Wednesday, April 20, 2011

( ၅ ) စိဉ္စမာဏကို အောင်ခြင်း

မြတ်စွာဘုရားသခင်သည် တာဝတိံသာနတ်ပြည်၌ ၇-၀ါမြောက် ၀ါဆိုတော်မူသည်။ ထို့နောက် သင်္ကဿနဂိုပြည်သို့ သက်ဆင်းတော်မူကာ သာဝတ္ထိပြည်သို့ ကြွတော်မူသည်။ ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးတော်မူသည်။ ထိုစဉ် စိဉ္စမာဏ၀ိကာ အမည်ရှိသော ပရိဗိုဇ်မ၏ ရန်ပြုခြင်းကို ခံရသည်။ 

မြတ်စွာဘုရားသခင်အဖို့  ပထမဗောဓိခေါ်သော ၀ါတော်နှစ်ဆယ်အတွင်း၌ တပည့်သာဝကများ ဒီရေအလား တနေ့တခြား တိုးပွားလာသည်။ ဘုရားရှင်အား ကြည်ညိုသူ ပရိသတ်များ အထူးများပြားလာသည်။ ထိုသူတို့၏ ပူဇော်သက္ကာရပြုမှုကို ခံယူရရှိကာ အတိုင်းမသိ လာဘ်သပ်ပကာ ပေါများလာသည်။

နေမင်းထွက်သောအခါ ပိုးစုန်းကြူးတို့ မှေးမှိန်သွားကြသကဲ့သို့ တိတ္ထိတို့မှာ မှေးမှိန်သွားကြသည်။ တန်ခိုးအရှိန်အ၀ါ လျော့နည်းသွားကြသည်။ လာဘ်ပူဇော်သက္ကာရများ တနေ့တခြား ခေါင်းပါးလာသည်။ ဤတွင် တိတ္ထိတို့သည် ၀န်တိုစိတ် ဖြဟ်လာကြကာ ဘုရားရှင်ဂုဏ်သတင်းပျက်ရန် အားထုတ်ကြသည်။ 

သူတို့သည် သာဝတ္ထိပြည်ရှိ စိဉ္စမာဏအမည်ရှိသော ပရိဗိုဇ်မကို စည်းရုံးကြသည်။ စိဉ္စမာဏသည် အလွန်ချောမော လှပသည်။ အရွယ်လည်း နုပျိုသည်။ ရုပ်အဆင်းလည်း အလွန်တင့်တယ်သည်။ ကျက်သရေမင်္ဂလာနှင့်လဲ ပြည့်စုံသည်။

တိတ္ထိတို့သည် စိဉ္စမာဏကို ခေါ်၍ "နှမ စိဉ္စမာန် ငါတို့ကို ရဟန်းဂေါတမက နှိပ်စက်ညှဉ်းပန်းကာ လာဘ်လာဘခေါင်းပါးကို ပြုလုပ်နေသည်ကို သင်မသိသလော"ဟု အပြစ်တင်စကား ပြောကြား၏။

စိဉ္စမာဏကလည်း "အရှင်ကောင်းတို့ ထိုအကြောင်းကို  တပည့်တော် မသိရပါ။ ဤကိစ္စ၌ တပည့်တော်မသည် အဘယ်သို့သော အမှုကို ပြုလုပ်ပေးရပါမည်နည်း"ဟု မေးမြန်း၏။

တိတ္ထိတို့က "နှမ စိဉ္စမာန် သင်သည် ငါတို့၏ ချမ်းသာရေးကို အလိုရှိပါလျှင် ရဟန်းဂေါတမ၏ မကောင်းသတင်း ဖြစ်ပေါ်အောင် ပြုပါလော့၊ ရဟန်းဂေါတမ၏ လာဘ်ပူဇော်သက္ကာရကို ပျက်ပြားစေပါလော့"ဟု ပြောဆိုကာ တာဝန်ပေးကြသည်။

စိဉ္စမာဏကလည်း ကောင်းပါပြီ အရှင်ကောင်းတို့၊ ရဟန်းဂေါတမ၏ မကောင်းသတင်း  ဖြစ်ပေါ်စေရန် တပည့်တော်မ တာဝန်ယူပါသည်။
ထို့နောက် စိဉ္စမာဏသည် တိတ္ထိတို့ထံမှ ထွက်ခွာခဲ့သည်။ မိန်းမမာယာတို့၌ လိမ္မာပါးနပ်သူဖြစ်ရကား သာဝတ္ထိပြည်သူ လူအပေါင်းတို့ ယုံမှားသံသယဖြစ်စေရန် စတင်ဆောင်ရွက်သည်။ သူသည် ပိုးပရန်အသွေး နီတွေးသောအဆင်းရှိသော အ၀တ်ကို ၀တ်ရုံသည်။ နံ့သာပန်းစသည်တို့ကို လက်စွဲလျက် တရားနာပရိသတ်များ ဇေတ၀န်ကျောင်းတိုက်မှ ထွက်လာကြ သောအချိန်တွင် ကျောင်းတိုက်သို့ ရှေးရှုသွားသည်။

လမ်း၌ တွေ့သူအများက "အို-စိဉ္စမာန်၊ ယခုအချိန်၌ သင်အဘယ်အရပ်သို့ သွားမည်နည်း"ဟု မေးကြသည်။
စိဉ္စမာဏက ကျွန်ုပ် သွားမည့်အရပ်ကို သိသဖြင့် သင်တို့အတွက် အဘယ်အကျိုးရှိမည်နည်း-ဟု ထင်မှားဖွယ်ရာ စကားကို ပြောကြားသည်။ ထို့နောက် ဇေတ၀န်ကျောင်းတိုက်အနီး တိတ္ထိတို့ကျောင်း၌ ညဥ့်အိပ်နေထိုင်သည်။

သာဝတ္ထိမြို့မှ ဒါယကာ ဒါယိကာမတို့သည် ဘုရားရှင်ထံ အလျင်လက်ဦး ဖူးမြော်ရန် နံနက်စောစောသွားကြသည်။ ထိုအချိန်၌ စိဉ္စမာဏသည် တိတ္ထိတို့ကျောင်းမှ ထွက်လာခဲ့သည်။ ဇေတ၀န်ကျောင်းတိုက်ဝယ် ညဥ့်အိပ်နေခဲ့သည့် ပုံဟန်ဆောင်၍ သာဝတ္ထိမြို့တွင်းသို့ ၀င်သည်။

လမ်း၌တွေ့သူ လူအပေါင်းတို့က အို-စိဉ္စမာန်၊ အဘယ်အရပ်၌ သင်ညဥ့်အိပ်နေခဲ့သနည်း-ဟု မေးကြသည်။
ကျွန်ုပ် အိပ်ခဲ့သည့်နေရာကို သင်တို့သိသဖြင့် အဘယ်အကျိုးရှိမည်နည်း၊ မသိချင်ကြပါနဲ့-ဟူ၍ စိဉ္စမာဏက အထင်မှားဖွယ်စကားကို ပြောကြားလေသည်။

ဤနည်းနှင်နှင် နေ့စဉ်သွားလာပြောဆိုသည်။
တလခန့်ကြာသောအခါ လမ်း၌တွေ့သူ လူအများက ရှေးနည်းအတူ မေးမြန်းကြသော် စိဉ္စမာဏက "ကျွန်ုပ်သည် ဇေတ၀န်ကျောင်းတိုက် အတွင်းဝယ် ဂန္ဓကုဋိကျောင်း တခုတည်း၌ ရဟန်းဂေါတမနှင့် အတူ ညဥ့်အိပ်နေခဲ့ရပါသည်"ဟု စွပ်စွဲစကား စတင်ပြောကြားလေ၏။

ဤသို့ဖြင့် သုံးလ လေးလ လွန်သောအခါ စိဉ္စမာဏသည် ပုဆိုးကြမ်းတို့ဖြင့် ၀မ်းကိုရစ်ပတ်သည်။ မိမိကိုယ်ကို ကိုယ်ဝန်ဆောင်သော မိန်းမအသွင် ပြုသည်။ ထို့နောက် နီးမြန်းသော အ၀တ်ကို ၀တ်ရုံကာ "ရဟန်းဂေါတမကို အစွဲပြု၍ ကျွန်ုပ်သည် ကိုယ်ဝန်ရှိနေပါပြီ"ဟု စွပ်စွဲပြောကြားသည်။ ထိုအခါ အချို့သူတို့ ယုံမှားသံသယ ဖြစ်စပြုလာ၏။

ဤနည်းဖြင့် ရှစ်လ၊ ကိုးလလွန်သောအခါ စိဉ္စမာဏသည် တမျိုးဟန်ဆောင်ပြန်သည်။ သူသည် တကယ့်ကိုယ်ဝန်အရင့်အမာ ရှိနေဟန် ပြုသည်။ ဘဲဥထက်ဝက်ခြမ်းပုံ သစ်သားဖုကို ၀မ်းဗိုက်၌ ကပ်၍ ကြိုးများဖြင့် ချည်နှောင်သည်။ အ၀တ်ဖြင့်ပတ်သည်။ ထို၏အထက်၌ နီမြန်းသောအ၀တ်ကို ၀တ်ရုံသည်။ ထို့နောက် လက်ဖမိုး ခြေဖမိုးတို့ကို နွားမေးရိုးဖြင့် ထုနှက်သည်။ မွေးဖွားခါနီး၍ ခြေလက်များ အန်းနေသည့်ဟန်ပြုသည်။ ပင်ပန်းနွမ်းနယ်နေဟန်ဆောင်သည်။

စိဉ္စမာဏသည် ညနေချမ်းအချိန်ဝယ် မြတ်စွာဘုရားသခင် ဗုဒ္ဓါသနပလ္လင်၌ ထိုင်နေတော်မူ၍ ပရိသတ်အား တရားဟော နေတော်မူစဉ် သွားရောက်သည်။
ဘုရားရှင်၏ ရှေ့တည့်တည့်မှရပ်၍ "ရဟန်းကြီး၊ သင်သည် လူအပေါင်းအား တရားဟော၍သာ နေသည်၊ ကျွန်တော်မမှာမူ သင်ရဟန်းကြီးကိုစွဲ၍ ကိုယ်ဝန်ရှိနေပြီ။ ကိုယ်ဝန်မှာလည်း ယခု ရင့်မာနေပြီ။ သင်ရဟန်းကြီးကား ကျွန်တော်မအတွက် သားဖွားရန် အိမ်ကိုလည်း မစဉ်စား၊  ထောပတ်ဆီ စသည်များကိုလည်း မရှာဖွေ၊ နေနိုင်အားတော့သည်။ ထိုကိစ္စများကို ကိုယ်တိုင် မပြုလျှင်လည်း သင်၏ ဒါယကာ ဒါယိကာမများအနက် တဦးဦးကို ပြုလုပ်စောင့်ရှောက်စေသင့်ပါသည်။ ယခုမူ သင်ရဟန်းကြီးသည် ထိုသို့လည်း မပြုခဲ့၊ သင်ရဟန်းကြီးကား မွေ့လျော်ပျော်ပါးဖို့ရန်သာ စဉ်းစားသည်။ ကိုယ်ဝန်သားကို စောင့်ရှောက်ရန်ကိုမူ မစဉ်းစားတော့ပါတကား"ဟု ပရိသတ်အလယ်၌ စွပ်စွဲပြောဆိုလေတော့သည်။

ထိုအခါ ဘုရားရှင်သည် ဟောနေသော တရားစကားကို ခေတ္တရပ်နားလိုက်သည်။ ခြင်္သေ့မင်းကဲ့သို့ ရဲရင့်သောအသံဖြင့် "နှမ စိဉ္စမာန်၊ သင် ယခုပြောကြားသော စကား မှန် မမှန်ကို သင်နှင့်ငါသာ သိကြကုန်၏"ဟူ၍ မိန့်တော်မူသည်။
စိဉ္စမာဏကား အလျှော့မပေး "ဟုတ်ပေသည် ရဟန်းကြီး၊ သင်နှင့် ငါတို့နှစ်ဦးသာ သိကြသောကြောင့် ယခုလို ကိုယ်ဝန် အရင့်အမာ ဖြစ်ရပေသည်"ဟူ၍ တဖန် ထပ်၍ စွပ်စွဲပြန်သည်။

ထိုခဏ၌ ထိုဖြစ်ရပ်ကို သိကြားမင်း သိရှိသွားသည်။ စိဉ္စမာန် မိန်းမယုတ်သည် ဘုရားရှင်ကို မဟုတ်မမှန် လုပ်ကြံ စွပ်စွဲနေပြီ။ ပရိသတ်အလယ်၌ အဖြစ်မှန်ကို သိအောင် ငါ ရှင်းရတော့မည်-ဟု ကြံစည်သည်။
ချက်ချင်းပင် နတ်သား လေးယောက်တို့နှင့်အတူ ဇေတ၀န်ကျောင်းတော်ရှိ ဘုရားရှင် တရားဟောရာဌာနသို့ လာရောက်ကြ လေသည်။

ထိုနေရာသို့ ရောက်သည်နှင့် တပြိုင်နက် နတ်သားလေးယောက်တို့သည် ကြွက်ငယ်အယောင်ဆောင်ကြသည်။ စိဉ္စမာဏ ၀ှက်ချည်ထားသော သစ်သားဖု၏ ကြိုးများကို တပြိုင်နက် ကိုက်ဖြတ်ကြလေသည်။ လေကလည်း စိဉ္စမာဏ ၀တ်ရုံထားသော အ၀တ်ကို အထက်သို့ တိုက်လွှင့်လေသည်။ တခဏအတွင်းမှာပင် သစ်သားဖုကို ၀ှက်ချည်ထားသော ကြိုးများ ပြတ်ကုန်ကြသည်။ သစ်သားဖုလည်း အောက်သို့ ကျသွားသည်။ စိဉ္စမာဏ၏ ခြေဖမိုးထက်၌ ကျလေရာ ခြေဖျားနှစ်ဖက်တို့ သွင်သွင်ကျိုးလေ၏။

တရားနာပရိသတ်တို့လည်း အဖြစ်မှန်ကို သိရှိသွားကြသည်။ စိဉ္စမာဏအား ဆဲဆိုလျက် ခဲ၊ တုတ်၊ လှန်ကန်တို့ဖြင့် ပစ်ခတ်ရိုက်နှက်ကြကာ ကျောင်းတော်မှ နှင်ထုတ်လိုက်လေသည်။
စိဉ္စမာဏသည် ဘုရားရှင် မျက်ကွယ်ရာသို့ရောက်သောခဏ၌ မြေမျိုခံရသည်။ အ၀ီစိမှ မီးလျှံများသည် စိဉ္စမာဏအား ရစ်ပတ်၍ အ၀ီစိငရဲသို့ ခေါ်ဆောင်သွားလေသည်။ ဤကား မြတ်စွာဘုရားသခင်၏ ငါးခုမြောက် အောင်ခြင်း ဖြစ်ပေသည်။

(မြတ်မင်္ဂလာ ၂၀၀၀-ပြည့်နှစ် ဇန်န၀ါရီလ) 

No comments: