Thursday, May 26, 2011

အစာအိမ် ရောဂါပိုး

 ”ကျွန်တော့မှာ အစာအိမ်ရောဂါ ရှိတယ်”
”ကျွန်မမှာ အစာအိမ်ရောင်တဲ့ ရောဂါရှိလို့ ဆေးအမြဲတမ်း စာေးနရတယ်-”ဟု ဆိုသူ အတော်များများရှိ၏၊ အမှန်တကယ်လည်း ထိုအစာအိမ်နဲ့ ပတ်သက်သော ရောဂါများဖြစ်သည့် အစာအိမ်ရောဂါ(အနာဖြစ်ခြင်း)၊ အစာအိမ် အချဉ်ပေါက်ခြင်း၊ အစာအိမ်ရောင်ခြင်းအပြင် အစာအိမ်ကင်ဆာရောဂါအထိ မကြာခဏ တွေ့ကြုံနေရပါသည်။ ထိုရောဂါများသည် ယခင်က ယူဆထားခဲ့ကြသည့် အခြေခံအကြောင်းများအပြင် ကူးစက်ရောဂါပိုးတခုကိုပါ ဖော်ထုတ်မိပြီး ကမ္ဘာနှင့်အဝန်း ပျံ့နှံ့လျက်ရှိကြောင်း သိရပါသည်။
အစာအိမ်နှင့် လုပ်ငန်းသဘာဝ---
အစာအိမ်သည် ဂျေ J-စားလုံးပုံသဏ္ဍာန်ရှိ ကြွက်သားအိတ်ငယ်တခုဖြစ်ပြီး ဝမ်းဗိုက်ပိုင်းနှင့် ရင်အုပ်ပိုင်း ဆက်စပ်ရာ ရင်ဘတ်တည့်တည့်တွင် ခပ်စောင်းစောင်းကလေးတည်နေသည်။ အစာအိမ်နံရံများမှာ ကြွက်သားများဖြင့် တည်ဆောက်ထားပြီး ထိုအစာအိမ်အတွင်းသားများတွင် အစာခြေရည် ထုတ်ပေးသည့် ဂလင်းပေါင်း ၃၅-သန်း ခန့်ရှိသည်။ အစာစားလိုက်သောအခါ အစာအိမ်တွင် အစာကိုဦးစွာ သိုလှောင်ထားသည်၊ နာရီဝက်ခန့်အကြာတွင် အစာခြေရည်များကို ထိုဂလင်းက ထုတ်လွှတ်ပေးကြပြီး နံရံကြွက်သားများက လှိုင်းကဲ့သို့ ကျုံ့ခြင်း ဆန့်ခြင်းပြုကာ အစာနှင့်အစာခြေရည်ကို ရောနှော၍ အစာခြေလုပ်ငန်း စတင်ပါသည်။ အစာခြေရည်တွင် အားပျော့ ဟိုက်ဒရိုကလိုရစ်အက်စ် အဓိကပါဝင်ပြီး ထိုအထဲတွင် ပက်ပဆင်၊ အိုင်းယွန်းများနဲ့ Intrinsic Factors ခေါ် ဓာတ်ပစ္စည်းများ ပါဝင်ပါသည်။ အစာအိမ်သည် အစာပမာဏ ၂-ဒသမ ၃-လီတာခန့်အထိ သိုလှောင်ထားနိုင်ပြီး နေ့စဉ် အစာခြေရည် ၃-ဒသမ ၄-လီတာခန့် ထုတ်လုပ်သည်။ အစာအိမ်အတွင်း အစာနှင့် အစာခြေရည်ကို ရောနှောကြေညက်စေပြီး ချွဲချွဲပျစ်ပျစ်အစာရည်ကို အစာအိမ်ထွက်ပေါက် (Pyloric Valve) မှတဆင့် ကပ်လျက်ရှိသော အူအမ်၏ ပထမပိုင်း ဒီယိုဒီနမ် (Duodenum)ခေါ် ဆယ့်နှစ်သစ် အူသို့ ပို့သည်။ ထိုနေရာသည် အစာအိမ်မှာကဲ့သို့ အက်စစ်လွန်ကဲသော နေရာမဟုတ်ဘဲ အယ်လ်ကာလီဓာတ် အားကောင်းသောနေရာ ဖြစ်သည်။ အစာနှင့် အစာခြေရည်တို့ဖြင့် အပြင်းစားဖြစ်နေသည်ကို ထိုနေရာရှိ အင်ဇိုင်းတို့က လူ့ခန္ဓာကိုယ်အတွက် မျှတသောအား PH ဖြစ်အောင် ထိန်းပေးသည်။ ထိုအပိုင်းအထိ အစာခြေချိန်သည် ပျမ်းမျှ ၂-နာရီမှ ၄-နာရီခန့် ကြာတတ်သည်။ အာလူးကဲ့သို့ အသီးဆိုလျှင် မိနစ်အနည်းငယ်သာ ခြေဖျက်ရသည်။ အစိမ်းကြော်၊ အရွက်စိမ်းပါသော ဟင်းသီးဟင်းရွက်များဆိုလျှင်မူ နေ့ဝက်မျှ ခြေဖျက်ရသည်။ ကြက်ဥ၊ ဝက်အူချောင်း၊ ပေါင်မုန့်ထောပတ်သုပ် စသည့် အဆီအလွန်များသော အစာကို နံနက်စားထားပါက ထိုအစာတို့၏ လေးပုံတပုံခန့်မှာ နေ့လည်စာ စားချိန်တိုင် မခြေဖျက်နိုင်သေးဘဲ ရှိတတ်သည်။ အဆီပိုများကို ဒီယိုဒီနမ်ရှိ ကြွက်သားများက ကောင်းစွာမထိန်းသိမ်းနိုင်ခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် အစာမကြေလွယ်သော အသားဆီ များများပါသော အစားအစာတို့ကို ခြေဖျက်ရာတွင် အခက်အခဲရှိတတ်ပါသည်။

အေးသောအစာဖြစ်သည့် ရေခဲမုန့်၊ အအေးခံ အချိုရည်တို့ကို သောက်လိုက်ပါက အစာအိမ်၏ မူလအပူချိန် ၉၉-ဒီဂရီ ဖာရင်ဟိုက်ကို ၂၀-ဒီဂရီမျှ လျှော့ပေးရသဖြင့် အစာခြေခြင်းလုပ်ငန်း နာရီဝက်မျှ ကြန့်ကြာတတ်ကြောင်း သိရပါသည်။ ထို့ကြောင့် ကြေလွယ်နပ်လွယ်သော အစာကို စားလေ့ရှိလျှင် အစာအိမ် သက်သာစေနိုင်ပါသည်။ အစာအိမ်တွင် မလိုအပ်ပဲ အစာခြေရည်များ ထွက်ရှိနေပါက အစာအိမ်နံရံကို ပွတ်တိုက်စားသွားနိုင်ပါသည်။ ဒေါသဖြစ်နေလျှင် အစာခြေရည် သုံးဆခန့် ပိုထွက်တတ်သည်ဟု ဆိုပါသည်။ စိတ်ဖိစီးမှု ခံနေရလျှင်လည်း ထိုသို့ဖြစ်တတ်ပါသည်။


ဆေးလိပ်ရှိ နီကိုတင်းဓာတ်၊ ကော်ဖီ၊ အရက်တို့ကလည်း အစာခြေရည်များ ပိုမိုထွက်စေတတ်ပါသည်။ ပုံမှန်အစာခြေရည် ထွက်နေကျအချိန်မျိုးတို့တွင် အစာမစားပါက ထိုထွင်ပြီးဖြစ်သော အစာရည်တို့က အစာအိမ်နံရံကို ဒုက္ခပေးတတ်ပြန်ပါသည်။ ထို့ပြင် စိတ်ဓာတ်ကျနေသူများတွင် အစာအိမ်ကြွက်သားတို့ အလုပ်မလုပ်တော့ကြောင်း သိရပါသည်။ ထိုအခါ စားပြီးသော အစာများ အစာအိမ်တွင် အနည်ထိုင်နေတတ်သည်။ ထိုအခါမျိုးတွင် ရင်ပြည့်သည်ဟု ဆိုရလောက်အောင် မအီမလည် ဖြစ်နေတတ်ပါသည်။ ထို့ကြောင့် အစာအိမ်သည် လူ့ခန္ဓာကိုယ်၏ အဓိကအင်္ဂါကြီးတခုဖြစ်သကဲ့သို့ ထိုအစာအိမ်၏ ပုံမှန်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပိုင်ရှင်ဖြစ်သောာ မိမိက စောင့်ရှောက်ထိမ်းသိန်းရန် အဓိကတာဝန်ရှိပါသည်။ ထိုသို့မဟုတ်ပါက အောက်ပါရောဂါဘယများ ဖြစ်လေ့ရှိပါသည်။


၁။ အစာအိမ် အနာခြင်းခြင်း။ (Peptic Ulcers)
အစာအိမ်နှင့်ဆက်လျက်ရှိသော ဒီယိုဒီနမ် အူအိမ်တို့ရှိ အစာခြေရည်များ ပိုမိုထွက်ရှိခြင်း၊ အစာအိမ်နံရံ ကြွက်သားတို့ ပျက်စီးခြင်းများကြောင့် အနာကလေးများဖြစ်ခြင်းကို ခေါ်ပါသည်။ အထက်ပါကဲ့သို့သော အကြောင်းရင်းများအပြင် အက်စ်ပရင်၊ ဒိုင်ကလိုဖီးနစ် စသော အကိုက်အခဲပျောက်ဆေးများသည်လည်း အစာအိမ်နဲ့ အူအိမ်နံရံတို့ကို တိုက်စားဖျက်ဆီးတတ်သဖြင့် အနာကလေးများ ဖြစ်လာတတ်ပါသည်။ အစာအိမ်အနာ (Gastric Ulcer. G.U)သည် အသက် ၁၆-နှစ်မတိုင်မီ အဖြစ်နည်းပြီး အင်္ဂလန်နိုင်ငံတွင် လေ့လာချက်အရ အသက် ၄၅-နှစ်မှ ၅၄-နှစ်အရွယ် အမျိုးသားများ၏ ၁ဝ-ရာခိုင်နှုန်းခန့်တွင်  ဖြစ်ပွားကြောင်း သိရပါသည်။ ဆရာဝန်များ၊ လုပ်ငန်းရှင်များ၊ အင်ဂျင်နီယာများတွင် အဖြစ်များပြီး စိုက်ပျိုးရေးနဲ့ ကာယလုပ်သားများ၊ စာရေးစာချီများတွင် အဖြစ်နည်းပါသည်။ ဒီယိုဒီနမ် အူအိမ်အနာ(Duodena Ulcer, D.U)သည် အသက် ၃၅-နှစ်အောက် အမျိုးသားများတွင် G.U ထက် လေးဆမျှ ပိုမိုများပြားပြီး အသက် ၄၅-နှစ်ကျော် အမျိုးသားများတွင်မူ နှစ်ဆမျှ များပြားကြောင်းနှင့် အိန္ဒိယနိုင်ငံတွင် D.U နှင့် G.U တို့၏ အချိုးသည် ၃၀း၁ ဖြစ်ပါသည်။ 


ထို့ပြင် သွေးအုပ်စုအို (O) ရှိသူတို့သည် အခြားသွေးအုပ်စုဝင်တို့ထက် ထိုရောဂါရရှိမှု သုံးဆမျှ များပြားပြီး ထို အိုအုပ်စုဝင်များသည်ပင် D.U ဖြစ်ရန် ၁-ဒသမ ၄-ဆမျှ ပိုမိုများပြားကြောင်းလည်း သိရပါသည်။ ထို့ကြောင့် အိုသွေးအုပ်စုဝင်တို့သည် အစာအိမ်ရောဂါ ပိုမိုဖြစ်လွယ်ကြကြောင်း သတိမူရပါမည်။ တဖန် D.U သည် အမျိုးသားများက အမျိုးသမီးများထက် ၅-ဆမှ ၁၀-ဆအထိ ပိုမိုဖြစ်တတ်ပြီး ထိုအနာဖြစ်သည့်နေရာမှ ပေါက်ထွက်ခြင်းနှုန်းသည် အမျိုးသားများက အဆနှစ်ဆယ်မျှ ပိုမိုများပြားပါသည်။ အမျိုးသမီးများ၏ ”မ”ဟော်မုန်းတို့သည် သဘာဝအရ ထိုသို့ အစာအိမ်အနာဖြစ်ခြင်းကို တားမြစ်ထားတတ်ကြောင်းနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် ကိုယ်ဝန်ဆောင်စဉ် ထိုရောဂွဖြစ်ပွားမှု အလွန်နည်းပါးကြောင်းလည်း မှတ်သားရပါသည်။ ကြေလွယ်သောအစာ မစားလေ့ရှိခြင်း၊ အစာကို ညက်ညက် ဝါးမစားတတ်လေ့ ရှိခြင်း၊ ဆေးလိပ်၊ အရက်၊ ကော်ဖီ အလွန်အကျွံ သောက်တတ်ခြင်း၊ နပ်မှန်အောင် စားလေ့မရှိခြင်း၊ အာဟာရချို့တဲ့ခြင်း၊ စိတ်သောက ဖိစီးမှုများခြင်း၊ အကြော်အလှော်၊ အကင်များ နှစ်ခါသုံးခါ ထပ်ကြော်ထားသော အသားများ စားလေ့ရှိခြင်း စသည့် အကြောင်းများသည် အဆိုပါရောဂါ ဖြစ်ပွားစေနိုင်သည့် အချက်များဖြစ်ကြောင်း မူလကတည်းက သိရှိထားပြီး ဖြစ်ပါသည်။


၂။ အစာအိမ် ရောင်ခြင်း။ ( Gastritis) 
အရက်ပြင်းပြင် သောက်ခြင်း၊ မသန့်ရှင်းသော အစားအစာများ စားမိခြင်း၊ အပူ အစပ် အများအပြား စားမိခြင်း၊ ပိုးသတ်ဆေး၊ စက်သုံးဆီများ သောက်မိခြင်း၊ အကိုက်အခဲ ပျေက်ဆေးများ စားမိခြင်း၊ ပူလောင်၍ မာကျောသော အသားငါးများ စားမိခြင်း စသည်တို့ကြောင့် အစာအိမ်၏ နံရံကြွက်သားများ ရောင်ရမ်းခြင်း ဖြစ်ပါသည်။


၃။ အစာအိမ် ကင်ဆာရောဂါ။ 
”Captain of men of death” လူတို့ကိုသေစေသော ရောဂါတို့၏ ခေါင်းဆောင်ကြီး-ဟုပင် အနောက်တိုင်းသားတို့ တင်စားလေ့ရှိပါသည်။ ၁၉၅၉-ခုနှစ်က အင်္ဂလန်နှင့် ဝေလနယ်တို့တွင် ထိုရောဂါဖြင့် လူ ၁၄၀၇၆-ဦး သေဆုံးခဲ့ရပါသည်။ အသက် ၄၉-နှစ် နှင့် ၆၀-နှစ်အကြားတွင် အဖြစ်များပြီး အမျိုးသားများက အမျိုးသမီးများထက် သုံးဆမျှ ပိုမိုဖြစ်ပွားတတ်ပါသည်။ 
”အေ”သွေး အုပ်စုဝင်တို့သည် အစာအိမ်ကင်ဆာ ဖြစ်တတ်ကြပြီး ငါးရာခိုင်နှုန်းသော G.U တို့သည် ထိုရောဂါအဖြစ် ပြောင်းသွားတတ်ပါသည်။ ငါးကင်ကို အဓိကအစာအဖြစ် စားသုံးလေ့ရှိခဲ့ကြသော ဂျပန်၊ ဖင်လန်၊ စကော့တလန် နိုင်ငံတို့တွင်လည်း အဖြစ်များခဲ့ပါသည်။ ကျွန်တော်တို့နိုင်ငံတွင် အပူအစပ် စားလွန်းသူများ၊ အရက်သောက်သူများ အဖြစ်များကြကြောင်းသိရပါသည်။ 

အစာအိမ်ရောဂါပိုး အသစ်တွေ့ရှိခြင်း”လွန်ခဲ့သည့် ဆယ်နှစ်ကျော်ခန့်က ဆေးပညာရှင် ဝါရင့်နှင့် မာရှယ်တို့က လူ့အစာအိမ်တွင် Helicobacter Pylori-ခေါ် ရောဂါပိုးသစ်တမျိုး ရှာဖွေတွေ့ရှိခဲ့သည်။ ထိုရောဂါပိုးသည် အစာအိမ် အနာဖြစ်ခြင်း၊အစာအိမ်ရောင်ခြင်း၊ အစာအိမ် ကင်ဆာဖြစ်ခြင်းတို့နှင့် အဓိကပတ်သက်နေပြီး ယခုအခါ ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ကျော်ခန့်မှာ ထိုရောဂါပိုး ကူးစက်ခံနေရပြီးဖြစ်ကြောင်းကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ထုတ်ပြန်ထားပါသည်။ ဆင်းရဲမွဲတေမှု၊ လူအများ ပြွတ်သိပ်ထူထပ်စွာ နေထိုင်မှုနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အထူးများပြားစွာ ပြန့်နှံ့နေကြောင်းလည်း သိရပါသည်။


ထိုအချက်ကို အခြေခံ၍ မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ၁၉၉၇-ခုနှစ် ဇွန်လမှ ၁၉၉၈-ခုနှစ် မေလအထိ တနှစ်အတွင်း ကုသမှုခံယူရသော D.U ရောဂါရှင် ၇၀-ဦး၊ အစာအိမ်ကင်ဆာ ဝေဒနာရှင် ၅၀-ဦး၊ ၁၉၉၈-ခုနှစ် ဖေဖော်ဝါရီလမှ ၁၉၉၉-ခုနှစ် ကြသဂုတ်လအတွင်း ကုသမှုခံယူသော အစာအိမ် အချဉ်ပေါက်သည့် လူနာ ၃၄၂-ဦးတို့ကို လေ့လာခဲ့ကြောင်း သိရပါသည်။ တချိန်တည်းမှာပင် မည့်သည့်ရောဂါလက္ခဏာမှ မပြဘဲ ပကတိကျန်းမာပါသည် ဆိုသော အမျိုးသား ၅၀-ဦးတို့ကိုလည်း လေ့လာခဲ့ပါသည်။


တွေ့ရှိချက်များ---
D.U ရောဂါရှင် ၇၀-ဦးအနက် ၅၈-ဦး ၈၂-ဒသမ ၈-ရာခိုင်နှုန်းတွင် ထိုရောဂါပိုး ကူးစက်ခံနေရပြီး အစာအိမ် ကင်ဆာရောဂါရှင် ၅၀-ဦးအနက် ၄၁-ဦး၊ ၈၂-ရာခိုင်နှုန်းတွင်၎င်း၊ အစာအိမ်အချဉ်ပေါက်သူ ၃၄၂-ဦးအနက် ၃၁၅-ဦး၊ ၉၂-ရာခိုင်နှုန်းတွင်၎င်း၊ အလားတူတွေ့ရပါသည်။ ထို့ပြင် လူကောင်း ၅၀-ဦးတွင်လည်း ၄-ဦး၊ ၈၂-ရာခိုင်နှုန်းတို့၏ အစာအိမ်တွင် ထိုရောဂါပိုးများကို သယ်ဆောင်ထားကြောင်း တွေ့ရပြန်ပါသည်။


သုံးသပ်ချက်---
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ထိုရောဂါပိုးကို အစာအိမ်ကင်ဆာဖြစ်စေသည့် နံပါတ်တစ်, တရားခံဟု မှတ်ချက်ချထားပါသည်။ အစာအိမ်အနာများ ဖြစ်ခြင်းမှာလည်း ထိုရောဂါပိုးသည် အဓိကပါဝင်ဖြစ်ပွားနေပြီး အစာအိမ်ရောင်ခြင်း၊ အချဉ်ပေါက်ခြင်းတို့မှာလည်း ထို့အတူပင် ဖြစ်သည်။


ယခု လောလောဆယ်လေ့လာမှုများအရ အစာအိမ်အနာရောဂါများ၊ အစာအိမ် ကင်ဆာနှင့် အစာအိမ် အချဉ်ပေါက်ခြင်း စသည့် အစာအိမ်ရောဂါ အများအပြားမှာ ကျွန်တော်တို့နိုင်ငံတွင်လည်း ထိုရောဂါပိုးကြောင့်ဟု ဆိုရမည်ဖြစ်ပါသည်။ ရာနှုန်းများပြားစွာ ကူးစက်ဖြစ်ပွားနေကြောင်း သိနိုင်ပါသည်။ ထို့ပြင် လောလောဆယ် ရောဂါလက္ခဏာမပြသေးသော်လည်း ရောဂါပိုးများကို မိမိတို့၏ အစာအိမ်တွင် သိုလှောင်ထားသူများမှာလည်း အများအပြားပင် ဖြစ်နေပါသည်။ ယခင်က အဓိကအားဖြင့် Work, Worry, Weather အလုပ်ပိလွန်းခြင်း၊ စိတ်သောကရောက်ခြင်း၊ ရာသီဥတု ပြင်းထန်ခြင်း စသည်တို့ကြောင့်ဟု ယူဆရသော အစာအိမ်ရောဂါတို့မှာ ယခုမူ ထိုရောဂါပိုးကြောင့် ပိုမိုဖြစ်ပွား ဆိုးဝါးလာနေပါသည်။ ကူးစက်ပြန့်ပွားနေပုံမှာလည်း ထိတ်လန့်ဖွယ်ပင် ဖြစ်ပါသည်။ ပြည်သူအများအတွက် ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး ဒုက္ခအသွယ်သွယ် ကြုံကြရဖွယ် ရှိပါသည်။ အများပြည်သူတို့ အထူးသတိပြုကြရမည့် အခြေအနေဖြစ်ပါသည်။


ကာကွယ်ရေး---
အဓိကအားဖြင့် တကိုယ်ရေ သန့်ရှင်းရေးနဲ့ သန့်ရှင်းသော အစားအစာများ စားသုံးကြရေးပင် ဖြစ်ပါသည်။ သန့်ရှင်းသော ရေ၊ လက်၊ ပတ်ဝန်းကျင်နှင့် ကျန်းမာရေးနဲ့ ညီညွတ်သော အစားအစာများကိုသာ သုံးဆောင်ကြရန် လူတန်းစားအသီးသီး ဂရုပြုဆောင်ရွက်သင့်ပါသည်။ ယခုအခါ မြို့ရွာတိုင်းတွင် စားသောက်ဆိုင်များ အလွန်များပြားလှပါသည်။ ဆရာဒေါက်တာရဲနိုင် ရေးသားသော ဆောင်းပါမှာကဲ့သို့ စားသောက်ဆိုင်ရှင်များသည် သန့်ရှင်းလတ်ဆတ်သော အစားအသောက်တို့ကို ဂရုတစိုက်ကိုင်တွယ်ခြင်း၊ သိုလှောင်ခြင်း၊ ချက်ပြုတ်ခြင်းစသည်တို့ကို လိုက်နာဆောင်ရွက်သင့်ပါသည်။ စားစရာရောင်းသော ဆိုင်ကလေးများမှသည် ဆိုင်ကြီးများအထိ လမ်းဘေးဈေးသည်၊ ကျောင်းဈေးသည်ပါမကျန် တိတိကျကျ လိုက်နာရန် အလွန်အရေးကြီးပါသည်။ အဆိုပါ အစားအသောက် ကိုင်တွယ်ရောင်းချရာ နေရာများသည် အလွန်ကြောက်စရာကောင်းလှသော H.Pylori ရောဂါပိုးတို့ကို ဖြန့်ဝေပေးနေသည့် အချက်အချာနေရာများ မဖြစ်ရန် ဝိုင်းဝန်းဆောင်ရွက်ရပါမည်။ကျန်းမာရေးအသိ၊ ခံယူချက်မှန်ကန်စွာ လက်ခံဆောင်ရွက်နိုင်ကြရန် အလေးပြုသင့်ပါသည်။ နိုင်ငံနှင့်လူမျိုးအတွက် ကြီးမားသောအန္တရာယ်ဆိုးကြီးအဖြစ် မကြီးထွားလာမီ လူတိုင်းလူတိုင်း အရေးတယူ ဆောင်ရွက်ကြပါရန် အထူးတိုက်တွန်းလိုပါသည်။


ဒေါက်တာမြင့်သန်း (ညောင်လေးပင်) 
Ref:MMJ, March 2000.

2 comments:

Ah beth said...

ကျွန်မ လည်းအစာအိမ် နာ လေ့ ရှိပါတယ်
အစာ အိမ်ထဲမှာ အရည်ပူတွေစီးနေသလိုခံစားရလေ့ ရှိတယ်
အစာ အတွက် သင့် လျှော်သော စားသောက် ပုံ အစားအစာ အနေအထိုင် လေ့ ကျင့်ခန်းများကို အကြံပြု စေချင်ပါတယ်

မင်းပျို said...

ကျနော်ကအမြဲအဆာလွန်တတ်ပါတယ်..အဆာလွန်တိုင်း အန်ပါတယ်..ခေါင်းကိုမထူနိုင်အောင်နိုင်အောင်လည်းမူးပါတယ်..အစာ အများကြီးစားမိရင်လည်း အန်ကုန်တတ်ပါတယ်..အဲဒါကို အစာအိမ်ဖြစ်နေပြီလို.သတ်မှတ်လို.ရမလား..