Thursday, April 7, 2011

ရင်သွေးငယ်တို့ ကျန်းမာရေး

(မေး) ကျွန်မက သမီးလေးကို အမြဲတမ်း Diaper ၀တ်ပေးလေ့ရှိပါတယ်။ သမီးက အသက် ၁-နှစ်ခွဲပါ။ ခက်တာက ပေါင်က အရေပြားလေးတွေ ပွန်းပဲ့လာပါတယ်။ ဒီတော့ Diaper ၀တ်ရင် သုံးသင့်တဲ့ အရေပြားလိမ်းဆေး ရှိပါသလားရှင့်။

(ဖြေ) 
အေးတဲ့နိုင်ငံတွေမှာတော့ Diaper အမြဲဝတ်ပေးထားတာ ကိစ္စမရှိပေမယ့် မြန်မာနိုင်ငံလို ပူအိုက်တဲ့ နိုင်ငံမျိုးမှာတော့ Diaper ကို အပြင်သွားတုန်းလောက်ပဲ ၀တ်ပေးတာ ပိုကောင်းပါတယ်။ Nappy Rash ဆိုတာ Diaper ၀တ်ပေးတဲ့နေရာတွေမှာ ပေါ်လာတတ်တဲ့ နီနီအပြင်ကြီးတွေပါ။ အကြောင်းရင်းက အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ ရှူရှူးလောင်တာ သက်သက်ဆိုရင် Amoniacal Dermatitis လို့ ခေါ်ပါတယ်။ Zine Oxide Ointment လို လိမ်းဆေး လိမ်းပေးရင် လုံလောက်ပါတယ်။ အဲဒီအနီပြင်က ပေါင်ကြား အရစ်ကလေးတွေအထိ ဖြစ်လေ့မရှိပါဘူး။ Candida Dermatitis လို့ခေါ်တဲ့ မှိုပိုးတမျိုးကြောင့် ဖြစ်တဲ့ အနီပြင်တွေကတော့ ပေါင်ကြားအရစ်တွေပါ ပါလေ့ရှိပြီး အနီပြင် ဆုံးတဲ့နေရာကလည်း တိတိကျကျ ပြတ်ပြတ်သားသားမရှိဘဲ သဲတွေကျဲပက်ထားသလို အသားကောင်းနေရာတွေအထိ ဆက်ပြန့်သွား တတ်ပါတယ်။ အဲဒါဆိုရင် Clo-trimaz0le ပါတဲ့ လိမ်းဆေးတမျိုးမျိုးကို တနေ့ ၂-ကြိမ်လောက် လိမ်းပေးရပါတယ်။ 
*********************************************************************
(မေး) ကလေးငယ်တယောက် ချောင်းဆိုးတာ ၁-လကျော်နေပြီဆိုရင် ဘာရောဂါဖြစ်တတ်ပါသလဲ ဒေါက်တာ တီဘီရောဂါဖြစ်နိုင်ခြေ ရှိပါသလား။

(ဖြေ) မြန်မာနိုင်ငံမှာတော့ ကလေးတယောက် ရက် ၃၀-ကျော်အောင် ချောင်းဆိုးနေရင် တီဘီရောဂါ ရှိ-မရှိ စစ်ဆေးသင့်ပါတယ်။ ဒါပေမယ့် တခြားအကြောင်းရင်းတွေလည်း ရှိနိုင်ပါတယ်။ ကြက်ညှာရောဂါ၊ ရင်ကျပ်ပန်းနာ ရောဂါ အစရှိတာတွေအပြင် Seasonal Rhinitis, Perrenial Rhinitis အစရှိတဲ့ သာမန်နှာစေးချောင်းဆိုး ရောဂါတွေကလည်း တခါတလေ အဲသလို ရက်ကြာတတ်ပါတယ်။
********************************************************************
(မေး) သမီးငယ်လေးက အသက်ရှူမြန်တယ်လို့ ကျွန်မထင်ပါတယ်။ အထူးသဖြင့် အိပ်ရင် ပိုပြီးအသက်ရှူ မြန်တတ်ပါတယ်။ ကျွန်မက နှလုံးရောဂါဖြစ်မှာကို စိုးရိမ်တာပါ။ ဒါမှမဟုတ် အဆုတ်များ တခုခုဖြစ်နေသလားလို့ပါ။

(ဖြေ)
အသက်ရှူမြန်တာ နှလုံးမောခြင်း (Heart Failune) ကြောင့် ဖြစ်နိုင်သလို၊ အသက်ရှူလမ်းကြောင်းနဲ့ အဆုတ်ဆိုင်ရာ ရောဂါတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ရောဂါကြောင့် အသက်ရှူမြန်တာ ဆိုရင် မြန်ချင်တဲ့အခါ မြန်၊ နှေးချင်တဲ့အခါ နှေး၊ မဖြစ်တတ်ပါဘူး။ အမြဲတမ်းပဲ မြန်နေမှာပါ။ တခါတလေမှ မြန်တာဆိုရင်တော့ ပုံမှန်အသက်ရှူတာကို မိဘက မြန်တယ်လို့ ထင်နေတာဖြစ်ဖို့ များပါတယ်။
********************************************************************
(မေး) ဆီးခဏခဏသွားရင် လူပိန်တယ်လို့ ပြောကြပါတယ်ဆရာ။ ကျွန်တော့တူလေးက အသက် ၁၃-နှစ်ပါ။ သူက တနေ့ကို ဆီး ၁၀-ခါထက် မနည်း သွားတယ်။ အဲဒါ ရောဂါတခုခု ရှိနေပြီလားဆရာ။ သာမန်ဆီးစစ်ကြည့်တဲ့အခါမှာတော့ ဘာရောဂါမှ မရှိဘူးလို့ပြောတယ်။ ကျွန်တော်က စိတ်ပူတဲ့အတွက် ဆရာ့ဆီ အကြံပေး မေးမြန်းရခြင်း ဖြစ်ပါတယ်။

(ဖြေ) 
ဆီးခဏခဏသွားတိုင်း လူမပိန်ပါဘူး။ ရောဂါရှိလို့ ဆီးခဏခဏသွားမှ လူပိန်တာပါ။ ဆီးချို၊ သွေးချိုရောဂါဖြစ်ခြင်း၊ ဆီးနည်းအောင်ထိန်းတဲ့ ဟော်မုန်းမထွက်ခြင်း၊ အစရှိသဖြင့် ရောဂါအမျိုးမျိုး ရှိပါတယ်။ စိတ်လှုပ်ရှားစရာတခုခု တွေ့နေခိုက်မှာလည်း  ဖြစ်တတ်ပါတယ်။ သာမန် ဆီးစစ်ခြင်းဟာ ရောဂါတော်တော်များများကို မဖော်ထုတ်နိုင်ပါဘူး။ အဖြစ်အများဆုံး ပြဿနာကတော့ ဘာရောဂါမှမရှိဘဲ ရေများများသောက်မိလိုက်၊ ဆီးများများသွားလိုက်၊ ရေပြန်ငတ်လိုက် သံသရာလည်နေတာပါပဲ။ ဆရာကတော့ ၁၃-နှစ်သားတယောက် တနေ့ ဆီး ၁၀-ခါသွားတာကို များတယ်လို့ မထင်ပါဘူး။
******************************************************************

(မေး) ကလေးတွေ အသက် ၁-နှစ်ကနေ ၁၀-နှစ်အထိ ဘယ်အသက်အရွယ်မှာ ဘယ်လောက် ပေါင်ချိန်အတိုင်းအတာ ရှိသင့်တယ်ဆိုတာ သိချင်ပါတယ်ဆရာ။

(ဖြေ)
ကလေးတွေရဲ့ ပုံမှန်အလေးချိန်ဟာ အနည်းဆုံးနဲ့အများဆုံးရယ်လို့ အရွယ်တိုင်း အရွယ်တိုင်းမှာ ရှိပါတယ်။ အဲဒီနှစ်ခုက လူမျိုး ဒေသတွေအပေါ်မှာရော၊ မိဘမျိုးရိုး အပေါ်မှာရောလည်း မှီနေပါသေးတယ်။ ဆရာတို့ ကလေးအထူးကု ဆရာဝန်များကတော့ ပေါင်ချိန်-ဆိုတဲ့စကား မသုံးပါဘူး။ အလေးချိန်လို့ပဲ သုံးပါတယ်။ ပေါင်နဲ့ တိုင်းတာတာထက် ကီလိုဂရမ်နဲ့ တိုင်းတာတာက ပိုစနစ်ကျတဲ့အတွက် ဖြစ်ပါတယ်။ ကီလိုဂရမ်ကို ပေါင်ချိန်ဖြစ်ချင်ရင် ၂.၂ နဲ့ မြှောက်ရပါတယ်။ 


ဆန္ဒမွန်ဖြင့် 
ဒေါက်တာရဲ( ကလေးအထူးကု ဆရာဝန်) 
(ပေဖူးလွှာ ၂၀၁၀-ဇွန်လ)

No comments: