Tuesday, May 3, 2011

သင့်ကျန်းမာရေးအတွက် Tip များ

သွပ်ဓာတ်မစားခင် ဒါတွေစဉ်းစားပါ---
ဒီဆောင်းရာသီမှာ အအေးမိတာကိုခံနိုင်ရည်ရှိဖို့ သွပ်ဓာတ်ပါဝင်တဲ့ အားဆေးတွေသောက်မယ်ဆိုရင် နေ့စဉ်လိုအပ်ချက် အညွှန်းအတိုင်းသာ သောက်ပါ။ဒါမှမဟုတ်-အာဟာရမှ ရတဲ့ သွပ်ဓာတ်ကိုသာ ရယူတာ အကောင်းဆုံးလို့ ဆိုပါတယ်။

အမေရိကန်နဲ့ ဥရောပမှလေ့လာသူတွေက အသက် ၆၀-ကျော်သူတွေမှာ မျက်စိအမြင်အာရုံ ကွယ်ရခြင်းရဲ့ အဓိကအကြောင်းရင်းဖြစ်တဲ့ age-related maculardegeneration ရှိသူတွေရဲ့ မျက်မြင်လွှာမှာ သွပ်ဓာတ်တွေ အများကြီးစုနေတာကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် သွပ်ဓာတ်တွေပါဝင်မှုများတဲ့ အားဆေးတွေအစား အောက်ပါ အစာတွေ စားပါ။ အမဲသား၊ ၀က်သား၊ ကမာတွေကို တပတ် နှစ်ကြိမ် သုံးကြိမ် စားပါ။ 

ကိုယ်ဝန်ရှိနေပြီလား၊ ငါးအဆီ စားပါ---
ကိုယ်ဝန်ဆောင် ၁၈-ပတ်ကျော်လာရင် နေ့စဉ် ငါးအဆီ (Fish Oil) လေးဂရမ် စားပေးရင် သင်မွေးလာမယ့် ကလေးရဲ့ Hand-eye-coordination (လက်လှုပ်ရှားမှုကို မျက်စိက လိုက်ကြည့်နိုင်မှု) ပိုကောင်းတယ်လို့ သြစတြေးလျက လေ့လာမှုသစ်တခုအရ သိရပါတယ်။

လက်ဖက်ရည်သောက်ခြင်းဖြင့် အရိုးသန်မာနိုင်---
လက်ဖက်ရည်မှာပါတဲ့ Flavonoids နဲ့ အချို့ Phytonutrients တွေဟာ အရိုးသိပ်သည်းမှုများအတွက် ကူညီပါတယ်။ အထူးသဖြင့် ကျောရိုးနဲ့ ပေါင်ရိုးတွေမှာပါလို့ American journal or Clinical Nutrition မှာ ဖော်ပြထားပါတယ်။

သွားဖုံးကျန်းမာရင် ကျန်းမာတဲ့ကလေး မွေးနိုင်---
ကိုယ်ဝန်ယူဖို့ စဉ်းစားနေပြီလား၊ သွားဆရာဝန်နဲ့ သွားဖုံးတွေ စစ်ဆေးလိုက်ပါ။ သွားဖုံးရောဂါရှိတဲ့ အမျိုးသမီးတွေဟာ ပေါင်မပြည့်၊ လမစေ့ဘဲ ကလေးတွေ မွေးတတ်တယ်လို့ American Dental Association က ထုတ်တဲ့ ဂျာနယ်မှာ ဖော်ပြထားပါတယ်။

ကျန်းမာရေးနဲ့ ညီညွတ်ရန် မှို (Mushrooms) တွေကို သိမ်းနည်း---
မှို (Mushrooms) မှ အာဟာရတွေ အပြည့်အ၀ ရလိုရင် မှိုတွေကို ပလတ်စတစ်အိတ်နဲ့ ထည့်ထားမယ့်အစား စက္ကူအိတ်ထဲ ထည့်ပြီး ရေခဲသေတ္တာထဲမှာ သိမ်းထားပါ။ ဟင်းချက်ခါနီးမှသာ မှိုကို ဆေးပါတဲ့။

အက်စပရင်သောက်ရင် သတိထားပါ---
တပတ်ကို အက်စပရင် ၁၅-လုံးထက် ပိုပြီးသောက်တဲ့ အမျိုးသမီးတွေဟာ အက်စပရင် မသောက်တဲ့ အမျိုးသမီးတွေထက် လေဖြတ်နိုင်ခြေ နှစ်ဆ ပိုပါတယ်။ အကယ်၍ အက်စပရင် သောက်သူတွေဟာ အသက် ၆၀-ကျော်သူ၊ ဆေးလိပ်သောက်သူ ဒါမှမဟုတ် သွေးတိုးရောဂါရှိပါက လေဖြတ်နိုင်ခြေ သုံးဆရှိတယ်လို့ Harvard မှ လေ့လာသူတွေက ပြောပါတယ်။

သကြားများများစားရင် မျက်စိကွယ်နိုင်---
အချိုပါဝင်မှုများတဲ့ အစာတွေ များများစားရင်၊ အသက်ကြီးရင် မျက်စိကွယ်တဲ့ အကြောင်းတရားဖြစ်တဲ့ Age related macular degeneration ဖြစ်စေနိုင်တယ်လို့ လေ့လာမှုသစ်အရ တွေ့ရှိခဲ့ပါတယ်။

ဒေါက်တာ ခင်မိုးမိုး

No comments: