Tuesday, May 24, 2011

ပင်ပန်းနွမ်းနယ်မှုတို့၏ နောက်ကွယ်တွင်

ဆရာဝန်များက ”ဘာမှမဖြစ်ပါဘူး၊ရောဂါမရှိပါဘူး”ဟု လွယ်လွယ်ယူဆတတ်သော အကြောင်း တခုမှာ သာမန်ပင်ပန်းနွမ်းနယ်မှုများပင် ဖြစ်သည်။ ”အနားယူလိုက်ပါ၊ အစားအသောက် ကောင်းကောင်း စားပါ”ဟုပင် ညွှန်ကြားလိုက်ရာ အိပ်ရေးဝဝအိပ်ပြီး အစားအသောက်ကောင်းလာပါက လန်းလန်းဆန်းဆန်း ပြန်ဖြစ်သွားတတ်ပါသည်။

သို့သော် ပင်ပန်းနွမ်းနယ်မှုတို့သည် ရက်သတ္တပတ်သုံးပတ်ကြာအောင် သက်သာမသွားဘဲ ပို၍ဆိုးလာပါက ဤပြဿနာသည် ကျန်းမာရေးပြဿနာ ဖြစ်လာပါသည်။ ခြေကုန်လက်ပန်းကျခြင်း၏ နောက်ကွယ်တွင် ၂၅-ရာခိုင်နှုန်းသော ဝေဒနာရှင်များ၌ ခန္ဓာကိုယ်တွင် ဖောက်ပြန်မှုများရှိနေသည်ကို တွေ့လာရပါသည်။

သွေးအားနည်းနေ၍လော---
ခန္ဓာကိုယ်တွင်း၌ သံဓာတ်သိုလှောင်ထားမှု လျော့နည်းလာလျှင် ထိုသူသည် အပင်ပန်းမခံနိုင်တော့ပေ။ သံဓာတ်သည် သွေးနီဥဆဲလ်များ တည်ဆောက်မှုတွင် ပါဝင်သဖြင့် သံဓာတ်ချို့တဲ့လျှင် သွေးအားနည်းခြင်း ဖြစ်လာတတ်သည်။ အထူးသဖြင့် အမျိုးသမီးများတွင် ပိုဆိုးသည်။ ရာသီသွေးကြောင့်  လစဉ်သွေးဆုံးရှုံးမှုများ ရှိနေသဖြင့် သံဓာတ်အနည်းငယ် လျော့သည်နှင့် နှုံးခွေသလို ခံစားလာရသည်။ ဖြူဖပ်ဖြူရော်နှင့် အမြဲအားနည်းနေသော အမျိုးသမီးတို့သည် သံဓာတ်ချို့တဲ့မှု ဖြစ်နိုင်သဖြင့် ဟင်းသီးဟင်းရွက်များ၊ အမဲသား၊ ဥအမျိုးမျိုး စသည့် သံဓာတ်ကြွယ်ဝသော အစားအစာများ၊ ဖဲရပ်စ်ဆာလဖိတ်၊ ဖြူရာမင်ဘီစီ စသည့် ဆေးများကို ဆရာဝန်နှင့် တိုင်ပင်၍ သောက်ရမည်ဖြစ်သည်။

သွေးပေါင်ချိန် ကျနေ၍လော---
လူတယောက်၏ သွေးပေါင်ချိန်သည် တဦးနှင့်တဦး မတူပေ။ ပျမ်းမျှ ၁၂ဝ/၈ဝ ဟု ယူဆထားသော်လည်း ၉ဝ/၆ဝ နှင့်ပင် မည်သည့်ဝေဒနာမှ မခံစားရသောသူ များစွာရှိသည်။ ထို့ကြောင့် လူတဦးတွင် မိမိကိုယ်ပိုင် သွေးပေါင်ချိန်ဟူ၍ရှိသည်။ အထူးသဖြင့် လှဲနေရာမှ ရုတ်တရက်ထိုင်သည့်အခါ၊ မတ်တတ်ရပ်သည့် အခါတွင် မိုက်ခနဲဖြစ်သွားခြင်းမျိုး၊ ခေါင်းနောက်ခြင်းမျိုးသည် သွေးပေါင်ချိန် ကျနေခြင်းကြောင့် ဖြစ်တတ်သည်။ ကိုယ်လက်တွေ မသယ်ချင်အောင် လေးလံနေသည်။ သွေးလှည့်ပတ်မှု လျော့နည်းနေသဖြင့် အင်္ဂါအစိတ်အပိုင်း အသီးသီးသို့ သွေးလုံလောက်အောင် မရောက်တော့ပေ။ ခန္ဓာကိုယ်သည် နွမ်းနယ်၍လာသည်။ အကယ်၍ သောက်နေရသော ဆေးထဲတွင် ဆီးဆေးကဲ့သို့ သွေးပေါင်ကျစေသော ဆေးများ ပါနေပါက ဖြတ်ပစ်လိုက်ပါ။ ဆရာဝန်နှင့် သွေးပေါင်ချိန်ပြီး တိုင်ပင်ပါ။ ကုသရန်လွယ်ကူသော နွမ်းနယ်ပင်ပန်းမှုများ ဖြစ်ပါသည်။

သွေးထဲတွင် သကြားဓာတ်လျော့နည်းနေ၍လော---
အစားအသောက် လုံးဝမဝင်သောကြောင့် သွေးထဲတွင် သကြားဓာတ် (Glucose-ဂလူးကို့စ်ဓာတ်) များစွာ  ကျဆင်းနေခြင်းမျိုးကို မဆိုလိုပေ။ ထိုသို့ သကြားဓာတ် များစွာနည်းနေလျှင် သတိလစ် မေ့မျောသည့် အထိပင် ဖြစ်တတ်သဖြင့် ရောဂါကို သိနိုင်သည်။ ယခုကဲ့သို့ ပင်ပန်းနွမ်းနယ်မှု-လောက်သာဖြစ်တတ်သော သကြားဓာတ် လျော့နည်းမှုမှာ ဆေးပညာအခေါ်အရ (Reactive Hypoglycemia) ဟုခေါ်သော သာမန်ပမာဏအောက် နည်းသည့်အဆင့်ဖြစ်သည်။ ကဆီဓာတ်ကြွယ်ဝသော အချိုစာများ များစွာ စားမိသည်ဆိုပါစို့ ထိုအခါ သွေးထဲတွင် ချက်ချင်း သကြားဓာတ်များ မြင့်တက်သွားတတ်သည်။ ယင်းကို ခန္ဓာကိုယ်မှ တုံ့ပြန်သောအားဖြင့် မြင့်တက်လာသော သကြားဓာတ်များကို ချေဖျက်ရန် အက်ဒရီနလင်း (Adrenaline) ခေါ် ဓာတ်များ ပို၍ထွက်လာသည်။ အဆိုပါ အက်ဒရီနလင်းသည် ခန္ဓာကိုယ်ကို အရေးပေါ်အခြေအနေ၌  ရှိစေသဖြင့် ပင်ပန်းနွမ်းနယ်မှု၊ စိတ်တိုခြင်း၊ ခေါင်းကိုက်ခြင်း၊ ဂနာမငြိမ်ခြင်းများ ဖြစ်လာသည်။ အစားအသောက်စားပြီး သုံးနာရီခန့်အတွင်း ပို၍ပင်ပန်းနွမ်းနယ်သွားပါက ယင်းကို စဉ်းစားကြရတော့သည်။ အစားအသောက် စားပုံသောက်ပုံကို ပြုပြင်ရမည်ဖြစ်သည်။ အချိုလျှော့ရမည်၊ ကော်ဖီနှင့် အရက် လျှော့ရမည်။ စိတ်တည်ငြိမ် အေးချမ်းစွာ နေရမည်။ ဤမျှပြုပြင်ရုံနှင့် ပင်ပန်းနွမ်းနယ်မှုတို့ ပျောက်ကင်းနိုင်ပါသည်။

ဆီးချိုရောဂါ ဖြစ်နေပြီလော---
ဆီးချိုရောဂါသည် သွေးထဲ၌ သကြားဓာတ် အလွန်မြင့်တက်နေခြင်း ဖြစ်သည်။ သကြားဓာတ်ကို ချေဖျက်မည့် အင်ဆူလင် (Insulin) ခေါ် ဟော်မုန်းဓာတ် လျော့နည်းနေသောကြောင့် ဆီးချိုဖြစ်ရခြင်း ဖြစ်သည်။ ဆီးချိုရောဂါတွင် (၁) အင်ဆူလင်ကို ခန္ဓာကိုယ်ရှိ ပန်ကရိယ ဂလင်းမှ မထုတ်နိုင်သော Type 1-နှင့် (၂) အင်ဆူလင် ထုတ်နိုင်သော်လည်း ကလာပ်စည်းများက မသုံးစွဲနိုင်သည့် Type 2-ဟူ၍ ရှိရာ ဆီးချိုရောဂါ အမျိုးအစား ၂-သည် ပင်ပန်းနွမ်းနယ်မှုတို့ကို ပို၍ ဖြစ်စေသည်။ အမှတ်(၂) ဆီးချိုသည် ပို၍ပင် အရေးကြီးလာသည်။ ရောဂါရှိမှန်းမသိဘဲ တရှောင်ရှောင်ဖြင့် တာရှည်သည်။ နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ မျက်စိကွယ်ခြင်းတို့နှင့် ဆက်စပ်နေတတ်ရာ သံသယရှိလျှင် သွေးဖောက်စစ်ပြီး စစ်ဆေးကြည့်ရသည်။ အထူးသဖြင့် ဘာမှန်းမသိဘဲ အားအင်ကုန်ခန်းနေတတ်သူတို့တွင် ဆီးချိုကို သတိပြုမိပါက စောစီးစွာ ဆေးသောက် ဆေးထိုးခြင်း၊ လေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ အစားအသောက် ချိန်ဆ၍စားခြင်းဖြင့် ပုံမှန်သက်သာသွားနိုင်ပါသည်။

အိပ်ရေးပျက်ခဲ့၍လော---
အကြောင်းကိစ္စရှိ၍ တရက်တလေ အိပ်ရေးပျက်လျှင် အစားထိုး ပြန်အိပ်လိုက်ပါက မည်သူမဆို ပြန်ကောင်းသွားတတ်ကြပါသည်။ သို့သော် အချို့သည် နံနက်အိပ်ရာထတိုင်း နုံးခွေနေတတ်သည်။ စိတ်ရှုပ်နေသည်၊ မှတ်ဉာဏ်နည်းလာသည်၊ အလုပ်ကို အာရုံစိုက်၍ မရ၊ ယင်းသည် ညစဉ် အိပ်မပျော်သောကြောင့် ဖြစ်သည်။ အိပ်မပျော်ခြင်း ဆိုသည်ထက် အိပ်လိုက် နိုးလိုက် ဖြစ်နေခြင်းဖြစ်သည်။ ယင်းမှာ (Sleep Apnoea) ခေါ် အိပ်ပျော်စဉ် အသက်ရှူရပ်သွားတတ်ခြင်းကြောင့် ဖြစ်သည်။ အသံကျယ်လောင်စွာ ဟောက်ရင်း အသံပျောက်သွားသည်။ အိပ်ချင်မူးတူးဖြင့် နိုးလာသည်။ အိပ်ပျော်ရင်း ချောင်းဟန့်ကာ လည်ချောင်း ရှင်းသည်၊ ထို့နောက် ပြန်အိပ်ပျော်သွားသည်။ မိမိ အသက်ရှူ ခေတ္တရပ်သွားမှန်း မသိ။ ဤသို့ အကြိမ်ကြိမ် ဖြစ်နေသော် မိမိကိုယ်တိုင် မသိသော်လည်း အမှန်စင်စစ် တညလုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့ခြင်း မရှိ၊ ပို၍ပြင်းထန်လျှင် သွေးထဲတွင် အောက်ဆီဂျင်ပမာဧဏ နည်းလာတတ်သည်။ သွေးတိုးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ နှလုံးအားနည်းခြင်းတို့ရှိလျှင် အောက်ဆီဂျင်နည်းခြင်းသည် အန္တရာယ်ပင် ဖြစ်သည်။ မိမိကိုယ် မိမိ သံသယရှိလျှင် သို့မဟုတ်-မိမိ၏ ဇနီးခင်ပွန်းက သတိပေးလျှင် ဆရာဝန်ကို တိုင်ပင်ရမည်ဖြစ်သည်။ ကိုယ်အလေးချိန် လျော့ရမည်။ လေ့ကျင့်ခန်း ပြုလုပ်ရမည်။ ဆရာဝန်ညွှန်ကြားသည့် ကိုယ်ဟန်အနေအထားဖြင့် အိပ်စက်ရမည်။

သိုင်းရွိုက်ဟော်မုန်းနည်း ရောဂါ---
အမျိုးသမီးများတွင် ဤရောဂါကြောင့်ဖြစ်သော ပင်ပန်းနွမ်းနယ်မှုကို တွေ့ရတတ်သည်။ Hypothyroidsm ခေါ် သိုင်းရွိုက်ဟော်မုန်း လျော့နည်းနေခြင်းသည် ပင်ပန်းနွမ်းနယ်မှု ပုံစံတမျိုးတည်းဖြင့် ပြသလျှင် ရောဂါကို ရှာတွေ့ခဲသည်။ ဆေးခန်းတွေစုံ၊ ဆေးစစ်ချက်တွေ ကုန်သော်လည်း အားနည်းနေသည့် အကြောင်းအရာကို မတွေ့ဘဲရှိတတ်သည်။ အသက် ၅ဝ-ကျော် အမျိုးသမီးဆိုလျှင် ဤအခြေအနေကို ထည့်သွင်းစဉ်းစားသင့်သည်။ ကိုယ်အလေးချိန် တဖြည်းဖြည်း တက်လာခြင်း၊ ခြောက်သွေ့သော အရေပြား၊ ဝမ်းချုပ်ခြင်း၊ ကြွက်တက်ခြင်း၊ အအေးဒဏ် မခံနိုင်ခြင်း၊ လည်ပင်း သိုင်းရွိုက်ဂလင်း ကြီးလာခြင်းတို့နှင့် ဆက်နွယ်နေလျှင် သိုင်းရွိုက်ဟော်မုန်းပမာဏကို စစ်ဆေးကြည့်မိမှသာ ရောဂါကို သိတတ်သည်။ ဆရာဝန်များက ဟော်မုန်းအစားထိုး ကုသပေးလိမ့်မည်။ တချို့တွင် သိုင်ရိုဇင် (Thyroxine) ဟော်မုန်းကို သက်တမ်းတလျောက်လုံး သုံးကြရသည်။ ဆရာဝန်နှင့် တချိန်လုံး ညှိနှိုင်းနေရမည့် ရောဂါဖြစ်သည်။

ကြွက်သား အားနည်းသည့် ရောဂါ---
ဤရောဂါသည်လည်း အများအားဖြင့် ရောဂါရှာဖွေရခက်သော အားနည်းမှုတမျိုး ဖြစ်သည်။ တကိုယ်လုံး ကြွက်သားတွေနာသည်။ နံနက်တွင် ကြွက်သားများ တောင့်တင်းနေသည်။ ထုံကျဉ်သည်။ ခေါင်းကိုက်သည်။ ယင်းကို ဆေးပညာအရ Fibromyalgia -ဟုခေါ်သည်။ ပညာရှင်များက ယူဆသည်မှာ မျိုးရိုးဗီဇ တစုံတခုချွတ်ယွင်းမှုအရ ကြွက်သားမျှင်များသည် ထိခိုက်လွယ်ခြင်းဖြစ်သည်။ ကိုယ်လက်လှုပ်ရှားမှုကလေး ပြင်းပြင်းထန်ထန် လုပ်လိုက်သည်နှင့် ကလာပ်စည်းအဆင့်တွင် ကြွက်သားမျှင်များ စုတ်ပြဲသွားတတ်ခြင်း ဖြစ်သည်။ ထိုလူနာများတွင် အိပ်ရေးပျက်ခြင်းပါ တွဲနေတတ်သဖြင့် ကြွက်သားစုတ်ပြဲခြင်းကို ပြုပြင်မည့် ကြီးထွားမှုပေးသော ဟော်မုန်း(Growth Hormone) ဓာတ် နည်းနေတတ်သည်။ ယင်းကိုကုသရန် တိကျသည့် ဆေးဝါးလည်းမရှိသောကြောင့် သာမန်လေ့ကျင့်ခန်းများ လုပ်ခိုင်းခြင်း၊ ရေနွေးကပ်ခြင်း၊ နှိပ်နယ်ခြင်း၊ အနားယူခြင်းတို့ဖြင့် ကုသပါသည်။ သို့သော် ယင်းရောဂါသည် အမေရိကန်နိုင်ငံတွင်မူ လူပေါင်းသုံးသန်းမှ ခြောက်သန်းအထိ ဖြစ်နေသည်ဟု ခန့်မှန်းထားကြသည်။

အခြား အထွေထွေ ရောဂါများ---
ရောဂါအားလုံးသည် ပင်ပန်းနွမ်းနယ်မှုကို ဖြစ်စေပါသည်။ တုပ်ကွေး အအေးမိခြင်းမှ နှလုံးရောဂါ၊ အဆုတ်နှင့်ပတ်သက်သော ရောဂါ၊ ကင်ဆာရောဂါအဆုံး ရောဂါဟူ၍ဖြစ်လာလျှင် လူမမာသည် သာမန်ထက် အားနည်းနေမည်သာ ဖြစ်သည်။ အကယ်၍ ခန္ဓာကိုယ် ရုပ်ပိုင်းဆိုင်ရာ ကောင်းမွန်နေသည့်တိုင်အောင်ပင် စိတ်ပိုင်းဆိုင်ရာ ရှုပ်ထွေးမှု၊ ဖိစီးမှုနှင့် စိတ်ဓာတ်ကျခြင်းများသည် ပင်ပန်းနွမ်းနယ်မှုတို့၏ ၅ဝ-ရာခိုင်နှုန်းကို ဖြစ်စေကြောင်း သတိပြုရပါမည်။

နာတာရှည် ပင်ပန်းနွမ်းနယ်မှု---
အနောက်နိုင်ငံများတွင်မူ ဤနာတာရှည် ပင်ပန်းနွမ်းနယ်မှု (Chronic Fatigue Syndrome)သည် ပို၍ အဖြစ်များပါသည်။ နည်းနည်းလှုပ်ရှားမှုပြုသည်နှင့် တုပ်ကွေးရောဂါလောက် ပင်ပန်းနွမ်းနယ်မှု ဖြစ်စေလေသည်။ မကြာခဏ ဖျားမည်၊ လည်ချောင်းနာမည်၊ ကြက်သားအရိုးအဆစ်များ ကိုက်မည်၊ အိပ်၍မပျော်၊ ခေါင်းကိုက်မည်၊ အလုပ်တွင် အာရုံစူးစိုက်၍မရ၊ ရောဂါဘာကြောင့် ဖြစ်ရသနည်း၊ ရှာမတွေ့၊ ယနေ့ခေတ်၌မူ နာတာရှည် နွမ်းနယ်မှုရောဂါစုသည် ဦးနှောက်ရောက်ခြင်း၊ ဟော်မုန်းအားနည်းခြင်းတို့နှင့် ဆက်စပ်နေသည်ဟု ယူဆလာကြသည်။ နာကျင်မှုပျောက်စေရန် ဆေးသောက်ရုံမှတပါး တိကျသော ကုသမှု သိပ်မရှိသေးပေ။

ရာသီနှင့်ဆိုင်သော နွမ်းနယ်မှု---
ယင်းမှာလည်း အနောက်နိုင်ငံများတွင် ခေတ်စားသည်။ ဆေးပညာအရ easonal Affective Disorder ဟုခေါ်သည်။ ဆောင်းတွင်းနံနက်တွင် ခန္ဓာကိုယ်သည် လေးလံထိုင်းမှိုင်း၍ နေသည်။ ဆုံးဖြတ်ချက် မပြတ်သား။ စိတ်လေးလံသည်။ လိင်ကိစ္စပင် စိတ်မဝင်စား၊ စွမ်းအင်ချို့တဲ့သော စက်ကိရိယာကဲ့သို့ ရှိသည်၊ ရာသီအကူးအပြောင်းတွင် ဖြစ်တတ်သည့်သဘောရှိသည်။ အနောက်နိုင်ငံတွင်မူ နေရောင်ခြည် ရရှိမှုနည်း၍ ဤသြို့ဖစ်ရသည်ဟု ယူဆသည်။ ကုသနည်းတွင် အိမ်ခန်း အလုပ်များ၌ အလင်းရောင် စူးစူးရှရှ ထွန်းထားခြင်းဖြင့် လန်းဆန်းလာနိုင်ကြောင်း တွေ့ရသည်။

အချုပ်ဆိုရလျှင် ပင်ပန်းနွမ်းနယ်မှုတို့၏ နောက်ကွယ်တွင် ရုပ်ပိုင်း စိတ်ပိုင်းဆိုင်ရာ ရောဂါများ ရှိတတ်သည်။ ရက်သတ္တ သုံးပတ်တိုင် မသက်သာလျှင် ခပ်ပေါ့ပေါ့ မနေသင့်ပဲ ဆရာဝန်ထံ တိုင်ပင်ပြသသင့်ပြီ ဖြစ်သည်။

မော်ဦး (ဆေး-၂)

No comments: