံ့အပြား၌ သဘာဝအလျောက် ပေါက်ရောက်သည်။ အချို့က အစေ့ကိုပျိုး၍ အရိပ်ရပင် (သို့မဟုတ်) အလှအပအဖြစ် စိုက်ပျိုးကြသည်။
ငုကို ရုက္ခဗေဒအမည်အားဖြင့် Cissia Fistulalinn-ဟုခေါ်၍ Caesalpiniaceae မျိုးရင်းဖြစ်သည်။
အရသာနှင့် အကျိုးသွား အာနိသင်အနေအားဖြင့် 
ငုသီးသည် ချိုသက်သက်ဖြစ်၏။ ၀ိပါက၌ စပ်၏၊ လေး၏၊ ၀မ်းမီးကို စင်ကြယ်စေ၏။ 
အရွက်သည် နူးညံ့စွာ ၀မ်းသက်၏။ 
အပွင့်သည် အေး၏၊ ခါး၏၊ ဖန်၏၊ 
အနှစ်သည် ၀ိပါက၌ ချို၏။ ၀မ်းမီးကို ပွားစေ၏။ ၀မ်းသက်စေ၏။ နှုတ်မြိန်စေ၏။ နူနာကို ပယ်၏။ အဖျားကို ပျောက်စေတတ်၏။ လေတို့ကို ပယ်စေတတ်၏။ 
အမြစ်သည် အရေပြား၊ နူနာ၊ အဆုတ်ရောဂါတို့အတွက် အကျိုးပြု၏။
ဂုဏ်နှင့်စွမ်းရည်အနေအားဖြင့် ကြေကျက်၏။ နှုတ်မြိန်စေ၏။ အဖျား၊ နှလုံး၊ ရတ္တပိတ်နာ၊ လေချုပ်၊ ထိုးအောင့်နာတို့ကို နိုင်၏။ အသီးသည်  နှုတ်မြိန်စေ၏။ နူနာကို ပယ်တတ်၏။ သည်းခြေကို ထုတ်ဆောင် တတ်၏။ သလိပ်ကို နိုင်၏။ အဖျား၌ကောင်း၏။ အရွက်သည် သလိပ်နှင့်အဆီကို ခြောက်စေ၏။ အဖျားနှင့် အခါခပ်သိမ်း သင့်၏။ မလတို့ကို လျော့ပါးစေ၏။ အနာပေါက်၌ အသားနုတက်စေ၏။ အဆစ်ရောင်ရောဂါ၌လည်း ကောင်း၏။ အပွင့်သည် နှုတ်မြိန်စေ၏။ သလိပ်၊ သည်းခြေကိုနိုင်၏။ အနှစ်သည် နူးညံ့၏။ လေ၊ သည်းခြေကို နိုင်၏။ အမြစ်သည် အရေပြား၊ နူနာ၊ အဆုတ်နာ၊ လိင်နိမိတ်ရောဂါတို့ကို ပျောက်ကင်းစေ၏။
ဆေးအဘိဓာန်တွင် ငုရွက်သည် ပူ၊ ချို၊ ရသရှိ၏။ အဖျားရင့်သောအနာ၊ အထက်သို့ဆန်တက်သော လေနာတို့ကို ပျောက်ကင်းစေတတ်၏။ ၀မ်းကိုလည်း လျော့ကျစေတတ်၏။ အသီးသည် ချို၏။ အားကို ဖြစ်စေတတ်၏။ ၀မ်းချုပ်၍ စမြင်းခံသောအနာ၊ အပုပ်အားကြီးသောအနာ၊ အစာမကြေ ရောဂါ၊ ပိန်ကြုံခြောက်ကပ်သောအနာ၊ လေအားကြီးသောအနာတို့ကို နိုင်၏။ အမြစ်သည် နူးညံ့ချိုအေးသော အရသာရှိ၏။ ဖျားနာ၊ ရင်နာ၊ လေနာ၊ သွေးနာ၊ မြင်းသရိုက်နာများကို နိုင်၏ဟုလည်းကောင်း။
ဒဗ္ဗဂုဏပကာသနီကျမ်းတွင် ငုမြစ်သည် ချိုသောအရသာရှိ၏။ ဖျားနာ၊ ရင်နာ၊ လေနာ၊ သွေးနာ၊ မြင်းသရိုက်နာ စသောရောဂါတို့နှင့် လွန်စွာသင့်မြတ်၏။ ငုသီးသည် ချို၏။ အားကို ဖြစ်စေ၏။ လေ၊ သည်းခြေ၊ မြင်းသရိုက်နာတို့ကို ပယ်ရှား၏။ အသံကိုကောင်းစေ၏ဟုလည်းကောင်း ဖော်ပြထားသည်။
ငုသည် ပဉ္စငါးပါးလုံး ဆေးဖက်ဝင်၏။ ဆေးဝါးအသုံး၌ ငုကြီး(ဖွားဖက်)ကို အသုံးများသည်။ 
* ရေယုန်နာပေါက်သူများ အနာကို ငုရွက်သတ္တုရည်ဖြင့် လိမ်းကျံပေးလျှင် သက်သာပျောက်ကင်းနိုင်သည်။
* အဆစ်ရောင်သူများ ငုရွက်ကို ပူနွေးအောင်လုပ်၍ ရောင်သောနေရာ၌  ယင်းငုရွက် ပူပူနွေးနွေးဖြင့် 
  ကြပ်ထုပ်ထိုးပေးလျှင် သက်သာပျောက်ကင်းနိုင်သည်။
* ၀မ်းချုပ်သူများ ငုရွက်နုနုကို ဟင်းချက်သောက်လျှင် ၀မ်းမှန်စေနိုင်သည်။
* နူနာ၊ ပိုးရောဂါ၊ အရေပြားရောဂါများအတွက် ငုရွက်ကြိတ်ရည်ဖြင့် မကြာခဏ လိမ်းကျံပေးလျှင် 
   သက်သာပျောက်ကင်းနိုင်သည်။
* ထုံကျဉ်ကိုက်ခဲနေသူများ ငုရွက်၊ အုန်းနှဲရွက်၊ သင်္ဘော မဲဇလီရွက်တို့ကို ဆတူကြိတ်၍ ယင်းကို 
  ကြခတ်ဝါးစိမ်း အဆစ်တခု၌ထည့် မီးဖုတ်ပြီး လက်ဖက်ခြောက်ခတ်သောက်သကဲ့သို့ ခတ်သောက်လျှင် 
  သက်သာပျောက်ကင်းနိုင်သည်။
* နားပုပ်၊ နားပြည်ယို ရောဂါဖြစ်သူများ ငုရွက်နှင့် ကြောင်ပန်းရွက်ကို အရည်ညှစ်၍ ၄င်းအရည်ဖြင့် 
   နား၌ကျပ်ပေးလျှင် သက်သာပျောက်ကင်းနိုင်သည်။
* အတက်၊ အကိုက်၊ ဒူလာပါဒရက်၊ မီးယပ်ထုံ၊ မီးယပ်ချည့် ဝေဒနာများအတွက် ငုရွှေသီးအနှစ် ငါးကျပ်သား၊ ထန်းလျက် ငါးကျပ်သား၊ ပျားရည် ငါးကျပ်သား၊ ဆားလှော် နှစ်ကျပ်ရှစ်ပဲသား၊ ပွေးကိုင်း တဆယ်ကျပ်သားတို့ကို တေဆေးအဖြစ်ဖော်စပ်စားလျှင် သက်သာပျောက်ကင်းနိုင်သည်။
* ပွေး၊ ၀ဲ၊ သွေးဆိုး၍ဖြစ်သော အရေပြားနာများအတွက် ငုခေါက် (သို့မဟုတ်) ငုမြစ်ကိုသွေး၍ အနာ၌ 
   လိမ်းကျံပေးလျှင် သက်သာပျောက်ကင်းနိုင်သည်။
* မျက်စိမျက်သား ယားယံသူများ ငုစပ်ခေါက်၊ ရေသိမ်၊ ကျောက်ချဉ်တို့ကို  ပုံးရည်နှင့် ဆတူသွေး၍ စစ်ပြီး 
   မျက်စဉ်းခတ်ပေးလျှင် သက်သာပျောက်ကင်းနိုင်သည်။
* နားယားသူများ နားကို ငုသီးအနှစ်ပြုတ်ရည်ဖြင့် အစက်ချခတ်ပေးလျှင် သက်သာပျောက်ကင်းနိုင်သည်။
* ကလေးများ ၀မ်းဖောဝမ်းရောင်၊ လေထိုးခြင်းတို့အတွက် ငုနှစ်အခေါက်ကိုသွေး၍ ကလေး၏ 
   ချက်ပတ်လည်၌ လိမ်းကျံပေးလျှင် သက်သာပျောက်ကင်းနိုင်သည်။
* စမြင်းခံ၍ ၀မ်းမမှန်ဖြစ်နေသူများ ငုသီးအနှစ် နှစ်ပဲသားနှင့် မန်ကျည်းမှည့်အနှစ် နှစ်ပဲလားတို့ကို ဆတူရောစပ်၍ ညပိုင်းတွင် ရေစိမ်၍ အိပ်ရာဝင်ချိန်၌ လေးပဲသားခန့် သောက်လျှင် စမြင်းပျော်၍ ၀မ်းမှန်စေနိုင်သည်။
* အသက်ရှူပြွန်ချောင်း ဖောက်ပြန်သောရောဂါအတွက် ငုသီးအနှစ်ကို ပြုတ်၍သောက်လျှင် 
* ဝှေးဥရောင်သူများ ငုသီးအနှစ် ငါးမတ်သားကို ရေခုနစ်ကျပ် ရှစ်ပဲသားနှင့် ငါးမတ်သားကျန်အောင်ကျို၍ 
 ယင်းအထဲသို့ နွားနို့ နှစ်ကျပ်တမတ်သား (သို့မဟုတ်) ထောပတ်အနည်းငယ်နှင့်စပ်၍ ခေါက်သောက်လျှင် သက်သာပျောက်ကင်းနိုင်သည်။
* ဆီးအောင့် ဆီးချုပ် ဆီး၌သွေးပါသူများ ငုသီးအနှစ်ကိုသွေး၍ နေ့ခင်းပိုင်းတွင် ချက်၌ လိမ်းကျံပေးလျှင် သက်သာပျောက်ကင်းနိုင်သည်။
* လေနာရောဂါ ခံစားနေရသူများ ငုမြစ်ကို နွားနို့ နှစ်ကျပ်သားနှင့်ပြုတ်၍ နေ့စဉ် နံနက်တိုင်း လက်ဖက်ရည်အကြမ်းပန်ကန် တလုံးခန့် သောက်လျှင် သက်သာပျောက်ကင်းနိုင်ပါသည်။
* အသာဝါရောဂါဖြစ်သူများ ငုမြစ်ကို နုပ်နုပ်စဉ်း၍ သုံးခွက်တခွက်တင် ပြုတ်ပြီး သကြား သင့်ရုံခတ်ကာ တနေ့သုံးကြိမ်၊ လူကြီးတခါသောက် လက်ဖက်ရည်အကြမ်း ပန်းကန်တလုံးနှင့် ကလေးများအား ဟင်းစားဇွန်း တဇွန်းခန့်တိုက်လျှင် သက်သာပျောက်ကင်းနိုင်သည်။ 
နောက်တနည်းမှာ- ငုခေါက်ကို သုံးခွက်တခွက်တင် ပြုတ်၍ ယင်းအထဲသို့ ထန်းလျက် သင့်ရုံထည့်ပြီး အသက်အရွယ်အလိုက် ချင့်ချိန်သောက်နိုင်သည်။
* ပိုးလောင်သောအနာနဲ့ ပိုးနာရောဂါအတွက် ငုမြစ်ကို နွားနို့နှင့်ပြုတ်၍ သောက်လျှင် သက်သာ ပျောက်ကင်းနိုင်သည်။ ထို့ပြင် ၄င်းသည် လေရောဂါနှင့် သွေးရောဂါတို့အတွက်လည်း အကျိုးသက်ရောက်စေနိုင်သည်။
* လိပ်ခေါင်းရောဂါ ရှိသူများ ငုမြစ်နုနုကိုဖြစ်စေ၊ ငုပင်အနုပေါက်၏ အမြစ်ကိုဖြစ်စေ ပြုတ်၍သောက်လျှင် သက်သာပျောက်ကင်းနိုင်သည်။
ငုကြီး(ဖွားဖက်) ပါဝင်သော ဆေးလက်ဖက်ခြောက်၏ အာနိသင်ကလည်း ထက်မြက်လှသည်။ ယင်းနည်း၌ 
(၁) ငုကြီး(ဖွားဖက်) ပင်၏ မနု-မရင့် အရွက်များ
(၂) လောက်သေရွက် မနု-မရင်များ
(၃) တရုတ်စကား အကျော်ဖြူ အပွင့်များ
(၄) အုန်းနှဲရွက် မနု-မရင့်များ
(၅) မြင်းခွါပင် ပဉ္စငါးပါး
(၆) ထိကရုံးပင် ပဉ္စငါးပါးတို့ ပါဝင်သည်။
ရှေးဦးစွာ ယင်းပစ္စည်းအမည်များကို နေရိပ်၌ အခြောက်လှန်း၍ ဆတူရော၊ ထို့နောက် အိုးသန့်သန့်တခု၌ ထည့်ပြီး မီးဖိုပေါ်တင်၊ မတူးအခြစ်အောင်လှော်၊ ယင်းကို လက်ဖက်ခြောက်ခတ်သောက် သကဲ့သို့ နေ့စဉ်သောက်လျှင် ဆီးကောင်း၍ ကျောက်ကပ်ကို အားရှိစေသည်။ ၀မ်းမှန်၍ လေလည်စေသည်။ ယင်းမှာ သဘာဝဓမ္မဆရာတော်ကြီး၏ နည်းဖြစ်၍ ရသယနဆေးလက်ဖက်ခြောက်အဖြစ် ထင်ရှား၏။
ထို့ပြင် ငုသီးကို ဆေးရွက်ကြီးတွင်ထည့်သော အနံ့မွှေးဆေး ဖော်စပ်ရာ၌လည်းကောင်း၊ ငုခေါက်ကို အထည်ဆိုးဆေးများ လုပ်ရာ၌လည်းကောင်း၊ သံချဆေး၊ အရိုးအဆစ်နာပျောက်ဆေး၊ အဆိပ်ဖြေဆေးများ ဖော်ရာ၌လည်းကောင်း သုံးကြသည်။ ချုပ်၍ဆိုရသော် ငုပင်သည် လူသားတို့၏ ကျန်းမာရေးအတွက် အကျိုးပြုသော အပင်တပင်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပေသည်။
စေတနာလှိုင်(ရေစကြို)
Ref:
* လက်တွေ့အသုံးချ ဆေးဖက်ဝင်အပင်များ(ကျန်းမာရေးဝန်ကြီးဌာန)
* အသုံးချ မြန်မာ့ဆေးပင်များ (တည်တောဆရာတော်)
* ရုပ်ပြ ပရဆေးအဘိဓာန် (သဘာဝဓမ္မဆရာ ဦးမြ၀င်း)
* ပုံပြ ဆေးအဘိဓာန် (အရှင်နာဂသိန်)
* မီးဖိုချောင်မှ ဆေးစွမ်းကောင်းများ (ဦးလှခင်-ဆန်းညွန့်ဦး)
* တော်ဝင်ပန်းနှင့် လမ်းဘေးဆေးပင်များ (မောင်ယဉ်နွယ်)
* မြန်မာအဘိဓာန်အကျဉ်း အတွဲ-၁ မြန်မာစာ အဖွဲ့
* အိန္ဒိယနိုင်ငံ၏ ပန်း (ပျဉ်းမနား-မောင်နီသင်း) သုတပဒေသာ (၁၉၈၅)ခုနှစ် ဇူလိုင်လ။
(ဂမ္ဘီရမဂ္ဂဇင်း ၂၀၁၀-ဧပြီလ)
No comments: