Thursday, April 7, 2011

လှပကျန်းမာ

(မေး) ကျွန်မက မီးဖွားပြီးစ မိခင်တဦးပါ။ ကလေးကို နို့လဲတိုက်နေဆဲပါ။ ကျွန်မသိချင်တာက နို့တိုက်မိခင်ရဲ့ နို့ဟာ ပျော့ပြီး အောက်ကိုတွဲကျမှာ စိုးပါတယ်။ အဲဒီအတွက် ရင်သားတင်းရင်းအောင် ဘယ်လိုဆေးမျိုး သုံးသင့်ပါသလဲ။ နို့သီးခေါင်းကိုလည်း ပုံမပျက်စေချင်ပါဘူး။ နို့သီးခေါင်းကိုလိမ်းတဲ့ ဆေးရော ရှိပါသလား။
(မကြည်ကြည်ဝေ-မြောင်းမြမြို့)

(ဖြေ)
Mistine က ထုတ်တဲ့ Breast Firming Gel/ Cream ဆိုတာ ရှိပါတယ်။ သူ့မှာပါတဲ့ Polylift နဲ့ Horsetail extract ကြောင့် ရင်သားကို တင်းရင်းလှပစေပါတယ်။ Panthenol ကြောင့်လည်း ရင်သားကို နူးညံ့စေပါတယ်။ လိမ်းနည်းကတော့ အောက်မှအပေါ်သို့ ပင့်တင်၍ လိမ်းပေးနိုင်သလို အလယ်မှ ဘေးဘက်သို့ ဖြန့်၍လည်း လိမ်းပေးနိုင်ပါတယ်။ မနက်ပိုင်း နဲ့ ညပိုင်းမှာ တကြိမ်စီ လိမ်းပေးပါ။ နို့သီးခေါင်း လိမ်းဆေးလည်း ရှိပါတယ်။ Nipple Cream ပါ။ ဒါပေမယ့် နို့တိုက်နေတဲ့အချိန်မှာတော့ လုံးဝမလိမ်းသင့် ပါဘူး။ ကလေးကို နို့ဖြတ်ပြီဆိုရင်တော့ လိမ်းပေးလို့ရပါပြီ။
********************************************************************
(မေး) သမီး မျက်နှာပေါ်မှာ ၀က်ခြံလည်းမဟုတ်ဘဲနဲ့ အမဲစက်သေးသေးလေးတွေ ပေါက်နေပါတယ်။ အထူးသဖြင့် နှာခေါင်းနဲ့ မေးစေ့တ၀ိုက်မှာ ပိုများပါတယ်။ ညှစ်လိုက်ရင် အမဲစက်လေးတွေ ထွက်လာပါတယ်။ အဲဒါ ဘာဖြစ်တာပါလဲ။ ဘယ်လိုကုသရင် ပျောက်ကင်းနိုင်ပါသလဲရှင်။
(စန္ဒာ-ပြည်တော်သာ)

(ဖြေ)
ညီမရဲ့ အမဲစက်လေးတွေက ဆားဝက်ခြံ ဖြစ်နိုင်ပါတယ်။ ချွေးပေါက်ထဲကို ဖုန်နဲ့ မိတ်ကပ် အညစ်အကြေး အဆီတွေကြောင့် ဖြစ်လာတာပါ။ ဆားဝက်ခြံမထွက်အောင် ချွေးပေါက်လေးကို အမြဲသန့်ရှင်းစေဖို့ လိုပါတယ်။ ညတိုင်း Cleaning Gel နဲ့ ကြေးချွတ်ပေးရပါမယ်။ ပြီးရင် Washing Foam နဲ့ မျက်နှာသစ်ပေးပါ။ Toner Cotton Pad လေးတွေကိုလည်း အသုံးပြုနိုင်ပါတယ်။ အဓိကကတော့ ချွေးပေါက်သန့်စင်စေဖို့ပါပဲ။
*********************************************************************
(မေး) ကျွန်မရဲ့ အသားအရေဟာ သိပ်ကို sensitive ဖြစ်တဲ့ အသားအရေပါ။ ခြင်ကိုက်လို့ကုတ်လည်း အနာဖြစ်၊ အမာရွတ်ကျန်ခဲ့ပါတယ်။ ထိခိုက်ရှနာ တော်ရုံဖြစ်ရင်လည်း အရေပြားက ပွန်းပဲ့တော့တာပဲ။ ဒါကြောင့် အမာရွတ်တွေ အများကြီး ဖြစ်ကျန်ခဲ့တယ်။ အမာရွတ်တွေ ပျောက်ကင်းအောင် ဘယ်လိုဆေးမျိုး လိမ်းရမလဲဆိုတာ အကြံပြုဖြေကြားပေးစေချင်ပါတယ်။
(ဖြူစင်စင်-အင်းစိန်မြို့နယ်)

(ဖြေ)
ညီမ အသားက Sensitive ဖြစ်တဲ့ အသားအရေဆိုတော့ ခြင်ကိုက်ခံရရင် ဖြစ်ဖြစ်၊ တခြားအရေပြား ယားယံတာပဲဖြစ်ဖြစ် မကုတ်ဘဲနဲ့ အရက်ပြန် ကို ဂွမ်းစလေးမှာထည့်ပြီး ယားတဲ့နေရာမှာ ပွတ်ပေးလိုက်ပါ။ ဒါဆို အယားလည်း သက်သာ၊ အမာရွတ်လည်း မကျန်ခဲ့တော့ပါဘူး။ အမာရွတ်ရှိပြီးသား နေရာတွေ ကိုတော့ Nomarks လိမ်းဆေး လိမ်းပေးပါ။
*********************************************************************
(မေး) ကျွန်မခန္ဓာကိုယ်က အနည်းငယ်ဝပြီး ဗိုက်ခေါက်လည်း စူထွက်နေပါပြီ။ အသက်က ၃၅-နှစ်ပါ။ ဒီအတိုင်း မထိန်းဘဲဆက်နေရင် ပိုပြီးဝလာမှာကြောက်ပါတယ်။ အထူးသဖြင့် ကျန်းမာရေး ထိခိုက်မှာကို စိုးရိမ်ပါတယ်။ ဒါကြောင့် မနက်မနက် လမ်းထလျှောက်ဖြစ်ပါတယ်။ ကျွန်မသိချင်တာက လမ်းလျှောက်တာထက် ပြေးရင် ကိုယ်အလေးချန် မြန်မြန်ကျသွားနိုင်ပါသလား။ အဲဒီအချက်လေးတွေ မကွဲပြားတဲ့အတွက် သိချင်ပါတယ်။
(စိုးစိုး-တာမွေ)

(ဖြေ) 
လမ်းလျှောက်တာပဲ ဖြစ်ဖြစ်၊ ပြေးတာပဲ ဖြစ်ဖြစ်၊ ကိုယ်လုပ်တဲ့ အကွာအဝေးပေါ်မူတည်ပြီး ကယ်လိုရီက ကျဆင်းသွားတာပါ။ ဥပမာ-ပြေးတယ်ဆိုရင် မြန်မြန်ပြေးသလား၊ ဖြေးဖြေးလေးပဲ ပြေးသလား၊ အဲဒီအချက်တွေပေါ် မူတည်ပြီး ကယ်လိုရီက ကျဆင်းတာပါ။ လူငယ်တွေအနေနဲ့ကတော့ ပြေးပြီးကယ်လိုရီ ချတာ သင့်လျော်ပါတယ်။ လူလတ်ပိုင်းအနေနဲ့ကတော့ ဖြည်းဖြည်း မှန်မှန် ပြေးရင်ပြေး၊ ဒါမှမဟုတ် လမ်းကို ခပ်မြန်မြန်လျှောက်ပြီး ကယ်လိုရီ ချသင့်ပါတယ်။ သေချာတာတခုကတော့ ပြေးရင်လည်း အချိန်မှန်၊ ရက်မှန်ပြေးဖို့ လိုသလို၊ လမ်းလျှောက်တာလည်း ရက်မှန်ဖို့ လိုပါတယ်။ ပြေးလိုက် နားလိုက် လုပ်လို့ကတော့ ကိုယ်အလေးချိန်မကျဘဲ ပိုပြီးတောင် တိုးလာနိုင်ပါသေးတယ်။
********************************************************************
(မေး) သမီးရဲ့ ဒူးခေါင်းတ၀ိုက်နဲ့ တံတောင်ဆစ်တ၀ိုက်မှာခပ်ကြမ်းကြမ်း အဖုသေးသေးလေးတွေ ထွက်နေပါတယ်။ သူ့ကိုညှစ်လိုက်ရင်  အဖြူဆံလေးတွေ ထွက်လာပါတယ်။ သနပ်ခါးလိမ်းလည်း မပျောက်ပါဘူး။ ယားလည်း ယားတယ်။ အင်္ကျီလက်ပြတ်တို့ စကတ်တိုတို့ ၀တ်တဲ့အခါ အဲဒါတွေကြောင့် စိတ်ပျက်ရပါတယ်။ အဲဒါဘာကြောင့် ဖြစ်တာပါလဲ။ ပျောက်အောင် ဘယ်လို ကုသရမလဲဆိုတာ ကျေးဇူးပြု ဖြေကြားပေးပါရှင့်။
(သီတာအောင်-ကျိုက္ကလဲ့)

(ဖြေ)
သီတာအောင်ရဲ့ အဖုကြမ်းကြမ်းလေးတွေက ကြာဆူးဖြစ်ဖို့ များတယ်။ ကြာဆူးပေါက်တာဟာ Vitamin A ချို့တဲ့လို့ ဖြစ်ရတာပါ။ ဒီတော့ Vitamin A ပါဝင်တဲ့ ကြက်ဥ၊ ဘဲဥ၊ မုန်လာဦနီ၊ အနီရောင်၊ အ၀ါရောင် အစရှိတဲ့ အသီးအရွက်တွေကို များများစားပေးပါ။ Vitamin A ပါတဲ့ ဆေးပြား သောက်ပေးပါ။ ဒါဆိုရင် ကြာဆူးတွေ အမြန်ပျောက်ကင်းသွားမှာပါ။
********************************************************************
(မေး) ခြေဖနောင့်တွေမှာ အသားမာတက်တာ၊ ခြေဖနောင့် ကွဲတာ ဘယ်လိုကုသရင် ပျောက်ကင်းနိုင်ပါ သလဲ။ ကျွန်မ ခြေထောက်က နွေ၊ မိုး၊ ဆောင်း ဥတုသုံးပါးလုံး ကွဲပြီး အသားမာတက်နေတာပါ။ လိမ်းဆေး၊ သောက်ဆေး ရှိပါသလား။ ပြီးတော့ ဘယ်လိုပြုပြင် ကုသနိုင်ပါသေး သလဲ။
(အေး-မြင်သာ)

(ဖြေ)
ရှားစောင်းလက်ပတ်ပါတဲ့ Cream ကို တနေ့ ၂-ကြိမ်၊ သို့မဟုတ် ၃-ကြိမ် လိမ်းပေးပါ။ Heel Care Cream ဆိုတဲ့ စာတမ်းပါတဲ့ဟာကို ၀ယ်ယူပါ။ ပုံမှန်လိမ်းပေးရင် ဆဲလ်များကို ပြန်လည်ရှင်သန်အားဖြည့်ပေးပြီး အသားအရေကို နူးညံ့ချောမွေ့စေပါတယ်။ လိမ်းတဲ့အခါ အသားထဲ စိမ့်ဝင်အောင် နှိပ်နယ်ပြီး လိမ်းပေးပါ။ အသားမာတက်တာ၊ ခြေဖနောင့် ကွဲတာတို့အတွက် သောက်ဆေး သီးသန့် မရှိပါဘူး။ ရေချိုးတဲ့အခါမှာလည်း သဲဆပ်ပြာနဲ့ ခြေဖနောင့်တွေကို ပွတ်တိုက်ပေးပါ။ လုပ်နိုင်တယ်ဆိုရင်တော့ တလတခါလောက် Spa မှာ သွားပြီး ခြေထောက်ကို Massage လုပ်ပြီး အသားမာတွေကို ဖယ်ရှားနိုင်ပါတယ်။

မီးမီး
(ပေဖူးလွှာ-၂၀၁၀-ဇွန်လ)

No comments: