Wednesday, April 6, 2011

ဂုဏ်တော်အစွမ်း အံ့မခန်း

အချိန်ကား ဆယ်စုနှစ် တခုကျော် ကြာမြင့်ခဲ့ပါပြီ။ ယင်းအချိန်သည် ၁၉၉၅-ခုနှစ်ခန့်က ဖြစ်သည်။ စာရေးသူသည် မြန်မာ့သစ်လုပ်ငန်း၊ ပြည်ပရောင်းဝယ်ရေးနှင့် သစ်စက်ဌာနတွင် အရာရှိငယ် တဦးအဖြစ် တာဝန်ထမ်းဆောင်နေသည်။ ထိုစဉ် ရန်ကုန်မြို့မှ စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်သို့ အလုပ်တာဝန်အရ ခရီးထွက်ရန်ကိစ္စ ပေါ်လာခဲ့ပါသည်။ စာရေးသူသည် ခရီးသွားတိုင်း ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်နှင့် သံဃာ့ဂုဏ်တော်များကို အချိန်ရလျှင် ရသလို ပွားများရွတ်ဆိုခြင်းမှာ စာရေးသူ၏ အလေ့အကျင့် တခုပင်ဖြစ်သည်။

စစ်ကိုင်းတိုင်း ဒေသကြီး တမူးမြို့သို့ သွားရာတွင် စာရေးသူနဲ့အတူ ကိုအေးသန်းခေါ် ၀န်ထမ်းတဦး လိုက်ပါကာ ရန်ကုန်မှ ကလေးမြို့သို့ လေယာဉ်ဖြင့် သွားပါသည်။ ကလေးမြို့တွင် တညတာ ရပ်နားပါသည်။ နောက်တနေ့တွင် တမူးမြို့နယ်သို့ ခရီးထွက်ရန် အတွက် ကလေး သစ်ထုတ်ရေးဒေသ မန်နေဂျာထံမှ တီအီးကားတစီး အကူအညီတောင်းကာ ကလေးမြို့မှ နံနက် စောစော ခရီးစထွက်ခဲ့သည်။

စာရေးသူက ကားရှေ့ခန်းမှာ ထိုင်သည်။ ကားနောက်တွင် ကိုအေးသန်း (စာရေးသူနှင့်အတူပါလာသူ) နှင့် ကလေးမြို့မှ တမူးမြို့သို့ လမ်းကြုံလိုက်လာသူ အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၆-ဦးတို့ လိုက်ပါလာခဲ့ကြ သည်။ ကလေးမြို့မှ ထွက်ပြီး မကြာမီ စုံလာမြို့စခန်းတွင် ကားခေတ္တရပ်နားပြီး နံနက်စာ အဆာပြေ စားသောက်ကြသည်။ နာရီဝက်ခန့်အနားယူပြီး တမူးမြို့သို့ ကားဆက်လက်ထွက်ခွာပါသည်။

စာရေးသူသည် ကားစထွက်သည်နှင့် ရွတ်ဆိုနေကျ ဂုဏ်တော်များကို အဆက်မပြတ် တိုးတိုးလေး ရွတ်ဆိုနေပါသည်။
ကားထွက်၍ တနာရီခန့်အကြာတွင် စာရေးသူ၏ နောက်ကျောကို အရာဝတ္ထုတခုနှင့် ခြစ်မိသလို ခံစားလိုက်ရသဖြင့် ညာလက်ဖြင့် ကျောကို စမ်းကြည့်မိသည်။ ထိုသို့ စမ်းကြည့်စဉ် မိမိ၏ လက်ညှိုးတွင် သွေးစ နီရဲရဲလေး မထင်မှတ်ဘဲ အံ့သြစွာ တွေ့မြင်ရသည်။ ထို့ကြောင့် ကားဒရိုင်ဘာအား ကားကို ချက်ချင်း ရပ်ခိုင်းလိုက်သည်။


ထို့နောက် မိမိနှင့် ကားဒရိုင်ဘာတို့လည်း ကားပေါ်မှ ဆင်းလိုက်ကြသည်။ ကားနောက်ပိုင်းတွင် စီးလာသူ ကိုအေးသန်းကလည်း ကားပေါ်မှ ဆင်းကာ စာရေးသူထံသို့ ခပ်သုတ်သုတ် ရောက်လာသည်။
ထိုအခါ ကိုအေးသန်းက ဆရာ့ကို ဓားမြှောင်နှင့် လိုက်ထိုးလို့ သူ့လက်ကို ကျွန်တော် လှမ်းဆွဲလိုက်တာ မမီလိုက်ဘူး။ ဒါပေမဲ့ သူ ထိုးပြီးမှ ကျွန်တော် သူ့ဆီက ဓားကို လုယူခဲ့တယ်။ ဟောဒီမှာ ဒီဓားပဲ-ဆိုပြီး ဓားမြှောင်ကို စာရေးသူထံ ပေးပါသည်။


ထိုအချိန်တွင် ကားနောက်၌ စီးလာသူများအားလုံး ကာေးအာက်မှာ ရောက်နေကြလေပြီ။
ဘယ်သူက ဓားနဲ့ ထိုးသလဲ-ဟု စာရေးသူက မေးရာ ကိုအေးသန်းက ဓားနှင့်ထိုးသူကို လက်ညှိုးထိုးပြသည်။  
စာရေးသူက မင်း-ငါ့ကို ဘာဖြစ်လို့ ဓားနဲ့ထိုးသလဲ-ဟုမေးရာ
ဓားနှင့်ထိုးသူက ခင်ဗျား စာပုံနှိပ်စက်က  မဟုတ်ဘူးလား-ဟု ပြန်လည် မေးခွန်းထုတ်သည်။ ထိုတွင် စာရေးသူက ဖြေရန် ပြင်နေစဉ် ကားကြုံစီးလာသူ အားလုံးက ဓားနှင့် ထိုးသူအား ခင်ဗျား ဘာတွေ လျှောက်ပြောနေတာလဲ၊ ဒီဆရာက ရန်ကုန်က လာတာ၊ မြန်မာ့သစ်လုပ်ငန်းက-ဟု သံပြိုင် ဖြေလိုက်ကြသည်။


ထိုအခါ စာရေးသူက ဓားနှင့်ထိုးသူ၏ အမည်ကိုမေးကြည့်ရာ ကိုခင်မောင်မြင့် ဖြစ်ကြောင်း၊ ဌာနတခုမှာ အလုပ်လုပ်သူ ဖြစ်ကြောင်း၊ အရက် မူးနေ၍ လူမှားပြီး ထိုးမိခြင်းဖြစ်ကြောင်း သိလိုက်ရသည်။
စာရေးသူ ရရှိခဲ့သည့် ဒဏ်ရာမှာ မပြောစလောက်သာ ဖြစ်သည်။ ဓားမှာ တည့်တည့်ဝင်မသွားဘဲ ကိုအေးသန်း လှမ်းဆွဲလိုက်၍ ဘေးကို ချော်ထွက်သွားသည်။ ကျောကုန်း အရေပြားတွင် အနည်းငယ်သာ ထိသဖြင့် သွေးစလေး စို့သွားရုံသာ ဖြစ်သည်။


ကိုခင်မောင်မြင့်ကို ကားပေါ်မှ ချထားခဲ့ပြီး စာရေးသူတို့ ကားသည် တမူးမြို့သို့ ခရီးဆက်ခဲ့ကြသည်။ နေ့လယ် ၃-နာရီခန့်တွင် တမူးမြို့သို့ ချောမောစွာ ရောက်ရှိခဲ့သည်။ ဖြစ်ပျက်ပုံ အလုံးစုံကို ကိုခင်မောင်မြင့်၏ အရာရှိအား ပြောကြားခဲ့သည်။ သူ့ကို အရေးယူဖို့ မဟုတ်ကြောင်း၊ အလားတူ ကိစ္စမျိုး နောက်နောင် မဖြစ်အောင် ဆုံးမပေးရန် မေတ္တာရပ်ခံ တင်ပြခဲ့သည်။


မိမိ၏ ဒဏ်ရာမှာ အရက်ပြန်ထည့်ရုံလောက်နှင့် သက်သာသွားပါသည်။ ဆေးခန်းတောင် မပြလိုက်ရ တော့ပါ။ ဓားထိုးခံရစဉ် မိမိမှာ ရုတ်တရက် ဒေါသထွက်မိတာ အမှန်ပါ။ သို့ရာတွင် လူမှား၍၄င်း၊ အရက်မူေးန၍၄င်း ထိုထိုအကြောင်းတို့ကြောင့် မိမိဒေါသကို မေတ္တာဖြင့် ခွင့်လွှတ် အနိုင်ယူလိုက်ပါသည်။ မည်သို့ပင်ဆိုစေ တရားဥပဒေအရ အမှုဖွင့်မည်ဆိုပါက ထိုသူ အရေးယူခံရမည်မှာ သေချာပါသည်။ လူမှား၍ ထိုးခြင်း၊ အရက်မူး၍ ထိုးခြင်းတို့ကို တရားဥပဒေက ခွင့်လွှတ်မည်မဟုတ်ပါ။


စာရေးသူ၏ နောက်ကျောကို ဓားသာ တည့်တည့် ၀င်သွားပါက လမ်းခရီးတွင် မည်သို့ ဒုက္ခရောက်သွားမည်ကို မတွေးရဲပါ။ ဤကဲ့သို့ ဘေးအန္တရာယ်မှ သီသီလေး လွတ်မြောက်ရခြင်းမှာ မိမိ ယုံယုံကြည်ကြည် ပွားများခဲ့သော ဂုဏ်တော်အစွမ်းကြောင့်ဟု ယူဆမိပါသည်။


တွန်းအား
(မြတ်မင်္ဂလာ ၂၀၁၀-ဒီဇင်္ဘာလ)

No comments: