Sunday, April 10, 2011

အယ်လ်.ဒီ.အယ်လ် ကော်လက်စထရောကို ကျဆင်းစေနိုင်သည့် စားသောက်ဖွယ်ရာများ

ဗာဒံစေ့၊ ပန်းသီး၊ ထောပတ်သီး၊ ပဲများ(အခြောက်လှန်းထား)၊ မုန်လာဥ၊ နံနံစေ့၊ ပဲနံ့သာစေ့၊ ကြက်သွန်ဖြူ၊ ဂရိတ်ဖရု(တ်) Grape Fruit ၊ ဂရိတ်ဖရု စေ့မှရသော ဆီ၊ အုတ်စပါး၊ သံလွင်ဆီ၊ ကြက်သွန်နီ၊ နေကြာဆီ၊ ပဲပိစပ်၊ နေကြာစေ့နှင့် သစ်ကြားသီးတို့ ဖြစ်သည်။

ဗာဒံစေ့ (Almond)
ဗာဒံစေ့သည် အခွံမာသီးများတွင် အလွန်အရေးပါသည့် အာဟာရဓာတ် မြင့်မားသော စားဖွယ်ရာတမျိုး ဖြစ်သည်။ ဒေါက်တာဂျင်းန်စပီးယား (Dr.Gene Spiller)၏ သုတေသနပြု တွေ့ရှိချက်များအရ အောက်ပါအတိုင်း တွေ့ရှိရသည်ဟု ဆိုပါသည်။ သူက ကော်လက်စထရော ပမာဏ အတန်အသင့်မြင့်မားသော (၆.၂၄ ၀န်းကျင်ရှိ) အမျိုးသား အမျိုးသမီးများအား တနေ့လျှင် ဗာဒံစေ့ (၁၀၀)ဂရမ်ကို (၃)ပတ်မှ (၉)ပတ်အထိ စားသုံးစေခဲ့သည်။ အခြားသူများကို ချိစ်(Cheese) (သို့မဟုတ်) သံလွင်ဆီမှရသော အဆီကို အလားတူပမာဏဖြင့် စားသုံးစေခဲ့သည်။ ဗာဒံစေ့ စားသုံးသူများတွင် ပျမ်းမျှကော်လက်စထရောသည် ချိစ်စားသုံးသူများထက် (၁၀)မှ (၁၅)ရာခိုင်နှုန်းအထိ ယုတ်လျော့သွားကြောင်း တွေ့ရှိရသည်။ ဗာဒံစေ့နှင့် သံလွင်ဆီတို့သည် ကောင်းကျိုးပြုမှု တူညီပြီး များသောအားဖြင့် ယင်းတို့တွင်ပါဝင်သော ဓာတုဖွဲ့စည်းပုံလည်း တူညီကြောင်း သိရှိရလေသည်။

ပန်းသီး (Apple) 
ပန်းသီးတွင် ပျော်ဝင်နိုင်သော ဖိုက်ဘာ(အမျှင်ဓာတ်) မြင့်မားစွာပါဝင်၍ ကော်လက်စထရောကို ဆုတ်ယုတ်ကျဆင်း စေနိုင်ပါသည်။ ပြင်သစ်မှ သုတေသီများ၏ လတ်တလောတွေ့ရှိချက်များအရ သက်လတ်ပိုင်းအရွယ် ကျန်းမာသန်စွမ်းသူ အမျိုးသား အမျိုးသမီး အုပ်စုတစုအား တလအတွင်းတွင် ပုံမှန်စားသောက်မှုနှင့် တွဲဖက်၍ တဦးလျှင် နေ့စဉ် ပန်းသီး(၂)လုံး (သို့မဟုတ်) (၃)လုံးစီ စားသုံးစေခဲ့ပါသည်။ ယင်းအုပ်စုမှ (၈၀)ရာခိုင်နှုန်းခန့်တွင် မကောင်းသည့် အယ်လ်.ဒီ.အယ်လ် ကော်လက်စထရော ကျဆင်းသွားခဲ့ပြီး ကော်လက်စထရောပမာဏ (၁၀)ရာခိုင်နှုန်း ကျော်ကျော်မျှ ကျဆင်းသွားကြောင်း တွေ့ရပါသည်။ စိတ်ဝင်စားဖွယ်ကောင်းသောအချက်မှာ ပန်းသီးသည် အမျိုးသားများထက် အမျိုးသမီးများတွင် ပိုမိုအကျိုးရှိစေသည့်အချက်ဖြစ်ပါသည်။ ကောင်းမွန်သော အိတ်ခ်ျ.ဒီ.အယ်လ် ကော်လက်စထရောလည်း မြင့်တက်လာကြောင်း တွေ့ရပါသည်။ အမျိုးသမီးတဦးတွင်ဆိုလျှင် ကော်လက်စထရော ပမာဏ(၃၀) ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း တွေ့ရပါသည်။ 

ဗဟိုဝါရှင်တန်တက္ကသိုလ်မှ ဒေးဗစ်ဂီး (David Gee,Ph.D) ၏ လေ့လာတွေ့ရှိချက်တခုတွင် ပန်းသီးရည်တွင်းမှ အမျှင်ဓာတ်ကို သီးခြားထုတ်ယူခဲ့ကာ ကွတ်ကီးတွင်းသို့ ထည့်သွင်း၍ ဖုတ်ခဲ့သည်။ ယင်းကို ကော်လက်စထရော ပမာဏ အတန်အသင့်မြင့်မားသော အမျိုးသား(၂၆)ဦးတို့အား တနေ့လျှင်  ပန်းသီးကွတ်ကီး(၃)ခု စားသုံးစေခဲ့သည်။ ယင်းတို့တွင် ပျမ်းမျှအားဖြင့် ကော်လက်စထရော (၇)ရာခိုင်နှုန်းမျှ ကျဆင်းသွားကြောင်း တွေ့ခဲ့ရလေသည်။ ပန်းသီးကွတ်ကီးတခုတွင် အမျှင်ဓာတ်(၁၅)ဂရမ်ပါဝင်ပြီး ပန်းသီး(၄)လုံး (သို့မဟုတ်) (၅)လုံးစာ ပမာဏနှင့် ညီမျှသည်ဟု သိရပါသည်။


ကျွမ်းကျင်သူအတော်များများက ပန်းသီးတွင်ပါဝင်သော ပက်တင်း(Pectin) ဓာတ်ကြောင့် ကော်လက်စထရော ကျဆင်း စေရခြင်းဖြစ်သည်ဟု ဆိုပါသည်။ သို့သော် ပန်းသီးတွင်ပါဝင်သော အခြားဓာတ်ပေါင်းများကလည်း ကော်လက်စထရောကို ကျဆင်းစေနိုင်ပါသည်။ ဖီလ်လာဒဲဖီးယားရှိ ၀စ်(စ်)စတားအင်စတီကျူး (The Wistar Institute) မှ ဒေါက်တာဒေးဗစ် ခရစ်ချက်စကီး (Dr. David Kritchevsky) က ပန်းသီးတလုံးလုံးသည် ယင်းတွင်ပါဝင်သော ပက်တင်းပမာဏထက် ကော်လက်စထရော ပိုမိုလျော့ကျစေသည်ဟု ကောက်ချက်ချခဲ့ပါသည်။


တခုခုက ဒီလိုလုပ်ဆောင်ပေးခဲ့တာ ဖြစ်ပါလိမ့်မယ်-ဟု သူက မှတ်ချက်ချခဲ့ပါကြောင်း။


ဟိန်း (ဘူမိ)
Ref: Healing Through Natural Foods by Dr. H.K. Bakhru.

No comments: