Thursday, April 21, 2011

အံ့ဖွယ် ကျေးဇူးသိသူ

သိင်္ဃိုကျွန်း အနုရာဓပြည်၌ သင်္ခဗောဓိမင်း မင်းပြုသောအခါ သင်္ဃတိဿအမတ်သည် မင်း၏စည်းစိမ်ကို လုမည်-ဟု စစ်အင်္ဂါလေးပါးဖြင့် ဇနပုဒ်က ချီလာသည်။
သင်္ခဗောဓိမင်းသည် စစ်ပြုပါက လူအများသေကျေ ပျက်စီးမည်ကို စိုးသောကြောင့် စစ်မပြုဘဲ ညဥ့်အခါမှာ ပြည်ကခွါ၍ ပြေးလေသည်။ မိုးသောက်လျှင် တခုသောအရပ်သို့ ရောက်၍ ပင်ပန်းလှသဖြင့် ရေဆိပ်တွင် ထိုင်လျက်နေ၏။

ထိုအခိုက် လုလင်တယောက်သည် ထမင်းထုပ်ကို တောင်ဝှေးဖျားမှာ ဆွဲ၍ လယ်ပြင်မှ တက်လာသည်။ မင်းကို မြင်လျှင် ထမင်းကို ဆက်ကပ်၏။
မင်းလည်း ထမင်းစားပြီးသော် လုလင်အား” သင် ငါ့ကို သိသလော” ဟုမေး၏။
ကျွန်ုပ်မသိ ဆိုသော် ငါသည် သင်္ခဗောဓိမင်း-ဟု  ပြန်ပြောလေ၏။

လုလင်လည်း ”အရှင်မင်းကြီး ထိုသို့ဖြစ်သော် အဘယ့်ကြောင့် တကိုယ်တည်း ကြွလာတော်မူသနည်း”ဟု မေးမြန်း၏။
ထိုအခါ မင်းက ”အမတ် သင်္ဃတိဿသည် မင်းပြုမည် ဟူ၍ ငါ့ကို စစ်ပြိုင်လာပါသည်၊ ငါသည် လူအများသေကျေမည်ကို စိုးသောကြောင့် စစ်မပြုဘဲ ထွက်ခဲ့သည်-ဟူ၍ ဆို၏။

သင်္ခဗောဓိမင်းက ”အမောင် လုလင်၊ ငါသည် သင့်ထမင်းထုပ်ကို စားရသောကြောင့် သင့်ကျေးဇူးသည် ငါ့အပေါ် တင်ရှိနေပေ၏။ ကျေးဇူးဆပ်လိုသည့်အတွက် သင်သည် ငါ့ဦးခေါင်းကိုဖြတ်၍ သင်္ဃတိဿအား ဆက်လေ၊ ဆုလာဘ်များစွာ ရလိမ့်မည်”ဟူ၍ ဆို၏။

ထိုအခါ လုလင်က ”အရှင်မင်းကြီး၊ ဤသို့ပြုမှ ရသော စည်းစိမ်ချမ်းသာ ဆုလာဘ်ကို မမြတ်နိုးပါ”ဟု ငြင်းဆိုသည်။
မင်းလည်း ”ထိုသို့တပြီးကား ငါ့အလိုလိုပင် ငါ သေအံ့”ဟု အဓိဋ္ဌာန်ုပြုလျက် ရေဖြင့် သွန်းဖျန်းတော်မူသော် မင်း၏ ဦးခေါင်းသည် အလိုလို ပြတ်လေ၏။

လုလင်သည်လည်း မင်းခန္ဓာစဲမှ ဦးခေါင်းကို ယူကာ သင်္ဃတိဿမင်းအား ဆက်လေ၏။ အလုံးစုံသော စကားကိုလည်း လျှောက်ကြား၏။ သင်္ဃတိဿမင်းသည် ”ဤလုလင်အနေဖြင့် ငါ၏ ရန်သူဖြစ်သော မင်းသည် မိမိလက်တွင်းသို့ ရောက်လျက် မသတ်ဘဲ နေသည်။ ထိုမင်း သူ့အလိုလို အနိစ္စရောက်မှ ဦးခေါင်းကိုယူ၍ ငါ့ကို ဆက်သလာပေသည်။ ဤလုလင်သည် အလွန်ပညာကြီး၏။ စိတ်နှလုံးမွန်မြတ်၏။ ငါ့ရန်သူကိုမျှ  မသတ်ဘဲ နေ၏။ ဤလုလင်အား သူကောင်းပြုသော် ငါ့ကျေးဇူးကို အလွန်လျှင် သိမည်”ဟူ၍ ဆိုကာ များစွာ ဆုလာဘ်ပေးသည်။ ထို့ပြင် အမတ်ကြီးအရာ ကိုလည်း နှင်းအပ်တော်မူလေသည်။
အကိုး။ ။ မုံရွေးဆရာတော်-ရာဇောဝါဒကျမ်း။

(၀င်းမောင်-မြိုင်သာ)
(မြတ်မင်္ဂလာ ၂၀၀၀-ပြည့် ဇန်န၀ါရီလ) 

No comments: