Wednesday, May 18, 2011

မြန်မာ ထမင်းဝိုင်း

နွေ-ချို၊ ဆောင်း-ချဉ်၊ မိုး-အခါး၊ သွေးကြိုက်အစာများ-ဆိုတဲ့ ရှေးသမားတော်များရဲ့ စကားလေးကို  ထမင်းဝိုင်း ပြင်ဆင်ရတဲ့ အိမ်ရှင်မများ သိစေလိုပါတယ်။
နွေ-ချို၊ ဆောင်း-ချဉ်၊ မိုး-အခါး ဆိုတာ လူတွေရဲ့ သွေးကို ဆိုလိုခြင်းဖြစ်ပါတယ်။ လူတွေရဲ့သွေးဟာ နွေအခါတွင် ချိုသောအရသာရှိပြီး ဆောင်းအခါတွင် ချဉ်သောအရသာကို ဆောင်ကာ မိုးအခါတွင် ခါးပါသည်-ဟု ဆိုပါသည်။ သို့ဖြစ်၍ နွေရာသီများတွင် အိမ်သားတဦး မကျန်းမာလျှင် အချိုဓာတ်ပါသော အာဟာရဓာတ်စာ ဆေးများကို များများစားစေ၍ ဆောင်းလရာသီများတွင် မကျန်းမာလျှင် ချဉ်သော အာဟာရဓာတ်စာဆေးများကို မှီဝဲစေကာ မိုးတွင်းအခါ မကျန်းမာလျှင် ခါးသောအစာအာဟာရ ဆေးများကို သုံးဆောင်စေရန် အိမ်ရှင်မများ သိထားစေရပါမည်။

ဥတု-သတ်မှတ်ရာတွင် ဖေဖော်ဝါရီ၊ မတ်၊ ဧပြီ၊ မေ၊ ဤလများသည် ပူပြင်းသော နွေဥတု-ဟု ဆိုပါသည်။ 
ဇွန်၊ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာလ ရာသီများသည် စွတ်စိုထိုင်းမှိုင်းသော မိုးဥတု-ဟု ဆိုပါသည်။ 
အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်္ဘာ၊ ဇန်န၀ါရီလများသည် နေ့အခါပူ၍ ညဥ့်အခါတွင် ချမ်းအေးသော ဆောင်းဥတုခေါ် ရာသီလများ ဖြစ်သည်။

ထိုသို့သော ရှေးဆရာများ၏ ဓာတ်စာများကို ကျန်းမာရေး ဗဟုသုတဖြစ်စေလျက် ထမင်းဝိုင်း ပြင်ဆင်ရသော အိမ်ရှင်မများသည် လူကောင်းရော လူနာပါ စားသောက်ချက်ပြုတ်တတ်ရပါမည်။ ဥစ္စာကို ကံစောင့်သည်။ အသက်ကို ဉာဏ်စောင့်သည်ဟု ဆိုရိုးရှိသည့်အတိုင်း အသက်ရှည်ရေး ကျန်းမာရေး စိတ်ချမ်းသာရေးအတွက် အိမ်ရှင်မများ၏ စိတ်ကူးဉာဏ်နှင့် အာဟာရစားဖွယ်များကို ပေါင်းစပ်ရပေမည်။

ဆောင်း-ချဉ် ဆိုသည့်အတိုင်း အောက်တိုဘာ၊ နိုဝင်္ဘာ၊ ဒီဇင်္ဘာ၊ ဇန်န၀ါရီလများသည် ချဉ်သောအစာ အာဟာရများ၊ စပ်သောအစာ အာဟာရများ၊ ချဉ်စပ်သော အစာအာဟာရများ၊ အကြေးမရှိသော ငါး၊ ပုစွန်များကို ချက်ပြုတ်စားသောက်ရပေမည်။ ဆီးဖြူသီး၊ မကျည်းသီး၊ ပါသော ချဉ်ဟင်းတို့ကို များများစားပေးရပါမည်။ စောင်းလျားသီး၊ ကြက်ပေါင်သီး၊ သခွားသီး၊ ငါးချဉ်စုံ၊ ရှောက်သီး၊ ခရမ်းသီးမျိုးစုံ၊ ပိန်းဥဟင်းချို၊ ပိန်းရိုးဟင်းခါး၊ မုန့်ဟင်းခါးကို ရှောက်ရည်ညစ်ဖျန်း၍ ချဉ်ချဉ်ငန်ငန် ပူပူစပ်စပ် စားဟု ဓာတ်စာက ညွှန်းပါသည်။

ခင် (တိုင်းရင်းမေ) 
(လုံမလေး ၂၀၀၆-ဒီဇင်္ဘာလ)

No comments: