Sunday, May 8, 2011

ဆီးချိုရောဂါ ကာကွယ်ဖို့

ယနေ့ ကမ္ဘာတ၀န်းမှာ ဆီးချိုရောဂါရှိသူ သန်းပေါင်း ၁၂၀-ကျော်ရှိနေပြီး ၂၀၁၀-ပြည့်နှစ်မှာ သန်းပေါင်း ၂၀၀-ကျော်လာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ အဲဒီထဲက သုံးပုံနှစ်ပုံဟာ အာရှတိုက်သားတွေ ဖြစ်နေကြပါတယ်။ ဆီးချိုရောဂါ ဘာကြောင့်ဖြစ်နိုင်သလဲ၊ ဖြစ်နိုင်ခြေကို ဘယ်လိုလျှော့ချနိုင်မလဲဆိုတာကို သင်သိနေရင် သင်ဆီးချိုကြောင့် အသက်ဆုံးရှုံးမှုမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

အသံတိတ် လူသတ်သမား
ဆီးချိုရောဂါအနေနဲ့ များသောအားဖြင့် ဘာရောဂါလက္ခဏာမှ မပြတတ်ပါဘူး။ ရောဂါ အပြည့်အ၀ကြီး မဖြစ်ပေါ်ခင် ရောဂါရှိမှန်း ကြိုတင်သိနေဖို့ အလွန်အရေးကြီးပါတယ်။ သွေးတွင်း သကြားအဆင့်ဟာ ပုံမှန်ထက် မြင့်နေပြီး ဆီးချိုရောဂါလို့ ပြောရလောက်အောင်လည်း မမြင့်သေးရင် ဆီးချိုအကြို (Prediabetic) လို့ ခေါ်ပါတယ်။ လေ့လာမှုတွေအရ Prediabetic သမားတွေဟာ ၁၀-နှစ်အတွင်း အမျိုးအစား ၂-ဆီးချိုရောဂါ ဖြစ်လာတယ်လို့ သိရပါတယ်။ ဒါပေမဲ့ Prediabetic တွေဟာ ဘ၀နေထိုင်မှု ပုံစံပြောင်းလဲရုံနဲ့ ဆီးချိုရောဂါ မဖြစ်အောင် ဒါမှမဟုတ်-ဆီးချိုရောဂါဖြစ်ဖို့ အများကြီးကြာအောင် အချိန်ဆွဲထားနိုင်ပါတယ်။

ကိုယ်အလေးချိန်ကျစေတဲ့ အစားအသောက်ပြောင်းတာနဲ့ လေ့ကျင့်ခန်းလုပ်တဲ့ Life Style ကို ပြောင်းလဲ လိုက်တာနဲ့ အမျိုးအစား ၂-ဆီးချိုရောဂါ ဖြစ်နိုင်ခြေ ၅၈-ရာခိုင်နှုန်း လျော့သွားတယ်လို့ လေ့လာမှုတွေအရ ဖော်ပြခဲ့ပါတယ်။ ဆီးချိုရောဂါမဖြစ်အောင် ကာကွယ်နိုင်တဲ့ ဘ၀နေထိုင်မှုပုံစံတွေကို အောက်မှာ ဖော်ပြလိုက်ပါတယ်။

၁။ ကျန်းမာရေးနဲ့ ညီညွတ်မျှတတဲ့အစာ စားပါ။
ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံ များများပါဝင်ပြီး အဆီနဲ့ အချို နည်းပြီး အမျှင်ဓာတ်များစွာပါဝင်တဲ့ အစာစားပါ။

၂။ သင်ဟာ အ၀လွန်သူဖြစ်ပါက ကိုယ်အလေးချိန် လျှော့ပါ။
သင်ဟာ အ၀လွန်သူဖြစ်ပါက ပုံမှန် ကိုယ်အလေးချိန် ပြန်ရအောင် လုပ်ရတာ ခက်ခဲပေမယ့် အလေးချိန် တခုကို လျှော့ချနိုင်ရင် သွေးတွင်း သကြားအဆင့်လည်း လျော့သွားနိုင်ပါတယ်။ သင့်ခန္ဓာကိုယ် အလေးချိန်ကို ၅-ရာခိုင်နှုန်းမှ ၁၀-ရာခိုင်နှုန်း လျှော့လိုက်တာနဲ့ သွေးတိုးရောဂါနဲ့ ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။ သင့်ခန္ဓာကိုယ် အလေးချိန်ပိုများသလောက် အင်ဆူလင်ကိုလည်း သင် ပိုလိုအပ်ပါတယ်။ အကယ်၍ မုန့်ချိုအိတ်ဟာ အင်ဆူလင်ကို အကန့်အသတ်နဲ့သာ ထုတ်ပေးနိုင်ခဲ့ရင် သင့်ခန္ဓာကိုယ် ပိန်သလောက် အင်ဆူလင်စွမ်းရည်ဟာလည်း ပိုပြီး ထိထိရောက်ရောက် အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။

၃။ ပုံမှန် လှုပ်ရှားမှု လုပ်ပေးပါ။
တကြိမ်ကို မိနစ် ၃၀-နှုန်းနဲ့ တပတ်သုံးကြိမ် လေ့ကျင့်ခန်းလုပ်ပေးပြီး သင့်နှလုံးခုန်နှုန်းကို မြှင့်တင်ပါ။ သင်ရဲ့ အမြင့်ဆုံး နှလုံးခုန်နှုန်းရဲ့ ၇၀-ရာခိုင်နှုန်း မြင့်အောင် လုပ်ပေးပါ။ တတ်နိုင်ရင် ရေကူးတာ ဒါမှမဟုတ်-ရွရွပြေးတာလိုမျိုး ပိုမိုပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ လုပ်ပေးပါ။ ဒါမှ ချွေးတွေ ထွက်လာပြီး အသက်ရှူ မြန်လာပါမယ်။ ဒါမှမဟုတ် လေ့ကျင့်ခန်းကို နားနားပြီး လုပ်ပေးပါ။ တကြိမ်ကို ၁၅-မိနစ် တနေ့ နှစ်ကြိမ် လုပ်ပေးပါ။

၎။ ဆေးလိပ်ဖြတ်ပါ။
ဆေးလိပ်သောက်ခြင်းကြောင့် ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို ၅၀-ရာခိုင်နှုန်း မြင့်တက်စေပါတယ်။ ဆေးလိပ်သောက်တာဟာ အင်ဆူလင်ကို ခံနိုင်ရည် ရှိသွားတာနဲ့ သွေကြောတွေ ပိတ်သွားရုံသာမက မုန့်ချိုအိတ်ဆဲလ်တွေကိုလည်း မြန်မြန်သေစေနိုင်ပါတယ်။ ဆေးလိပ်သောက်ခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတခုက သွေးကြောတွေ ပျက်စီးသွားပြီး အနာကျက်မှု နှေးကွေးသွားကာ  ရောဂါပိုးမွှား ၀င်ရောက်နိုင်ခြေနဲ့ ခြေထောက်ဖြတ်ရနိုင်ခြေတွေ ပိုများလာပါတယ်။

ဆီးချိုနှင့် နှလုံးရောဂါ
ဆီးချိုနဲ့ နှလုံးရောဂါဟာ ဆက်စပ်မှု ရှိကြပါတယ်။ ဆီးချိုရောဂါရှိသူများဟာ ဆီးချိုရောဂါ မရှိသူတွေထက် နှလုံးရောဂါကြောင့် သေဆုံးနှုန်း သုံးဆမှ လေးဆအထိ ပိုများတယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။ ဆီးချိုရောဂါရှိသူတွေဟာ ဆီးချိုရောဂါမရှိသူတွေထက် လေဖြတ်ရောဂါဖြစ်နိုင်ခြေ နှစ်ဆမှ လေးဆအထိ ပိုများပါတယ်။

ဆီးချိုရေဂါကြောင့် နှလုံးနဲ့ဦးနှောက်ကို ပို့ပေးနေသော သွေးကြောအပါအ၀င် သွေးကြောများ ပျက်စီးစေ နိုင်ပါတယ်။ သွေးကြောတွင်းမှာ အဆီဖတ်တွေ တွယ်ကပ်နေစေတဲ့အတွက် သွေးလှည့်ပတ်မှု နည်းသွားကာ သွေးဖိအား (သွေးပေါင်ချိန်) တွေ မြင့်တက်စေပါတယ်။

ဆီးချိုရောဂါနဲ့ ဆက်နွယ်ပြီးဖြစ်တဲ့ နှလုံးတွင်း သွေးကြော မာကျောမှု ရှိသူတွေဟာ တခါတရံ သူတို့ မသိလိုက်ဘဲ နှလုံးတိုက်ခိုက်ခံရတာ ဒါမှမဟုတ်-သွေးကြောပိတ်သွားတာတွေ (Silent ischaemia or Silent heart attack) ဖြစ်တတ်ပါတယ်။ နှလုံးတိုက်ခိုက်ခံရသူ ဆီးချိုရောဂါရှင်တွေ ၅၀-ရာခိုင်နှုန်းဟာ ဆေးရုံကို မတက်လိုက်ရပါဘူး။ ဆီးချိုကို မထိန်းနိုင်လို့ အာရုံကြော ပျက်စီးမှုဖြစ်ပြီး နှလုံးတိုက်ခိုက်ခံရ တာကြောင့် ဖြစ်လာတဲ့ နာကျင်မှုဝေဒနာ မပေါ်လာတော့တဲ့အပြင် ခြေဖျားလက်ဖျား အေးတာတွေ ကိုလည်း မခံစားနိုင်တော့လို့ပါ။

အဆီခဲဖတ်တွေ စုလာတဲ့အတွက် ဦးနှောက်တွင်းပေးပို့တဲ့ သွေးကြောတွင်းမှာလည်း ပိတ်ဆို့မှုတွေ ဖြစ်လာပါတယ်။ ဆီးချိုရောဂါရှိသူတွေမှာ သွေးတိုးရောဂါလည်း ဖြစ်လာတဲ့အတွက် ဦးနှောက်တွင်း သွေးကြောငယ်တွေ ပုံမမှန်ဖြစ်သွားတတ်ပြီး လေဖြတ်တတ်ပါတယ်။ ဒါကြောင့် ဆီးချိုရောဂါ ရှိသူတွေအနေနဲ့ ဝေဒနာမပြတဲ့ နှလုံးရောဂါ(Silent heart disease) ကို စောစောစီးစီး ရှာဖွေနိုင်ဖို့ တနှစ်တကြိမ် Stress test (နှလုံးသွေးကြောပိတ်မှု ရှိ-မရှိ လေ့ကျင့်ခန်းလုပ်ပြီး စမ်းသပ်ခြင်း) လုပ်သင့်ပါ တယ်။ 


တိုင်းပြည်ပေါင်း ၂၀-မှ အမျိုးအစား ၂-ဆီးချို ရောဂါဝေဒနာရှင် ၁၀၀၀-ကို လေးနှစ်ကြာ လေ့လာအပြီး သွေးတိုးရောဂါရှိသူတွေနဲ့ မရှိသူတွေမှာ သွေးပေါင်ချိန် (Blood Pressure) နည်းနည်းလျှော့ချနိုင်ရင် သိသိ သာသာ အကျိုးရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။ နှလုံးသွေးကြောရောဂါ ၁၄-ရာခိုင်နှုန်း၊ နှလုံးသွေးကြောရောဂါ ကြောင့် သေဆုံးနှုန်း ၁၈-ရာခိုင်နှုန်း၊ အကြောင်းအမျိုးမျိုးကြောင့် သေဆုံးနှုန်း ၁၄-ရာခိုင်နှုန်းနဲ့ ကျောက်ကပ်ရောဂါ ဖြစ်နိုင်ခြေ ဒါမှမဟုတ်-ပိုဆိုးနိုင်ခြေ ၂၁-ရာခိုင်နှုန်း လျော့သွားတယ်လို့ တွေ့ရှိခဲ့ပါတယ်။ ဆီးချိုရောဂါသမားတွေမှာ သွေးပေါင်ချိန်ကို ထိန်းသိမ်းတာဟာ အရေးကြီးကြောင်းနှင့် ဆီးချိုရောဂါကုသမှုကို စီမံခန့်ခွဲရာတွင် အမြဲတမ်း ဂလူးကို့စ် ထိန်းသိမ်းတာကိုပဲ အာရုံစိုက်မနေဘဲ ငုပ်လျှိုးနေတဲ့အရာတွေ ဖော်ထုတ်ပြီး အပြောင်းအလဲလုပ်သွားသင့်ကြောင်း အထက်ပါ လေ့လာမှုအရ ဆုံးဖြတ်ခဲ့ကြပါတယ်။


ဒေါက်တာခင်မိုးမိုး
( အာရောဂျံမဂ္ဂဇင်း ၂၀၀၈-ခု ဇန်န၀ါရီလ)

No comments: