Tuesday, May 24, 2011

အစားမလပ်ဘဲ အားပြတ်နေခြင်း

သူ့ကိုမြင်ရသည်မှာ အသွင်အပြင်အားဖြင့် ယောက်ျားပီသသူတယောက် ဖြစ်သည်။ အရပ်အမောင်း ကောင်းကောင်း မျက်လုံမျက်ဖန် နှာတံကအစ တဖက်သား ကျလောက်သည်။ လည်ပင်းက တုတ်တုတ်ခိုင်ခိုင်၊ ရင်အုံမောက်မောက်၊ ပခုံးတွင်လည်း ကြွက်သားအဖုအထစ်များနဲ့ ကျော ရင် ခါးနှင့် တင်သား ပြောစရာမရှိ၊ ပေါင်နှင့်ခြေသလုံး စသည်တို့တွင် ကြွက်သားများ စုရုံးနေကြသည်။

စာရေးသူသည် သူ့ကြွက်သားများကို ဖျစ်ညှစ်ကြည့်မိသည်။ အားလုံး တောင့်တောင့်တင်းတင်း၊ 
ခင်ဗျား--ဘာ အားကစား လုပ်သလဲ၊
အရင်က ကျွန်တော် ပြေးတယ်၊ ဘောလုံးကန်တယ်၊ နောက်ပိုင်းမှာ အလေးမတယ်၊ အခု မကစားတာ လအတော်ကြာသွားပါပြီ။
ဒီလို တောင့်တင်းတဲ့ဗလနဲ့ ဘယ်လိုနေမကောင်း ဖြစ်တာလဲဗျာ။

ဟုတ်ပါတယ်ဆရာ---ကျွန်တော်လဲ ကျွန်တော့ကိုယ် ကျွန်တော် ဒီလိုဖြစ်လာလိမ့်မယ် မထင်မိပါဘူး။ မိုးတွင်းဆိုတော့ သွားရင်းလာရင်းနဲ့ နည်းနည်းပါးပါး မကြာခဏ မိုးစိုတာ ရှိပါတယ်။ တညနေမှာ မိုးမိပြီး နောက်တနေ့နံနက်မှာ တကိုယ်လုံး ရိုက်ထားသလို နာနေပါတယ်။ ကိုယ်လက်တွေလဲ ညောင်းညာပြီး တွန့်လိမ်နေမှ နေသာသလို၊ အနှိပ်ခံမှ နေသာသလို ဖြစ်ပါတယ်။ ခေါင်းလဲကိုက်၊ နှာလဲမွှန်၊ အဖျားလဲ ငွေ့ငွေ့ရှိတာကြောင့် အလုပ်ကိုနားပြီး သင့်တော်မယ့်ဆေးတွေကို မှီဝဲပါတယ်။ ကျွန်တော့်အသိမှာတော့ ငယ်စဉ်က အတွေ့အကြုံအရ မိုးကိုမှီပြီးဝင်လာတဲ့  တုပ်ကွေးပဲလို့ သတ်မှတ်လိုက်ပါတယ်။ တုပ်ကွေးဖျားရင် ခံတွင်းပျက်တတ်ပေမယ့် ကျွန်တော့ခံတွင်းတော့ မပျက်ပါဘူးဆရာ၊ သူများတွေဖြစ်တဲ့ တုပ်ကွေးရောဂါလက္ခဏာနဲ့ ကျွန်တော့်ဖြစ်စဉ်လဲ တူနေပါတယ်။ ဖျားတဲ့လူတွေဟာ အားပိုကုန်တတ် တာကြောင့် အူရောင်ငန်းဖျားရောဂါ မဟုတ်ရင် ဖျားတဲ့လူတိုင်း အစားကိုလျှော့မစားဘို့ ကျွန်တော် မှတ်သားမိနေပါတယ်။ ခံတွင်းလဲ မပျက်တော့ ကိုယ်စားချင်တာလေးတွေကိုလဲ အာဟာရဖြစ်အောင် စားဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် လူက အစာစားသလောက် အားမဖြစ်ဘဲ ခြေလက်တွေ မလှုပ်ချင်၊ မသယ်ချင်နဲ့ ခြေကုန်လက်ပန်း ကျလာပါတယ်။

ဖျားတဲ့ဒဏ်နဲ့   စားတဲ့အစာ မမျှတလို့ အာဟာရမဖြစ် အားပြတ်သွားတယ်ထင်ပြီး အားဆေးတွေ ထိုး၊ အားဆေးတွေ သွင်း၊ ပုလင်းကြီးတွေ ချိတ်နဲ့ လုပ်ပေမယ့်လဲ ထူးမခြားနားပဲ ဖြစ်နေခဲ့ပါတယ်။ မလှုပ်ချင် မသယ်ချင်နဲ့ ခန္ဓာကိုယ် လေးလံနေသလိုပါပဲ။ အလုပ်တခုကို လုပ်သင့်တယ်၊ လုပ်ရမယ် ဆိုတာ သိတယ်၊ လူက မလိုက်နိုင်၊ မလုပ်နိုင် ဖြစ်လာတယ်။ ခြေလက်တွေကို ဖြည်းဖြည်းလေးပဲ ကြွလှမ်းနိုင်ပါတယ်။ အသံပါ တိုးသွားပြီး အားမရှိသလို ဖြစ်နေပါတယ်။ အခန်းအပြင်မှာ ရှိနေတဲ့ အိမ်သားတွေကို ခေါ်ချင်ရင် အော်ခေါ်နိုင်တဲ့ စွမ်းအားမရှိလို့ ခေါင်းလောင်းလေးတီးပြီး ခေါ်ရတဲ့ အခြေအနေမျိုး ရောက်သွားပါတယ်။ ခြေလှမ်းရင်လဲ ဖြည်းဖြည်းလေး တလှမ်းချင်းပဲ လှမ်းနိုင်ပါတယ်။ အဲဒီလို လှုပ်ရှားမှုလေးတောင် မောလိုက်တာ အလွန်ပါ။ အရုပ်ကြိုးပြတ်လိုဖြစ်ပြီး ဘာမှမလုပ်နိုင်၊ မကိုင်နိုင်တဲ့ အခြေအနေကို ရောက်သွားပါတယ်။ မဖြစ်စလောက် တုပ်ကွေးဆိုတာလေး ဖြစ်တာနဲ့ အခုလိုဘာကြောင့် အားပြတ်သလိုဖြစ်ရသလဲ၊ ကျွန်တော် ဘာဖြစ်သွားပြီလဲ၊ ဆေးကုလို့မှ ရပါတော့မလား မစဉ်စားတတ်အောင် ဖြစ်မိပါတယ်။ 

ယခုလပိုင်းအတွင်း တုပ်ကွေးအဖျားများ အတော်ပင်ဖြစ်ကြသည်။ ရာသီအကူးအပြောင်းတွင် အနေအထိုင် မတတ်မှု၊ မိမိကျန်းမာရေးကို စနစ်တကျ မစောင့်ရှောက်တတ်မှု၊ လူများသည့်နေရာများသို့ မကြာခဏ သွားရောက်မှုများက တုပ်ကွေးရောဂါကို ကူးစက်ခံရစေခြင်းဖြစ်သည်။ တုပ်ကွေးရောဂါ၏ လက္ခဏာအနေဖြင့် ကိုယ်လက်များ ညောင်းညာကိုက်ခဲမှု ပြင်းထန်ခြင်း၊ အဖျားတက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ နှာစေး၊ နှာရည်ယိုခြင်း၊  ချောင်းဆိုးခြင်း၊ ချွဲထခြင်း စသည်ဖြင့် ရောဂါလက္ခဏာ စုံနေတတ်သည်။ ဤသည်ကို ကျန်းမာရေးအသိဖြင့် နေထိုင်စားသောက်တတ်လျှင်၎င်း၊ စနစ်တကျ ဆေးကုသလျှင်၎င်း၊ မကြာမတင်မီပင် တုပ်ကွေးရောဂါ ကင်းစင်သွားနိုင်သည်။ သို့သော် တုပ်ကွေးရောဂါသည် အခြားသော အဖျားရောဂါများကဲ့သို့ အဖျားကျ၍ အကိုက်အခဲများ သက်သာသွားလျှင် ရောဂါစင်သွားပြီဟု ဆိုနိုင်သော်လည်း ရောဂါ၏နောက်ဆက်တွဲအနေဖြင့် တခါတရံ ဦးနှောက်ကို ဒုက္ခပေးကာ မမျှော်လင့်သော အရာများကို ချန်ထားရစ်တတ်သည်။ တုပ်ကွေးရောဂါ၏ နောက်ဆက်တွဲဖြစ်ရပ်များကို သိမထားလျှင် မျက်စိလည်ကာ ရောဂါမသိ၊ ဆေးမရှိ ဘဝသို့ ရောက်သွားနိုင်သည်။

ဥပမာ တုပ်ကွေးရောဂါဖြစ်သူ တဦးသည် ခံတွင်းပျက်ကာ မစားချင်၊ မသောက်ချင်ဖြစ်၍ ကျန်ရစ်မည်၊ သို့မဟုတ်-ခြေကုန်လက်ပန်းကျပြီး မလှုပ်ချင် မသယ်ချင်ဖြစ်ကာ ကျန်ရစ်မည်ဆိုပါက အဖျားကြောင့် ခံတွင်းပျက်ခြင်း၊ မစားမသောက်နိုင်၍ အားအင်ကုန်ခန်းခြင်းဟူ၍ သာမန်အားဖြင့် ယူဆတတ်ကြသည်။ ဤအခြေအနေမျိုးတွင် အာဟာရဖြစ်စေမည့်အရာများကို ဦးစားပေး ရွေးချယ်စားသောက်ခြင်း၊ ခံတွင်းလိုက်မည့် မိမိနှစ်သက်ရာ အစားအစာမျိုးကို   စားသောက်ပေးခြင်း၊ နားနားနေနေ နေထိုင်အနားယူခြင်းဖြင့် ယင်းအခြေအနေများကို အများအားဖြင့် ကျော်လွှားနိုင်ကြသည်။ သို့သော် အချို့မှာ တုပ်ကွေးပျောက်သွားသည့်တိုင် မိမိကိုယ်တိုင်က နာလန်ထအောင် နည်းမှန်လမ်းမှန်ဖြင့် ကြိုးစားသော်လည်း နာလန်ပြန်မထနိုင်ဘဲ ရှိနေတတ်သည်။ အားဆေးဟူသည်များ ကြက်ပေါင်းရည်  စသည်များ မည်မျှပင် မှီဝဲသည်ဖြစ်စေ မိမိအခြေအနေသည် မထူးခြား၊ နာလန်မထနိုင်ဘဲ နာတာရှည်ရောဂါ ကဲ့သို့ ရှိနေတတ်သည်။

ယင်းအခြေအနေမျိုးတွင် လူနာသည် စားသလောက် အာဟာရမပြည့်ဝသလို ခံစားရမည်။ အားဆေးဟူသည်များ၊ မည်မျှပင် ကောင်းကောင်းစားစား သို့မဟုတ်-အသားထိုးအားဆေး၊ အကြောထိုး အားဆေးများ မည်မျှပင် မှီဝဲမှီဝဲ မိမိအခြေအနေသည် မတိုးတက်နိုင်၊ ပုလင်းကြီးချိတ်သည်ဟု လူသိများသော ဂလူးကို့စ် အငန်ရည်၊ အချိုရည်များ မည်မျှပင် သွင်းသွင်း ထိရောက်သင့်သလောက် မထိရောက်သည်ကို တွေ့ကြုံရတတ်သည်။ အချို့က မိုရီယာမင်းကဲ့သို့ အားဆေးမျိုးကို ပါးစပ်ထဲမှလည်း စားသည်။ နေ့စဉ် အကြောမှလည်း သွင်းသည်။ သို့သော် အခြေအနေမှာ မထူးခြားလှ။

အထက်ပါပုဂ္ဂိုလ်၏ ဖြစ်စဉ်မျိုးမှာ သုံးရက်မျှသော မဖြစ်စလောက် တုပ်ကွေးဖျားလိုက်ရုံဖြင့် နာတာရှည် ရောဂါရှင်ကြီးကဲ့သို့ ခြေကုန်လက်ပန်းကျကာ အရုပ်ကြိုးပြတ်ဘဝသို့ ရောက်သွားရသည်။ သာမန်အားဖြင့် စဉ်းစားကြည့်လျှင် အားခွန်ဗလပြည့်ဝသည့် ယောက်ျားတယောက်သည် ဤမျှသော တုပ်ကွေးအဖျားကို မခံနိုင်စရာအကြောင်း မရှိပါ။ အများသူငါထက်ပင် နာလန်ထ မြန်နိုင်ပါသည်။ တုပ်ကွေးကြောင့် ရိုးရိုးအားပြတ်သွားသည် ထားဘိဦး သူစားသောအစားအစာ သူမှီဝဲခဲ့သော အားဆေးများက သူ့ကို နာလန်အထ ဤမျှကြာစေလိမ့်မည် မဟုတ်ပေ၊ သာမန်တုပ်ကွေးဖြစ်သူ တဦးသည် ပျမ်းမျှ တပတ်ခန့်အတွင်း လူကောင်းဘဝသို့ ပြန်လည်ရောက်ရှိတတ်ကြပါသည်။ အထက်ပါပုဂ္ဂိုလ်၏ ဖြစ်စဉ်တွင် အစားအသောက်လည်း မပျက်၊ အားဆေးများလည်း အကောင်းဆုံး မှီဝဲပါလျက် နာလန်ထရက် ကြာရှည်ကာ ခြေကုန်လက်ပန်းကျနေမှု မသက်သာပဲ တလခန့် ကြာနေ၏။

သူဖြစ်သော ရောဂါဖြစ်စဉ်သဘောကို ဆေးပညာဝေါဟာရအားဖြင့် (Acute fatigue Syndrome) အကျုဖက်တစ်ဆင်ဒရုမ်း-ဟု ခေါ်သည်။ ဤသည်မှာ တုပ်ကွေးရောဂါဖြစ်မှုသည် သာမန်ဖြစ်ရိုးဖြစ်စဉ်မျိုး မဟုတ်ဘဲ ကိုယ်တွင်းသို့ ရောက်ရှိသွားသော တုပ်ကွေးရောဂါ ဗိုင်းရပ်စ်ပိုးသည် ဦးနှောက်ကို ဝင်ရောက်နှိပ်စက်သောကြောင့် ဦးနှောက်ပိုင်းဆိုင်ရာတွင် ထိခိုက်အားနည်းသွားရာမှ အရုပ်ကြိုးပြတ် ခြေကုန်လက်ပန်းကျမှုကို ရက်ရှည်ခံစားရခြင်း ဖြစ်သည်။ ဤသို့ ဦးနှောက်ထိခိုက်အားနည်းပြီး ရုပ်ပိုင်းဆိုင်ရာ အားပြတ်သွားမှုမျိုးကို အားရှိစေမည့် အစာများ စားပေးရုံ၊ အားဆေးများ ထိုးပေးရုံ၊ သွင်းပေးရုံဖြင့် ပြန်လည်မသက်သာလာနိုင်ပါ။ ရောဂါပိုးကြောင့် ဒဏ်ပိသွားသည့် ဦးနှောက်၊ နာသွားသည့် ဦးနှောက်ကို  ပုံမှန်ဖြစ်အောင် အားဖြည့်ပြုလုပ်ပေးနိုင်မှ လူလည်းလန်းဆန်း၊ ကျန်းမာလျက် စိတ်အားလူအားပါ တက်ကြွလာမည်ဖြစ်ပါသည်။ ဤဖြစ်စဉ်မျိုးမှာ တုပ်ကွေးရောဂါတွင်သာ မဟုတ်၊ လူကိုဒုက္ခပေးတတ်သော အခြားဗိုင်းရပ်စ် ပိုးများ ကိုယ်တွင်းသို့ ဝင်ရောက်ပါကလည်း ဦးနှောက်ထိခိုက် အားနည်းကာ အရိုးကြိုးပြတ် ဖြစ်စေတတ်သည်။ ထို့အတူ အသက်ကြီးလာသူများတွင် အစားအသောက် ကောင်းပါလျက် နွမ်းနယ်မောပန်းသလို တွေ့လာခြင်း၊ ခြေကုန်လက်ပန်းကျကာ အားမရှိသလို ဖြစ်လာတတ်ခြင်းသည် အာဟာရပြတ်လပ်၍ အားပြတ်ခြင်း မဟုတ်ဘဲ ဦးနှောက်သို့ သွေးလည်ပတ်မှုနည်းလာရာမှ ဦးနှောက်အားနည်းလာပြီး ရုပ်ပိုင်းဆိုင်ရာတွင် အားမရှိ နုံးချည့်သကဲ့သို့ ခံစားလာရတတ်သည်။ ဤအဖြစ်မျိုးတွင်  အားဆေးများ၏ အာနိသင်မှာ ထိရောက်ခဲလှပါသည်။

သို့ဖြစ်၍ အားမရှိ နုးံချည့်သလို  ခံစားရတိုင်းသည် အားမရှိ၍ အာဟာရပြတ်လပ်၍ ဖြစ်ရခြင်း မဟုတ်ဘဲ အကြောင်းတရားတခုကြောင့်  ဦးနှောက်အားနည်းသွားရာမှ ရုပ်ပိုင်းဆိုင်ရာ ခံစားချက်အဖြစ် ပေါ်ပေါက်လာတတ်ပေရာ ဖြစ်လာတတ်သည်များကို ကြိုတင်ကာကွယ်ရပေမည်။ ဝေဒနာခံစားနေရပါ ကလည်း တတ်ကျွမ်းသူနှင့် တိုင်ပင်ပြသကာ အကြံယူသင့်လှကြောင်း ဆေးပညာဗဟုသုတကို ဝေငှလိုက်ရပါသည်။

ဒေါက်တာ ဇေယျာမင်း
(ဦးနှောက်နှင့် စိတ်ပိုင်းဆိုင်ရာ အတိုင်ပင်ခံ ဆရာဝန်ကြီး)
 

No comments: