Saturday, April 16, 2011

မုလေးပန်း

မုလေးပန်းသည် အပွင့်နံ့သာတို့တွင် အမြတ်ဆုံး ဖြစ်သည်။ မြတ်လေးပန်း ဟုလည်း ခေါ်ကြသည်။ မုလေးပင်ကို ရုက္ခဗေဒအလိုအရ ဂျစ်စမင်နမ် ဂရန်ဒီဖလိုရမ်ဟု ခေါ်သည်။ မူလပေါက်ရောက်ရာအရပ်မှာ ဟိမ၀န္တာတောင်၏ အနောက်မြောက်ဘက်ဒေသ ဖြစ်သည်။ မုလေးပင်သည် ချုံနှင့် နွယ်မျိုးဝင်ဖြစ်ပြီး အိုလီစီအီး မျိုးရင်းဝင်ဖြစ်သည်။ မျိုးစိတ်ပေါင်း ၁၀၁-ခန့်ရှိသည်။

မုလေးပင်၏ အရွက်များသည် အကိုင်း၏ တဖက်တချက်မှ မျက်နှာချင်းဆိုင် ထွက်သည်။ အရွက်သည် စိမ်း၍ ရှည်ရှည်ဖြစ်ပြီး အဖျားဘက်သို့ ချွန်သွားသည်။ အဖြူရောင်အပွင့်၏ အောက်ဘက်တွင် အနီရောင် သန်းနေသည်။ ပန်း၏ရနံ့မှာ အလွန်မွှေးသည်။
မုလေးပန်းဟု ရေးသားခေါ်ဝေါ်ကြသည်မှာ အဘိဓာန်ကျမ်းတွင်
သုမနာ-မုလေး၊
ဇာတိသုမနာ-မုလေး၊
မာလတီ-မုလေး၊
ဇာတိ-မုလေး၊
ဝဿိကီ-မုလေး၊ ဟူ၍ ပရိယာယ် ငါးပုဒ်ပြသည်။ မာလတီဟူသော ပုဒ်တွင် တီသဒ္ဒါကျေ၍ မာလသဒ္ဒါပျက် မုလေး-ဟု မြန်မာဘာသာ ရေးသားခေါ်ဝေါ်ကြသည်ဟု ယူရန်ရှိသည်။

ထိုမုလေးပန်းကို ဒသင်္ဂုတ္တုရ် အပ္ပမာဒသုတ်ပါဠိတော်တွင် 
သတ္တ၀ါတွင် ဘုရား၊
မြေ၌သွား၍ ထင်သည်တွင် ဆင်၏ခြေရာ၊
အခြင်တကာတွင် အထွတ်၊
အမြစ်နံ့သာတွင် ကာဠာနုသာရီ၊
အနှစ်နံ့သာတွင် လောဟိတစန္ဒန၊
အပွင့်နံ့သာတွင် ၀ဿိကီပုပ္ဇ မုလေးပန်း၊ 
မင်းများ အပေါင်းတွင် စကြာမင်း၊
ကြယ်တကာအရောင်တွင် လရောင်၊
မှောင်တကာကို ဖျောက်၍ ထွန်းလင်းသောအရောင်တွင် နေ၊
မြစ်တကာတွင် သမုဒ္ဒရာသာ အကြီးအကဲ အထွတ်အမြတ် ဖြစ်သကဲ့သို့ 
ကုသိုလ်တကာတွင် အပ္ပမာဒတရား မြတ်ကြောင်းများကို ဘုရားဟောတော်မူသည်ဖြစ်၍ မုလေးပန်းကား ပန်းတကာတွင် အထွတ်အမြတ် အသာဆုံး မှတ်ရမည်ဟု ဖွင့်ဆိုပါသည်။

မုလေးပွင့်၊ မုလေးမုံ၊ မုလေးရွက်တို့၏ အကျိုးကို သီရိရာဇေန္ဒြသေန ရသေ့ စီရင်သည့် ဒြဗျဂုဏ်ဆေးကျမ်း၊ ပဉ္စမတွဲတွင် မုလေးပန်းသည် သလိပ်နာ၊ သည်းခြေနာ၊ သွေးနာ၊ ပေါက်သောအနာ၊ ပိုးနာ၊ နူနာကို ပယ်နိုင်၏။ ထိုမုလေးပန်း၏ အငုံအကင်းသည် မျက်စိနာနှင့် သင့်၏။ ထိုမုလေးရွက်သည် သလိပ် သည်းခြေကို နိုင်၏ဟု ဖွင့်ဆိုထားသည်။

ဝေဿာမိတ္တရသေ့ စီရင်သည့် သရရတုကထန ဆေးကျမ်းတွင် မုလေးကျီးပေါင်းကို ရေ၀တီနက္ခတ် အကြိုက်တွင် ယူဆောင်လျှင် လူအပေါင်းတို့စကားကို နာယူရသည်ဟု ဆိုသည်။
ရွှေထီး ရွှေနန်း မင်းအဆက်ဆက် ထွက်စံတော်မူရာ ရာဇမတ်တန်း မင်းလမ်းများတွင် တံခွန်၊ ကုက္ကား မုလေးပွား စိုက်ဆောက်သည်မှာလည်း အခါခပ်သိမ်း မုလေးပန်းဆိုင်း မရသောကြောင့် မုလေးပန်းတု အထည်၊ စက္ကူများကို ပြုလုပ်ကြသည်။ ထို့ကြောင့် မုလေးပွား ခေါ်သည်ဟု ယူရမည်။

မုလေးခေါ် မြတ်လေးပန်းသည် အညာဒေသတွင် အတွေ့ရများသည်။ အောက်အရပ်တွင် ရှားပါး၍ အတွေ့ရ နည်းလှပါသည်။

အေးမမ
(ငွေတာရီမဂ္ဂဇင်း ၂၀၀၃-ခု ဖေဖော်ဝါရီလ)

No comments: