Wednesday, April 13, 2011

ရသေ့ကြီး ဦးခန္တီ-နှင့် လာဘ်ပွင့် ဂါထာတော်ထူး

မြန်မာနိုင်ငံတ၀ှမ်း၌ ရသေ့ကြီး ဦးခန္တီဆိုလျှင် မသိသူမရှိ။ ထင်ရှားသော သာသနာပြု ပုဂ္ဂိုလ်တပါး ဖြစ်ပါသည်။ ရဟန်းဝတ်ခဲ့စဉ်ကလဲ ရဟန်းဘွဲ့အမည်မှာ ဦးခန္တီ-ပင်ဖြစ်၏။ ငယ်နာမည်မှာကား မောင်ရွှေမြ ဖြစ်လေသည်။ လူပြန်တော်ဘ၀ သင်္ကန်းစွန့်သောအခါ ကပ်ကျော်ဘဘကြီး ဦးစိုးမင်း ၀ိဇ္ဇာဂိုဏ်းချုပ်အဖြစ် ထင်ရှားခဲ့ပြန်သည်။

မောင်ရွှေမြ ဘ၀တွင် ရှိစဉ်က ရက်ကန်းစင်တောင် ဆရာတော်ကြီးသည် ဆင်သေရွာနေ ၀ိဇ္ဇာဓိုရ်ဆရာကြီး ဘိုးဆိုင်-ထံသို့ အတတ်ပညာများ သင်ကြားနာယူစေရန် အပ်နှံခဲ့သည်။ ထိုမှတဖန် ၀ိဇ္ဇာဓိုရ်ဆရာကြီး ဘိုးဆိုင်က မောင်ရွှေမြအား ဂန္ဓာရီဝိဇ္ဇာအတတ်များကို သင်ယူစေရန် ထုံးဖိုရွာနေ သောကြာသား ဆရာကြီး ဦးရဲသူ-ထံ အပ်နှံပြန်လေသည်။ မောင်ရွှေမြလည်း ဆရာကြီး ဦးရဲသူထံမှ န၀င်း-စမ-ဂါထာ-မန္တာန်-ကျမ်းဂန် စကားအဓိပ္ပါယ်သွားတို့ကို ဆရာတဆူ ပါရဂူမြောက်သည်အထိ သင်ကြားတတ်မြောက်ခဲ့ လေသည်။ 

ထိုမှတဖန် မြန်မာပြည်အထက်ပိုင်းရှိ ၀န်းသိုမြို့အတွင်း နဘဲကျင်း အရပ်တွင် နေထိုင်သော ပရိက္ခရားမင်းသား  ဘွဲ့ခံ ဆရာငြိမ်း-ထံ အပ်နှံလိုက်ရာ ဆရာငြိမ်းက မောင်ရွှေမြ၏ သွင်ပြင်လက္ခဏာ များကို အကဲခတ်လေ့လာပြီး နောင်အခါ၌ ၀ိဇ္ဇာဓိုရ်ဂိုဏ်းကြီး၏ အကျိုးကို ရည်မျှော်၍ သိပ္ပဥဿုံအလုံးစုံကို ၄င်းတတ်စွမ်းသမျှ မချွင်းမချန် သင်ကြားပေးလိုက်လေသည်။ ထိုသို့ အတတ်ပညာများ စုံသည်ကိုပင် အားမရသေး၊ ၀ိဇ္ဇာဓိုရ်ဆရာကြီး ဘိုးငြိမ်းနှင့် မဟိဒ္ဓိဂိုဏ်းဆရာတို့က မယ်တော်ကြီး-ဟု နှုတ်စကား သမုတ်ခြင်းခံရသည့် အမေမုံး-ထံတွင် အပ်နှံပြီး တတ်သင့်တတ်ရာ ပညာများကို သင်ယူစေခဲ့ပြန်ပါသည်။


သို့ဖြင့် မဟိဒ္ဓိဂိုဏ်းဝင် သူတော်စင်ဆရာကြီး အသီးသီးတို့ထံမှ ၀ိဇ္ဇာမယ-ဂန္ဓာရီ-စမန၀င်း-အင်းမန္တရား အတတ်စုံ၍ အသက် ၁၈-နှစ်သို့ ရောက်လေသောအခါ မွေးဇာတိချက်ကြွေ အောက်ပြည်အောက်ရွာ သထုံဇင်းကျိုက်သို့ န၀င်းသိုက်အရ ပြန်လာခဲ့သည်။ ထို့နောက် ကျိုက်ထိုမြို့အနီး ကော့ဌေးရွာဆရာတော် နှင့် ခလွန်ရွာ ဆရာတော်ကြီး နှစ်ပါးထံတွင် ဥပသမ္ပဒ ကံဆောင် ရဟန်းဘောင်သို့ ရောက်ခဲ့သည်။ ဆရာတော်များက ရှင်ခန္တီ-ဟူ၍ ပညတ်အမည် မှည့်ခေါ်တော်မူခဲ့သည်။


ရဟန်းတော် ဦးခန္တီသည် ဆရာတော်ကြီးများထံတွင် ပရိယတ်စာပေများကို သင်ကြားနာယူ လေ့ကျက်ရင်း ပါရမီဓာတ်ခံ မျိုးစေ့မှန်စွာဖြင့် ဆည်းပူးတတ်မြောက်ခဲ့သော စမ၊ န၀င်း၊ အင်းဆေး၊ မန္တာန် စသည့် အတတ်စုံလင်စွာဖြင့် ဝေဒနာရှင် ဒုက္ခိတသတ္တ၀ါအပေါင်းအား ဇီဝိတဒါန မေတ္တာဇော စေတနာဖြင့် ဆေးကုသကယ်တင်ပေးခဲ့ရာ ဝေဒနာရှင်အပေါင်း သက်သာပျောက်ကင်းကြသဖြင့် နာမည်ထင်ရှား ကျော်ကြားတော်မူလေ၏။


ထိုအချိန်ကာလသည် မြန်မာနိုင်ငံတော်တ၀ှမ်းလုံး ထီးကျိုးစည်ပေါက်လျက် ရှိ၏။ သည့်အတွက် ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူတို့က သာသနာတော်ကြီး မညှိးမှိန်ရလေအောင် အစွမ်းကုန်ကြိုးပမ်းလျက် ရှိကြသည်။ မြန်မာသက္ကရာဇ် ၁၂၅၂-ခုနှစ်တွင် မဟိဒ္ဓိဂိုဏ်းဝင် သူတော်စင်များ ဖြစ်ကြသည့် ဆံရှည်ဆရာတော်၊ ရက်ကန်းစင်တောင် ဆရာတော်၊ စသည့် ၀ိဇ္ဇာဓိုရ်ဆရာကြီးများက မန္တလေးမြို့တွင် သာသနာပြုရန် ၀ိဇ္ဇာဓိုရ်အစည်းအဝေးကြီးတရပ်ကို ကျင်းပရန် ရောက်ရှိလာခဲ့ကြရာ ထိုအစည်းအဝေး ကြီးမှ ရဟန်းတော်ဦးခန္တီအား သာသနာပြုပုဂ္ဂိုလ်ထူးအဖြစ် တညီတညွတ်တည်း ရွေးကောက်ခဲ့ကြသည်။


ရဟန်းတော် ဦးခန္တီသည် ရဟန်းဝါ (၂၉)၀ါ အရတွင် လူဝတ်လဲခဲ့သည်။ ထို့နောက် ကပ်ကျော် ဘဘကြီး ဦးစိုးမင်း-ဟု ထင်ရှားလာခဲ့၏။ သို့တိုင် ဦးခန္တီဟူသော အမည်နာမသည် မကွယ်ပျောက်ခဲ့။ သည့်နောက် ရသေ့ကြီး ဦးခန္တီ တဖြစ်လဲကာ မြန်မာပြည်အောက်ပိုင်းသို့ပါ ကြွလှမ်းခဲ့ပြန်သည်။ ထိုကာလများ၌ ရသေ့ကြီးဦးခန္တီသည်---


(၁) ဟံသာဝတီခရိုင် နံယောဘုရားကြီး
(၂) သိမ်ဆိပ်၊ ကျိုက္ကော်မဥတောင်ထိပ်ဘုရား
(၃) သထုံမြို့ ရှင်ဗုဒ္ဓဃောသ တည်ထားခဲ့သော ဉာဏ်တော် ၁၂၅-တောင်ရှိ စေတီတော်
(၄) မော်လမြိုင်မြို့အနီး ခရုံဂူအတွင်းရှိ ဉာဏ်တော် ၁၅-တောင်ရှိ ရုပ်ပွားတော်ကြီးတဆူ
(၅) နှစ်ထပ်တိုက်ကြီးတလုံးနှင့် သိမ်တော်ကြီး
(၆) ၁၅-ခန်းရှိ သုဓမ္မာဇရပ်ကြီးတလုံး
(၇) ၁၀-ခန်းရှိ ဇရပ်ကြီးတလုံး
(၈) လေးမိုင်ခွဲရှိ ပေတရာ လမ်းမကြီး
အစရှိသည့် သာသနိကအဆောက်အအုံများ လူမှုရေးလုပ်ငန်းများကို ဦးဆောင်လှူဒါန်းခဲ့သည်။


ရသေ့ကြီး ဦးခန္တီသည် မြန်မာနိုင်ငံ နေရာဒေသအနှံ့ ကြွမြန်းကာ ရောက်ရှိသတင်းသုံးရာ နေရာဒေသ အသီးသီးတွင် ၄င်း၏ဘုန်းကံစေတနာ ဒေသနာတို့ကြောင့် လှူဒါန်းရရှိလာခဲ့သမျှ ၀တ္ထုငွေကြေးအစုစုတို့ကို ပေါင်းလျက် သာသနိကအဆောက်အအုံများကို ဆောက်လုပ်ခဲ့သည်။ ဘုရား စေတီ ပုထိုးတို့ကို တည်ခဲ့၏။ ဤ၌ စာရေးသူ အဓိကထား တင်ပြလိုသည်မှာ ရသေ့ကြီး ဦးခန္တီ ထာဝစဉ်လက်ကိုင်ပြုလေ့ရှိသည့် လာဘ်ပွင့်ဂါထာတော်ထူး ဖြစ်ပါသည်။ ထိုဂါထာတော်ထူးကား---


တုမှေ စိတ္တံ စ ကာယော စ၊ သဗ္ဗဒေ၀ မနုဿ စ။
သီတံ ဥဒကေ ဣစ္ဆိတံ၊ ပတ္တံ ဟောတု မေ မေတ္တံ။ ဟူ၍ ဖြစ်သည်။
အနက်အားဖြင့်---
ခပ်သိမ်းသော နတ်လူတို့သည် ကိုယ်စိတ်နှစ်ဖြာ သီတာရေပမာ အေးမြသာယာပြီး တောင့်တအပ်သော အလိုရှိရာဟူသ၍ ပြည့်ဝကြပါစေ။
ကျွန်ုပ်သည်လည်း နတ်လူတို့၏ မေတ္တာကို ခံယူနိုင်ပါစေ။ ဟူ၍ ဖြစ်သည်။


အဆိုပါ ဂါထာတော်ကို ယုံကြည်စွာ ရွတ်ဖတ်သရဇ္ဈာယ်၍ ဖြူစင်သောစိတ်ဓာတ်ဖြင့် သီလလုံခြုံပါလျှင် ကြံစည်လုပ်ကိုင်သမျှ လုပ်ငန်းအ၀၀တို့ အဆင်ပြေချောမွေ့စေပြီး စီးပွားလာဘ်လာဘများ တိုးတက် လာလိမ့်မည်ဖြစ်ကြောင်း တင်ပြရေးသားလိုက်ရပါသည်။


သုတေသီ ဆရာငြိမ်း
(ရောင်ပြန်မဂ္ဂဇင်း ၂၀၁၀-နိုဝင်ဘာလ)

No comments: