Wednesday, April 6, 2011

ကျန်းမာရေး မေး+ဖြေ

(မေး) Anti-bacteria ပါဝင်တဲ့ ဆပ်ပြာရည်နဲ့ လက်ဆေးတာ ရိုးရိုးဆပ်ပြာရည်ထက် ပိုးမွှားအန္တရာယ်ကို ပိုမို ကာကွယ်နိုင်ပါသလား။
(ဒေါ်အေး၊ အင်းစိန်-ရန်ကနု)

(ဖြေ)
ပိုးမွှားတွေ သေသွားအောင် Triclosen ပါဝင်တဲ့ ပဋိဇီဝပိုးသတ် လက်ဆေးဆပ်ပြာရည် (Anti-bacterial soap) တွေဟာ ရိုးရိုးဆပ်ပြာတွေထက် ရောဂါကာကွယ်တာမှာ ပိုမိုမကောင်းပါဘူး။ ဒါ့အပြင် တချို့ ပဋိဇီဝဆေးတွေရဲ့ အစွမ်းကို ကျဆင်းစေပါတယ်လို့ Michigan Public Health ကျောင်းမှ ဆပ်ပြာအမျိုးပေါင်း ၂၇-မျိုးကို လေ့လာအပြီးမှာ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒီကျောင်းက Prof:Aiello က အန္တရာယ်ကင်းစွာ ပိုးမွှားတွေ သတ်စေနိုင်ဖို့ အောက်ပါနည်းလမ်းကို အကြံပေးလိုက်ပါတယ်။ 

အကောင်းဆုံးနည်း---
ရိုးရိုးဆပ်ပြာနဲ့ ရေနွေးနဲ့ ဆေးပါ။ လက်သည်းအောက်နဲ့ လက်ချောင်းကြား အပါအ၀င် လက်တခုလုံးကို ၂၀-စက္ကန့်ကြာအောင် ဆေးပါ။

လိုအပ်ချက်---
ဆပ်ပြာ အလွယ်တကူရှိဖို့၊ ရေနွေးနဲ့ အခြောက်ခံပစ္စည်းတွေ လိုအပ်ပါတယ်။

ဒုတိယနည်း---
အယ်လ်ကိုဟော အရက်ပြန်ပါဝင်တဲ့ လက်ဆေးရည် Ethy Alcohol ၆၂-ရာခိုင်နှုန်းပါဝင်တဲ့ လက်ဆေးရည်တွေ အသုံးပြုနိုင်ပါတယ်။

လိုအပ်ချက်---
လက်ပေါ်မှမြင်ရတဲ့ အညစ်အကြေးတွေကို အယ်လ်ကိုဟောက ကောင်းကောင်း အလုပ်မလုပ်နိုင်ပါဘူး။ အဲဒီလက်ဆေးရည်တွေကို ကလေးတွေနဲ့ ဝေးဝေးမှာထားပါ။ မျိုချမိရင် အဆိပ်ဖြစ်စေလို့ပါ-လို့ Aiello က ပြောပြပါတယ်။

တတိယနည်း---
အယ်လ်ကိုဟော မပါဝင်တဲ့ လက်ဆေးရည်
Berzalkonium chloride (BAC) ပါဝင်တဲ့ လက်ဆေးရည်တွေမှာ အယ်လ်ကိုဟော မပါဝင်တဲ့အတွက် ကလေးတွေနဲ့ သင့်တော်ပါတယ်။

လိုအပ်ချက်---
BAC ဟာ ပဋိဇီဝဆေးတွေကို ခံနိုင်ရည်ရှိတာနဲ့ ဆက်စပ်နေပါတယ်။ 
*********************************************************************

(မေး) ကျွန်မမှာ သွေးတိုးရောဂါ ရှိပါတယ်။ မိတ်ဆွေတွေက သူတို့နဲ့ အတူ တရားစခန်း လိုက်ဝင်ဖို့ ပြောပါတယ်။ တရားစခန်းဝင်ရင် ရောဂါပျောက်နိုင်တယ်ဆိုတာ ဟုတ်ပါသလား။ သိပ္ပံနည်းနဲ့ ရှင်းပြလို့ရပါသလား။
(ဒေါ်မြသင်းကြိုင်-အောင်ချမ်းသာရပ်၊ မုံရွာ)

(ဖြေ)
တချို့ လေ့လာမှုတွေအရ ဘာသာတရား ကိုင်းရှိုင်းမှုနဲ့ စိတ်ဟာ ဆက်စပ်မှုရှိနေပြီး သွေးပေါင်ချိန်ကို လျော့စေတာ၊ ခုခံအားကောင်းတာ၊ စိတ်ဓာတ်ကျဝေဒနာတွေ လျော့ပါးတာနဲ့ အသက်ရှည်တာတောင် ဖြစ်နိုင်တယ်လို့ တွေ့ရှိခဲ့ကြပါတယ်။ နေ့စဉ် ဘုရားမှန်မှန်ရှိခိုးတဲ့ နှလုံးရောဂါရှိသူတွေမှာ သူတို့နဲ့ တန်းတူရည်တူ ရောဂါရှိသူတွေထက် နောက်ဆက်တွဲ ဆိုးကျိုး ၁၁-ရာခိုင်နှုန်း လျော့နည်းတယ်လို့ ၁၉၉၉-ခုနှစ်က ပြုလုပ်တဲ့ လေ့လာမှုတခုမှာ ဖော်ပြခဲ့ပါတယ်။

ဘုရားရှိခိုးသူတွေဟာ နည်းအမျိုးမျိုးနဲ့ ကျန်းမာရေးကို ပိုကောင်းမွန်စေပါတယ်။ ဘာသာတရားကို မှန်မှန်ယုံကြည်မှုရှိတဲ့ အတွက် အရက်သောက်သလိုမျိုး ကျန်းမာရေးနဲ့ မသင့်တော်တဲ့ အပြုအမူတွေ မလုပ်တော့ပါဘူး။ တရားထိုင်တဲ့အတွက် စိတ်ဖိစီးမှုတွေ လျော့သွားပါတယ်။ ဘာသာတရားနဲ့ ပတ်သက်ပြီး ဓမ္မမိတ်ဆွေတွေ ပိုများလာတဲ့အတွက် အပေါင်းအသင်းတွေ အားပေးထောက်ပံ့မှုကြောင့် ကျန်းမာရေး ပိုကောင်းလာပါတယ်။
*********************************************************************
(မေး) ကျွန်တော် မကြာခဏ နှာစေး နှာပိတ်တတ်ပါတယ်။ နှာခေါင်းရိုးတွေ၊ ပါးရိုးတွေလည်း နာတတ်ပါတယ်။ အထူးသဖြင့် ဆောင်းတွင်းမှာ ပိုဆိုးပါတယ်။ ပဋိဇီဝဆေးတွေ မသောက်သုံးချင်ပါဘူး။ တခြားနည်းလမ်းတွေရှိရင် ပြောပြပါ။
(ဦးထွန်းထွန်း-မန္တလေး)

(ဖြေ)
နှာစေး နှာပိတ်တာအတွက် ပဋိဇီဝဆေးတွေ အသုံးမပြုတာ ကောင်းပါတယ်။ လေ့လာမှုကြီးတခုမှာ နှာစေးနှာပိတ်တာဟာ သူ့အချိန်ရောက်ရင် အလိုလို ပျောက်သွားတာကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ နှာခေါင်းရိုး၊ ပါးရိုးနာတာ၊ နှာပိတ်တာ သက်သာဖို့နဲ့ နောက်ထပ်ရောဂါပိုးအသစ်တွေ ၀င်ရောက်မှု ကာကွယ်နိုင်အောင် အောက်ပါနည်းလမ်းတွေကို အသုံးပြုပြီး ကုသကြည့်ပါ။

ရေနွေးငွေ့ ရှူပါ---
ရေနွေးငွေ့ ရှူတာဟာ နှာရည်တွေ စီးဆင်းလာနိုင်ပြီး နှာခေါင်းတွင်း ဖိအားကျရောက်မှုကို သက်သာစေပါတယ်။ ရေနွေးအိုးကို မီးဖိုပေါ်မှ မ,ယူလာကာ ရေနွေးငွေ့ အပြင်ကို မပျံ့နှံ့ရလေအောင် သင့်ဦးခေါင်းကို မျက်နှာသုပ်ပုဝါနဲ့ အုပ်ထားပြီး ရေနွေးငွေ့ကို ၁၀-မိနစ်ခန့် ရှူပါ။ မျက်နှာနဲ့ နဖူးပေါ်ကို မကြာခဏ ရေနွေးအိတ်နဲ့ ကပ်ပေးနိုင်ပါတယ်။ နှာခေါင်းထဲကို ဆားရည်နွေးနဲ့ တနေ့နှစ်ကြိမ် ဆေးကြောပေးပါ။ ရေများများသောက်ပေးခြင်းဟာလည်း ပျစ်ခဲနေတဲ့ နှာရည်တွေ အရည်ပျော်စေနိုင်ပါတယ်။

နို့နဲ့ နို့ထွက်ပစ္စည်း မသုံးဆောင်ပါနဲ့---
နွားနို့နဲ့ နို့ထွက်ပစ္စည်းတွေဟာ နှာရည်တွေကို ပျစ်ခဲစေပြီး နှာပိတ်စေတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

ကြက်သွန်ဖြူ ပိုစားပါ---
ကြက်သွန်ဖြူမှာ ဘက်တီးရီးယားပိုးတွေကို တိုက်ခိုက်နိုင်တဲ့ အစွမ်း ရှိပါတယ်။ တနေ့ကို ကြက်သွန်ဖြူ ဥကြီးတစ်ဥ ဒါမှမဟုတ်-နှစ်ဥ စားပါ။

အပ်စိုက်ကုပါ---
ရုတ်တရက်ဖြစ်တဲ့ ထိပ်ကပ်နာရောဂါအတွက် အလွန်ထိရောက်ပါတယ်။ နာကျင်တာနဲ့ နှာပိတ်တာတွေ အမြန်သက်သာ သွားနိုင်ပါတယ်။
*********************************************************************
(မေး) ကျွန်မ မကြာခဏ သွားဖုံးရောဂါ ဖြစ်တတ်ပါတယ်။ သဘာဝနည်းပညာနဲ့ ကုသလို့ ရပါသလား။ သွား ဆရာဝန်ကို ပြသင့်ပါသလား။ သေသေချာချာ ရှင်းပြပေးပါ။
(ဒေါ်နန်းမ၊ တောင်ဒဂုံ)

(ဖြေ)
သဘာဝနည်းပညာနဲ့ ကုသလို့ ရပါတယ်။ ဒါပေမယ့် သွားဆရာဝန်ကို ပြသဖို့ လိုအပ်ပါတယ်။ သွားဖုံးနာရောဂါ မကြာခဏဖြစ်တာဟာ နာတာရှည် ဘက်တီးရီးယားပိုးတွေ ၀င်ရောက်မှုကြောင့်ဖြစ်ပြီး မကုသဘဲထားခဲ့ရင် သွားဖုံးနဲ့ သွားတွေကို ထိန်းထားပေးတဲ့အရိုးတွေ ပျက်စီးသွားနိုင်လို့ သွားနုတ်ရတဲ့အဆင့်တောင် ရောက်သွားနိုင်ပါတယ်။

နေ့စဉ် သွားပွတ်တံထိပ်မှာ ရော်ဘာပါဝင်တဲ့ သွားတိုက်တံနဲ့ သွားဖုံးကို ဖိတိုက်ပေးပါ။ သွားဖုံးကို နှိပ်ပေးတာကြောင့် သွားဖုံးတွင်း သွေးလည်ပတ်မှု ကောင်းစေပါတယ်။ ဆေးလိပ် သောက်ရင် ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ်သောက်တာကြောင့် သွားဖုံးတွင်း သွေးဝင်ရောက်တာ နည်းသွားစေလို့ပါ။ Hydrogen peroxide နဲ့ မုန့်ပွဆော်ဒါ ရောထားတဲ့ သွားတိုက်ဆေးနဲ့ သွားတိုက်ပေးပါ။ ရောဂါပိုးမွှားတွေ သေစေပြီး သွားချေးဖတ်တွေကို ဖယ်ထုတ်နိုင်ပါတယ်။ (သွားဖုံးခွဲပြီး ပြန်ချုပ်ထားသူတွေမှာ အဲဒီသွားတိုက် ဆေးကို အသုံးမပြုသင့်ပါ)

အာဟာရဓာတ်လည်း ကောင်းစွာပြည့်ဝဖို့ လိုပါတယ်။ ကယ်လ်စီယမ်ဓာတ် လုံလုံလောက်လောက်ရဖို့ လိုပါတယ်။ နွားနို့များများသောက်ပါ။ တနေ့ကို ကယ်လ်စီယမ် ၅၀၀-ဂရမ်ထက် လျော့နည်းစွာစားရင် သွားခြေရောဂါတွေ ပိုရတယ်လို့ လေ့လာမှုတွေက ပြောပါတယ်။ ဗီတာမင် C-ဓာတ်လည်း လုံလုံ လောက်လောက် ရဖို့ လိုပါတယ်။ ဖရဲသီးနဲ့ အချည်အရသာရှိတဲ့ သစ်သီးတွေ စားနိုင်ပါတယ်။ ကောက်နှံနခုလုံးလည်း စားဖို့ လိုပါတယ်။ (ဆန်လုံးညိုနဲ့ ကွေကာအုတ်တွေ စားလို့ရပါတယ်)။ အဲဒီ အာဟာရဓာတ်တွေအားလုံးဟာ သွားဖုံးရောဂါတွေအတွက် အလွန်ကောင်းမွန်ကြပါတယ်။
********************************************************************
(မေး) ကျွန်မရဲ့ သိုင်းရိုက်ဂလင်းက အလုပ် သိပ်မလုပ်လို့ ၀နေတယ်လို့ ပြောပါတယ်။ ဘယ်လိုကုသရပါမလဲ။
(ဒေါ်အေး၊ ဗဟန်း)

(ဖြေ)
သိုင်းရိုက်ဂလင်း အလုပ်မလုပ်နိုင်ရင် (Hypothyroidism) လို့ခေါ်ပါတယ်။ သိုင်းရိုက်ဟော်မုန်းဆေးတွေ သောက်ဖို့လိုပါတယ်။ ဆရာဝန်နဲ့ တိုင်ပင်ပြီး သောက်ပါ။ သိုင်းရိုက်ဂလင်းဟာ ဇီဝရုပ်ဖြစ်စဉ်ကို ထိန်းညှိပေးပါတယ်။ အဲဒီဟော်မုန်း လျော့နည်းရင် မောပန်းတာတွေ၊ အ၀လွန်တာတွေ၊ စိတ်ဓာတ်ကျတာတွေ၊ ၀မ်းချုပ်တာတွေနဲ့ အအေးဒဏ်မခံနိုင်တာတွေ ဖြစ်တတ်ပါတယ်။ သိုင်းရိုက်ဟော်မုန်းပါတဲ့ ဆေးတွေအပြင် အစားအသောက်နဲ့ ဘ၀နေထိုင်မှုပုံစံ ပြောင်းလဲနည်းတွေနဲ့လည်း ရောဂါဝေဒနာ သက်သာအောင် ပြုလုပ်ပေးနိုင်ပါတယ်။

တချို့ အစားအသောက်တွေဟာ သိုင်းရိုက်ဟော်မုန်း ထုတ်လုပ်မှုကို ကျဆင်းစေပြီး ဝေဒနာတွေကို ပိုဆိုးစေပါတယ်။ ဒီအစားအသောက်တွေမှာ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ အစိမ်းရောင် ပန်းဂေါ်ဖီ၊ မြေပဲနဲ့ ပဲတွေပါဝင်တဲ့အတွက် အဲဒီအစားအသောက်တွေကို နည်းနည်းသာ စားပါ။ လေ့ကျင့်ခန်းလုပ်ခြင်းဖြင့်လည်း ရောဂါလက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။ မှန်မှန်လုပ်တဲ့ ဘယ်လုပ်ရှားမှုမျိုးမဆို ရောဂါကို သက်သာစေနိုင်ပါတယ်။ အထူးသဖြင့် ယောဂလေ့ကျင့်ခန်းလုပ်ရင် ပိုကောင်းပါတယ်။ အပ်စိုက်ကုသမှုနဲ့ တရုတ်တိုင်းရင်းဆေးတွေနဲ့လည်း ကုသနိုင်ပါတယ်။ နာတာရှည် စိတ်ဖိစီးမှုများရင်လည်း သိုင်းရိုက်ဟော်မုန်း ထုတ်လုပ်မှု နည်းတတ်ပါတယ်။ ဒါကြောင့် သင့်မှာ Hypothyroidism ရောဂါရှိရင် စိတ်ဖိစီးမှုဖြေဖျောက်တဲ့ နည်းလမ်းများကို အသုံးပြုပါ။

(အာရောဂျံ ၂၀၀၈-ဇန်န၀ါရီလ) 


1 comment:

su said...

နာတာ၇ှည် စိတ်ကျခြင်းကြောင့်ဖြစ်လာနိုင်တဲ့ ရောဂါနှင့် လက်ခဏာများကို သိချင်ပါတယ်။ ၂ နှစ်တိတိအပြင်းအထန်စိတ်ကျပြီး ကိုယ့်ကိုကိုယ် ခက်ခဲစွာကြိုးစားပြန်မတ်နိုင်ခဲ့ပေမဲ့ အရင်လိုကျန်းမာရေးဒေါင်ဒေါင်မည်(ယခင်နှာဆေးချေင်းဆိုးတောင်မရှိ)မဟုတ်တော့ပဲ အရိုးတွေနာ၊ကြွက်သားတွေနာ၊အတွင်းကလီစာတွေကဟိုကနာဒီကနာ၊မျက်လုံးတွေကအမြင်တွေဝါးနဲ့ နေလို့ကိုမကောင်းတော့ပါ၊အမောဆိုလုံးလုံးကို မခံနိုင်တော့ပါ။ဝမ်းကလဲမမှန်တော့ပါ။ ဘယ်လိုဆေးစစ်၊ကုသရပါလဲရှင့်။