Tuesday, May 31, 2011

ပဋိဇီဝဆေး ဆိုတာ

လူတော်တော်များများဟာ ငယ်ရွယ်စဉ်ကစလို့ ပဋိဇီဝဆေး (antibiotic) နဲ့ ရင်းနှီးဖူးကြပါတယ်။ ဆေးခန်း၊ ဆေးရုံ မရောက်ဖူးတောင်မှ အပရိကဆိုရင် ဆေးဆိုင်ကနေ ကိုယ့်ဘာသာကိုယ် ဝယ်သောက်တတ်တာပါပဲ။ ဒါပေမဲ့ ဆေးပညာနှင့် နှီးနွယ်သူမဟုတ်ရင် ပဋိဇီဝဆေးနဲ့ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေကို ဂဃနဏ သိချင်မှ သိပါလိမ့်မယ်။ ၁၉၉၈-ခု မတ်လ-ဧပြီလ ထုတ် Health မဂ္ဂဇင်းရဲ့ Pharmacist's advice ကဏ္ဍမှာ ပဋဇီဝဆေးနဲ့ပတ်သက်ပြီး ရေးထားတာတွေ့ရပါတယ်။ The Pharmaceutical Society of Singapore ရဲ့ ဥက္ကဋ္ဌဖြစ်သူ Wu Tuck Seng နဲ့ ဆွေးနွေးတာတွေ ဖြစ်ပါတယ်။ ကျန်းမာရေးနယ်ပယ်မှာ မရှိမဖြစ်အရေးပါလှတဲ့ ပဋိဇီဝဆေးအကြောင်း တစေ့တစောင်းကို စာဖတ်သူတို့ သိရှိနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

ပဋိဇီဝဆေးဆိုတာ ဘက်တီးရီးယားကြောင့် ဖြစ်ရတဲ့ ဝေဒနာတွေကို တိုက်ဖျက်တဲ့ ပိုးသတ်ဆေးလို့ပဲ မှတ်ရပါမယ်။ ဥပမာ-အသက်ရှူလမ်းကြောင်းနဲ့ ဆီးလမ်းကြောင်းဝေဒနာလိုမျိုးတွေပေါ့။ ဒါ့အပြင် ဦးနှောက်အမြှေးရောင်ခြင်းလို ပြင်းထန်တဲ့ဝေဒနာမျိုးတွေကို ကုသရာမှာပါ သုံးစွဲရပါတယ်။ ဒါပေမဲ့ ပဋိဇီဝဆေးဟာ ဗိုင်းရပ်စ်ကို မသတ်နိုင်ပါဘူး။ ထိုနည်းတူစွာ ဗိုင်းရပ်စ်ကို ကာကွယ်တားဆီးထားတဲ့ ဆေးတွေဟာလည်း ဘက်တီးရီးယားကို မသတ်နိုင်ပါဘူး။

ကုရခက်တဲ့ ရောဂါတွေအတွက် ပဋိဇီဝဆေးတွေကို တမျိုးထက်မက တွဲစပ်ပြီး ကုသပေးနိုင်ပါတယ်။ ဥပမာ-တီဘီရောဂါဆိုရင် ဆေးသုံးလေးမျိုးလောက် တပြိုင်တည်း တွဲပေးပြီး ကုသရပါတယ်။ ပဋိဇီဝဆေးကို အုပ်စုတွေအများကြီး ခွဲထားပါတယ်။ ဥပမာ-penicillins, erythromycins စသည်ဖြင့်ပေါ့။ အုပ်စုတစုတည်း မှာပဲ အုပ်စုဝင်တွေအများကြီး ထပ်ခွဲထားပါတယ်။

ပိုးမွှားတိုက်ပွဲ---
ဆေးဝါးလောကမှာ ပဋိဇီဝဆေးဟာ အဓိကလက်နက်ကြီးတခုအဖြစ် ရပ်တည်နေဆဲပါ။ ဒါပေမဲ့ ပိုးမွှားတွေဟာ မူလပိုးသတ်ဆေးတွေနဲ့ ယဉ်သွားပြီး ပြန်လည်ခုခံနိုင်စွမ်း ပိုရှိလာတာဟာ ကမ္ဘာ့ဆေးလောကရဲ့ အဓိကပြဿနာကြီးတခုပါပဲ။ ဘက်တီးရီးယားတွေဟာ တမျိုးနဲ့တမျိုး မတူကြပါဘူး။ လွယ်လွယ်သတ်လို့ရတဲ့ ပိုးရှိသလို ဆေးကို ခုခံနိုင်အား ပိုရှိတဲ့ ပိုးလည်း ရှိပါတယ်။ ဆေးပတ်လည်အောင် သေသေချာချာကုသရင် ဝေဒနာကို ထိထိရောက်ရောက် ပျောက်ကင်းစေပါတယ်။ ဆေးပတ်မလည် ရင်တော့ လက်ရှိဆေးကို ယဉ်သွားတဲ့၊ ဆေးမတိုးနိုင်တော့တဲ့ ဘက်တီးရီးယား အသစ်တမျိုး ဖြစ်ပေါ်လာပါတယ်။ အဲဒီဘက်တီးရီးယားဟာ ဝေဒနာဖြစ်ပွားစေတဲ့ အဓိကပိုးမွှားဖြစ်လာတဲ့အတွက် သောက်လက်စဆေးကလည်း မူလဝေဒနာကို ပျောက်အောင် မစွမ်းဆောင်နိုင်တော့ပါဘူး။

ပဋိဇီဝဆေးကို သေသေချာချာ မစမ်းသပ်ဘဲသုံးခြင်း၊ တခြားဆေးနဲ့တွဲပေးရမယ့် အခြေအနေမျိုးမှာ တမျိုးတည်းသာ သုံးခြင်း စတာတွေကြောင့် ဘက်တီးရီးယားတွေရဲ့ ခုခံနိုင်စွမ်း ပိုမြင့်လာပါတယ်။ ဘယ်ဆေးဟာ ဘယ်ပိုးကို သတ်နိုင်သလဲဆိုတာ အဆက်မပြတ် စောင့်ကြည့်ရပါမယ်။ ဒါမှသာ ရောဂါဖြစ်ရင် အထိရောက်ဆုံးဆေးကို တိကျနိုင်သမျှ တိကျအောင် တွဲပေးရပါမယ်။

ဆေးရုံတွေ၊ အထူးသဖြင့် အထူးကြပ်မတ်ကုသဆောင်တွေမှာ ဆေးပြင်းတွေ များများသုံးရတော့ ဆေးကို ခံနိုင်ရည်အများကြီးရှိတဲ့ ဘက်တီးရီးယားတွေ ပေါက်ဖွားဖို့ အခွင့်ကောင်းတခုလို ဖြစ်နေတယ်ဆိုတာ သတိပြုရပါမယ်။ ဆေးရုံတိုင်းမှာ ပဋိဇီဝဆေး သုံးစွဲမှုကို စည်းကမ်းတကျ ကြပ်မတ်နိုင်တဲ့ စည်းမျဉ်းတွေ ထားရှိသင့်ပါတယ်။ ဆေးတမျိုးစီရဲ့ ပိုးသတ်နိုင်တဲ့ အာနိသင်စွမ်းအားတွေဟာ မတူပါဘူး။ ဈေးကွက်ထဲဝင်လာတဲ့ ဆေးအသစ်တွေအကြောင်းလည်း အလျဉ်မပြတ် နားလည်သဘောပေါက် နေရပါမယ်။ အဲဒီဆေးအသစ်တွေကို အကောင်းဆုံးဘယ်လိုအသုံးပြုနိုင်မလဲ ဆိုတာကိုလည်း သိရပါမယ်။

ပဋိဇီဝဆေးတွေကို မလိုအပ်ဘဲ စားသုံးခြင်းဟာလည်း ပိုးမွှားကို ဆေးယဉ်သွားစေပါတယ်။ အထွေထွေရောဂါကု ဆေးခန်းတွေမှာတော့ ပဋိဇီဝဆေး မှားပေးတာ၊ ပိုပေးတာတွေ အမြဲတမ်း ဖြစ်နေတာပါပဲ။ ဒါပေမဲ့ နောက်ဆုံးပိတ် စာရင်းအတိအကျတော့ မရသေးပါဘူး။ အမေရိကန်ဆေးပညာ အစည်းအရုံးရဲ့ ၁၉၉၈-ခု စက်တင်ဘာလထုတ် စာစောင်မှာတော့ ၁၉၉၂-ခု စာရင်းအရ အမေရိကန်ရှိ ပဋိဇီဝဆေး သုံးစွဲသူတွေရဲ့ ၂၁-ရာခိုင်နှုန်းဟာ ဆေးကို မလိုအပ်ဘဲ စားသုံးသူတွေဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ဆေးပတ်လည်ပါစေ---
လူနာတော်တော်များများဟာ ဆေးပတ်လည်အောင် မသောက်ချင်ကြပါဘူး။ ဆေးပတ်မလည်လို့ကတော့ ဝေဒနာဟာ ဘယ်တော့မှ အမြစ်ပြတ်တော့မှာ မဟုတ်ပါဘူး။ လူတချို့က ရောဂါခံစားနေရတာ သက်သာသွားရင် ဆေးဆက်သောက်ဖို့ မလိုတော့ဘူးလို့ ထင်ကြပါတယ်။ ဒါဟာ လမ်းလွဲရုံတင်မက အန္တရာယ်လည်း ကြီးလှပါတယ်။ ဆေးပတ်မလည်ခင် ဆေးအသောက်ရပ်လိုက်ရင် ရောဂါက အမြစ်မပြတ်ဘဲ နောက်တခါပြန်ထလာလို့ ဆေးခန်းကို ပြန်ပြေးရပါလိမ့်မယ်။ အဲဒီအခါကျတော့ ဘက်တီးရီးယားက ဆေးကို ယဉ်သွားပြီး မူလသောက်တဲ့ ပဋိဇီဝဆေးက မတိုးတော့ပါဘူး။ပဋိဇီဝဆေး သောက်တဲ့အခါ လိုက်နာရမည့် အချက်တွေကို အောက်မှာဖော်ပြပေးထားပါတယ်။

-ဆေးပတ်လည်အောင် သောက်ပါ။
-သူများမှာ ကိုယ့်လိုရောဂါဖြစ်နေပေမယ့် ကိုယ်သောက်ဖို့ ပေးထားတဲ့ဆေးထဲက ခွဲမပေးပါနဲ့။
-ပဋိဇီဝဆေးကို ကိုယ့်ဘာသာကိုယ် ရောစပ်မသောက်ပါနဲ့။ ဆရာဝန် သို့မဟုတ်-တတ်သိသူ မညွှန်ကြားဘဲ  
  ဆေးမစားပါနဲ့။
-ဆေးကို အေးပြီးခြောက်သွေ့တဲ့ နေရာ၊ အပူ၊ အလင်း မခံရတဲ့နေရာ၊ ရေငွေ့မဝင်နိုင်တဲ့ နေရာ၊ 
  ကလေးတွေ  လက်လှမ်းမမီနိုင်တဲ့ နေရာမျိုးမှာ သိမ်းဆည်းပါ။
-ပဋိဇီဝဆေးရည်တွေဟာ ဆေးသက်တမ်းတိုတဲ့အတွက် ရေခဲသေတ္တာထဲမှာ သိမ်းပါ။ 
-ဆေးသောက်ရမယ့် ကြိမ်နှုန်းက ၂၄-နာရီပေါ် မူတည်တွက်ချက်တာ ဖြစ်ပါတယ်။ တနေ့သုံးကြိမ်လို့ 
  ညွှန်းရင် ၈-နာရီခြား တခါ၊ တနေ့ လေးကြိမ်သောက်ရင် ၆-နာရီခြား တခါ၊ သောက်ရပါမယ်။
-ဆေးညွှန်းကို အတိအကျလိုက်နာပြီး သောက်ပါ။ ဥပမာ-လေးနာရီခြားတခါ သောက်ရမယ်ဆိုပါစို့ ပထမတခါ သောက်ထားပြီး လေးနာရီကြာတဲ့အခါ သွေးထဲရောက်နေတဲ့ ပဋိဇီဝဆေးပမာဏက ပိုးကိုသတ်ဖို့ အနိမ့်ဆုံးအဆင့်ရဲ့ အထက်နားလေးကို ရောက်သွားပါတယ်။ အဲဒီအချိန်မှာ ဆေးကို ဒုတိယအကြိမ် မပျက်မကွက် ထပ်သောက်ရမှာ ဖြစ်ပါတယ်။ ဒါမှ ဝေဒနာကို ထိထိရောက်ရောက် ကုသရာရောက်ပါ လိမ့်မယ်။ ညဘက်ဆေးထသောက်ရလို့ အိပ်ရေးပျက်မခံချင်ရင်တော့ ဆေးသောက်ချိန်ကို ဆရာဝန်နဲ့ညှိပါ။ ဒါပေမဲ့ သတ်မှတ်ထားတဲ့ ကြိမ်နှုန်းနဲ့ တတ်နိုင်သမျှ နီးစပ်ရပါမယ်။
-ဆေးကို အစာမစားမီ သောက်ပါ။ သို့မဟုတ်-အစာစားပြီးမှ သောက်ပါ စသည်ဖြင့် ညွှန်ကြားချက်အတိုင်း အတိအကျလိုက်နာပါ။ ဒါဟာ သွေးထဲမှာ ပဋိဇီဝဆေး ပါဝင်နှုန်းကို အကျိုးသက်ရောက်မှု ရှိပါတယ်။
-ဆရာဝန်ကို သူညွှန်ကြားတဲ့ ပဋိဇီဝဆေးမှာ ဘယ်လို ဘေးထွက်ဆိုးကျိုးရှိနိုင်လဲဆိုတာ အမြဲမေးပါ။

အခုဆောင်ပါးမှာ ပဋိဇီဝဆေးနဲ့ ပတ်သက်လို့ မသိမဖြစ် သိသင့်တာလေးတွေ တင်ပြထားပါတယ်။ ဆောင်းပါးမှာ ပါသလိုပဲ ကျွန်တော်တို့ဝန်းကျင်မှာ ဆေးပတ်လည်အောင် မသောက်သူတွေ တွေ့ရလေ့ရှိပါတယ်။ ဒါဟာ အန္တရာယ် ဘယ်လောက်ကြီးကြောင်း မသိကြလို့ပဲ ဖြစ်ပါလိမ့်မယ်။ ဒါ့အပြင် ဆေးဆိုင်မှာ တလုံးစ နှစ်လုံးစ ဝယ်သောက်တတ်ကြသူတွေလည်း ဒုနဲ့ဒေးပါပဲ။ စာရှုသူအနေနဲ့ ဒီဆောင်းပါးပါ အချက်အလက်များကို သိရှိပြီး ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ဗဟုသုတ လက်ဆင့်ကမ်းဖို့ကို အမှတ်တမဲ့ ရှိနေတတ်ပါတယ်။ ဒါကြောင့် ဆောင်းပါးကိုဖတ်ပြီးနောက် မိမိဝန်းကျင်မှာ ပဋိဇီဝဆေး သုံးစွဲမှုနဲ့ပတ်သက်လို့ မှားယွင်းနေတာတွေ့ရင်  လက်လှမ်းမီသလောက် အမှန်ပြောပြ၊ အသိပညာဖြန့်ဖြူးဖို့ သတိတရရှိပါစေကြောင်း တိုက်တွန်းလိုက်ရပါတယ်။
Ref:Health, March/April 1998.

မောင်ကိုအေး

No comments: