Thursday, June 2, 2011

ဝက်ရူးပြန်တက်ချက်ခြင်း

ဝက်ရူးပြန်တက်ချက်ခြင်းသည် မည်သူတွင်မဆို ဖြစ်ပွားနိုင်ပါသည်။ ယင်းသည် ခေါင်းတခြမ်းကိုက် ဝေဒနာ ဖြစ်ပွားမှုပြီးလျှင် ဒုတိယအများဆုံး ဖြစ်ပွားလေ့ရှိသော အာရုံကြောပိုင်းဆိုင်ရာ ချွတ်ယွင်မှုတမျိုး ဖြစ်ပလိမ့်မည်။ နေထိုင်သူလူဦးရေ၏  ဝ ဒသမ ၅-ရာခိုင်နှုန်းမှ ၁-ရာခိုင်နှုန်းအထိ ယင်းဝေဒနာ စွဲကပ်နိုင်သည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းထားကြသဖြင့် ဖြစ်ပွားနှုန်းမှာ မနည်းလှဟု ဆိုနိုင်ပါသည်။ အဆိုပါ ခန့်မှန်းချက်အတိုင်းသာဆိုလျှင် လူဦးရေ ၄၈-သန်းမျှရှိသော စာရေးသူတို့နိုင်ငံ၌ ဝက်ရူးပြန်တက်ချက်ခြင်း ဖြစ်ပွားသူ ဦးရေမှာ ၄-၅ သိန်းမျှ ရှိပါလိမ့်မည်။ ဝက်ရူးပြန်တက်ချက်ခြင်းအတွက် ကုသမှုပိုင်းမှာ ပြည့်စုံကောင်းမွန်၏။ သို့ရာတွင် ဝက်ရူးပြန်တက်ချက်ခြင်း အကြောင်းကို ယနေ့ထက်တိုင် ခြေခြေမြစ်မြစ် မသိရှိရသေးချေ။ ဝက်ရူးပြန်ရောဂါရှိနေပြီဟု ရောဂါအမျိုးအမည် တပ်လိုက်ခြင်း သည်ပင်လျှင် မရေမရာ မသေမချာ ဖြစ်ခြင်းမျိုး မကြာခဏ ဖြစ်စေနိုင်သလို ကာယကံရှင်အတွက် သွေးလန့်ကြောက်ရွံ့စရာလည်း ဖြစ်စေနိုင်ပါသည်။ ဝေဒနာဖြစ်ပွားနေသူကို ကောင်းမွန်စွာ ပြုစုစောင့်ရှောက်တတ်ဖို့ လိုအပ်သလို ဝေဒနာအကြောင်း တိတိပပ နားမလည်သူများအတွက်လည်း မှန်ကန်သည့် ကျန်းမာရေး ဗဟုသုတ သတင်းအချက်များ ပေါ်ထွက်လာဖို့ လိုအပ်ပါသေး၏။ ထို့အပြင် မှားယွင်းသည့် အယူသည်းမှုများသည် မြွေပူရာ ကင်းမှောင့်ဆိုသလို ရှိရင်းစွဲ ရောဂါအခံ အခြေအနေထက် ပို၍ ဆိုးရွားလာစေနိုင်ကြသေးသည်။ လူအများ သိသင့်သိထိုက်သော ဝက်ရူးပြန် တက်ချက်ခြင်း အကြောင်းကို ယခု ဆောင်းပါးတွင် တနေ့တစောင်း ဖော်ပြထားပါသည်။

ဝက်ရူးပြန်တက်ချက်ခြင်း---
ဝက်ရူးပြန်တက်ချက်ခြင်း ဆိုသည်မှာ အခါအားလျော်စွာ ဖြစ်နိုင်သည့် အခြေအနေတရပ်ပင် ဖြစ်သည်။ တက်ချက်ခြင်းကို တကြိမ်တခါတည်း တွေ့ကြုံခံစားရရုံဖြင့် ဝက်ရူးပြန်တက်ချက်ခြင်းဟု မသတ်မှတ်နိုင် ပါချေ။ ဝက်ရူးပြန်တက်ချက်ခြင်းအား ရောဂါတခု အနေနှင့်မဟုတ်ဘဲ ရောဂါပြလက္ခဏာ တခုအနေနှင့် သတ်မှတ်မည်ဆိုပါက ပို၍သင့်လျော်ပေလိမ့်မည်။ ရောဂါပြလက္ခဏာတို့မည်သည် လက်ငုပ်လက်ရင်း ဖြစ်သော ရောဂါအခံပေါ် မူတည်၍ လူနာကိုယ်တိုင် ခံစားရသော ဝေဒနာဖြစ်၏။ ဥပမာပြရလျှင်-ခေါင်းမူးခြင်းသည် ရောဂါလက္ခဏာတရပ်မျှသာ ဖြစ်ပြီး ခေါင်းမူးခြင်းကို ဖြစ်စေသည့် ရောဂါတစုံတခုသည် အရင်းခံ အကြောင်းအချက်အနေနှင့် တည်ရှိနေသည်။ ဝက်ရူးပြန်တက်ချက်ခြင်းသည်လည်း ထို့အတူပင်။ ဦးနှောက်နှင့် ပတ်သက်သော ကျန်းမာရေးပြဿနာ အရင်းခံ ရှိနေပြီဖြစ်ကြောင်းကို ညွှန်းဆိုလျက်ရှိသည်။

ဝက်ရူးပြန်တက်ချက်ခြင်း ဖြစ်လေ့ဖြစ်ထရှိသူများကို ကြည့်လျှင် ယင်းသို့ ဖြစ်တတ်ခြင်းမှလွဲ၍ အခြားသော အထွေထွေ ကျန်းမာရေး အခြေအနေ၌ သာမန်လူကောင်းများနှင့် မခြား ကောင်းမွန်လေ့ရှိကြ၏။ သူတို့အများစုမှာ ပုံမှန်အသိဉာဏ်ရှိတတ်ကြသည်။ ဝက်ရူးပြန်တက်ချက်ခြင်းသည် လူ့သက်တမ်းကို တိုတောင်းစေလေ့ မရှိပါ။ ထို့အပြင် စိတ်ပေါသွပ်ခြင်းကိုလည်း အမှန်တကယ်ပင် မဖြစ်စေနိုင်ပါ။

တက်ချက်ခြင်းဆိုတာ ဘာလဲ---
တက်ချက်ခြင်းကို အင်္ဂလိပ်လို seizure ဟူ၍၄င်း၊ fit ဟူ၍၄င်း၊ convulsion ဟူ၍၄င်း အမျိုးမျိုးခေါ်ဝေါ်ကြ၏။ လူ၏ဦးနှောက်တွင် ပုံမှန်ဖြစ်သော လျှပ်စစ်ဆိုင်ရာ အစွမ်းသတ္တိရှိ၏။ အဆိုပါအစွမ်းသတ္တိတွင် ဟန့်တားပိတ်ဆို့မှုတခုခု ရုတ်တရက်ဖြစ်ပေါ်လာသည့်အခါတွင် တက်ချက်ခြင်း ဝေဒနာဖြစ်ပေါ်လာလေ သည်။ လျှပ်စစ်ဆိုင်ရာ ဟန့်တားပိတ်ဆို့မှုသည် ဦးနှောက်၏ အခြမ်းတခြမ်းတွင် ဖြစ်ပေါ်သည့်အခါ၌ တစိတ်တဒေသ တက်ချက်ခြင်းများ ဖြစ်ပေါ်လာလေ့ရှိသည်။

အကယ်၍ ယင်းသို့ ဟန့်တားပိတ်ဆို့မှုများသည် ဦးနှောက်၏ ဘယ်နှင့်ညာ နှစ်ဖက်စလုံးတွင် ဖြစ်ပေါ်ခဲ့လျှင် အထွေထွေ တက်ချက်ခြင်း (generalised seizures) များ ဖြစ်ပေါ်လာပေလိမ့်မည်။
တက်ချက်သည့်ပုံစံ များစွာရှိ၏။ စက္ကန့်ပိုင်းမျှ သတိလစ်သွားခြင်းမှသည် လုံးဝ သတိလစ်မေ့မြောခြင်း ကြွက်တက်ခြင်းများနှင့် တကိုယ်လုံး မထိန်းနိုင်ဘဲ တဆတ်ဆတ်တုန်ယင် လှုပ်ရှားခြင်းများအထိပင် ဖြစ်နိုင်၏။

ဝက်ရူးပြန်တက်ချက်ခြင်း၏ ရောဂါပြလက္ခဏာများမှာ တခါတရံတွင် မကြာခဏဆိုသလို ဖြစ်ပေါ်တတ်ပြီး တခါတရံမှာတော့ ဖြစ်ပေါ်ရန် ခဲယဉ်းလှ၏။ ဝေဒနာခံစားရပုံ၌လည်း အပြင်းအပျော့ ကွာခြားမှု ရှိနိုင်၏။ ကာယကံရှင်တဦးတည်းမှာပင် တက်ချက်ခြင်း ပုံစံမှာ တမျိုးထက်မက ဖြစ်ပေါ်နိုင်၏။ တက်ချက်ခြင်းအများစုမှာ ရုတ်ချည်းဆိုသလို ဖြစ်ပေါ်ပြီး တခဏအကြာတွင် အလိုအလျောက် ကွယ်ပျောက်သွားလေ့ရှိသည်။ ဝက်ရူးပြန်တက်ချက်ခြင်း အခံရှိသူတဦး၌ တက်ချက်ခြင်းမဖြစ်သည့် အချိန်တွင် လူကောင်းပကတိကဲ့သို့ နေထိုင်သွားလေ့ရှိသည်။ ဤအချက်ကို မှတ်သားရန် အထူးအရေးကြီးလှသည်။

ဝက်ရူးပြန်တက်ချက်ခြင်း၏ အကြောင်းရင်းခံများ---
ဝက်ရူးပြန်တက်ချက်ခြင်းသည် ကာယကံရှင်၏ ဘဝသက်တမ်းတလျှောက်၌ မည်သည့်အချိန်တွင်မဆို ဖြစ်ပေါ်လာနိုင်၏။ သို့တစေ လူနာများ၏ လေးပုံသုံးပုံသည်  ငယ်ရွယ်သော ကလေးသူငယ်များနှင့် ကြီးကောင်ဝင်ချိန် ကလေးကြီးတို့တွင်  ဖြစ်ပွားကြကြောင်းကို တွေ့ရှိရသည်။ အကြောင်းရင်းကိုမူ တိတိပပ မဖော်ထုတ်နိုင်သေးချေ။ ယင်းသို့သော ဝက်ရူးပြန်တက်ချက်ခြင်းမျိုးကို အကြောင်းမသိ ဝက်ရူးပြန်တက် ချက်ခြင်း (Idiopathic epilepsy) ဟုခေါ်ဝေါ်သတ်မှတ်လေ့ရှိသည်။

ဆေးပညာရှင်တို့ ဖော်ထုတ်ခဲ့၍ သိခွင့်ရပြီဖြစ်သော ဝက်ရူးပြန်တက်ချက်ခြင်း၏ အကြောင်းရင်းများမှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ ကလေးမမွေးဖွားမီ၊ မွေးဖွားစဉ်နှင့် မွေးဖွားပြီးအချိန်တို့၌ ဦးနှောက်တွင် ထိခိုက်ဒဏ်ရာ ရရှိခြင်း။
၂။ ဦးခေါင်းပိုင်း ထိခိုက်ဒဏ်ရာ ရရှိခြင်း။
၃။ မွေးရာပါ ဦးနှောက်ထိခိုက်ပျက်စီးခြင်း။
၎။ အဆိပ်အတောက် သင့်ခြင်း။
(အရက်၊ ခဲသတ္ထုအဆိပ်အတောက်)
၅။ ဦးနှောက်တွင် ရောဂါပိုးစွဲကပ်ခြင်း။
(ဦးနှောက် ရောင်ရမ်းခြင်း၊ ဦးနှောက်အမြှေးပါး ရောင်ရမ်းခြင်း)။
၆။ ဦးနှောက် ကျူမှာအကျိတ်အဖုများ။
၇။ လေဖြတ်ခြင်းတို့ ဖြစ်ကြသည်။

ရောဂါအမျိုးအမည်ကို ဘယ်လိုဖော်ထုတ်နိုင်ပါသလဲ---
ဝက်ရူးပြန်တက်ချက်ခြင်းကို လူနာ၏ နာမကျန်းမှုဆိုင်ရာ နောက်ခံသမိုင်း၊ လူနာကို လက်တွေ့စမ်းသပ် စစ်ဆေးမှု၊ အာရုံကြောဆိုင်ရာ စမ်းသပ်စစ်ဆေးမှုနှင့် electroencephalogram, EEG အပါအဝင် ရောဂါရှာဖွေ ဖော်ထုတ်ရေး အထောက်အကူပြု စမ်းသပ်စစ်ဆေးမှုများအပေါ်တွင် အခြေခံဖို့လိုအပ်၏။

ဝက်ရူးပြန်တက်ချက်ခြင်း မဖြစ်မီ ကြိုတင်ဖြစ်ပေါ်လေ့ရှိသော ရောဂါလက္ခဏာများ ရှိတတ်၏။ ယင်းတို့ကို ကြိုတင်၍ သတိမူခြင်းဖြင့် ဝက်ရူးပြန်တက်ချက်ခြင်း အဆင့်သို့ မရောက်မီ ကုသမှုကို စောစောစီးစီး ခံယူနိုင်ကြမည်ဖြစ်သည်။ ဝက်ရူးပြန်တက်ချက်ခြင်း၏ ရောဂါလက္ခဏာတချို့မှာ---
၁။ ဖြစ်ပျက်ခဲ့သမျှကို ဘာဆိုဘာမျှ အမှတ်မရတော့သည့် အချိန်ပိုင်းများ ရှိနေခြင်း၊ သို့မဟုတ်-မှတ်ဉာဏ်ရှုပ်ထွေး၍ ဇဝေဇဝါ ဖြစ်သည့် အချိန်ပိုင်းများ ရှိနေခြင်း။
၂။ မိမိကိုယ်တိုင်ပင် သတိမထားမိဘဲ မူးကနဲ မိုက်ကနဲ ဖြစ်တတ်ခြင်း၊ သို့မဟုတ်-မူးကနဲ မိုက်ကနဲ ဖြစ်ပြီးသည့်နောက်တွင် အလွန်အမင်း ပင်ပန်းနွမ်းနယ်တတ်ခြင်း။
၃။ အလင်းစက် အလင်းပြောက်များ တရိပ်ရိပ်သွားသည်ကို မကြာခဏဆိုသလို မြင်တွေ့ရခြင်း၊ သို့မဟုတ်-တုန့်ပြန်မှုကင်းမဲ့စွာ ခံစားရခြင်း၊ သဘဝမကျစွာ ခံစားရခြင်း။
၎။ လက်မောင်းများ သူ့အလိုအလျောက် လှုပ်ရှားခြင်း (အသားလှုပ်ခြင်း)

သင့်အနေဖြင့် အဆိုပါလက္ခဏာများကို တွေ့ကြုံခံစားနေရပါလျှင် ဆရာဝန်ထံ သွားရောက်ပြသဖို့ လိုအပ်ပါသည်။ ယခုအခါ ခေတ်မီနည်းစနစ်များဖြင့်  ရာဂါရှာဖွေရေးကို စနစ်တကျပြုလုပ်နိုင်ပြီဖြစ်လေရာ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ အထူးကုဆရာဝန်ကြီးက ဦးနှောက်လှိုင်း ပုံဖော်ပေးသည့်စက် (EEG) ဦးနှောက်ပိုင်း ဓာတ်မှန် အစရှိသည့် နောက်ဆုံးပေါ် ရောဂါရှာဖွေရေး စက်ကိရိယာများကို အသုံးပြု၍ ဝက်ရူးပြန်တက်ချက်ခြင်း ဟုတ်-မဟုတ်ကို တိတိကျကျ စမ်းသပ်ဖော်ထုတ်ပေးနိုင်ပါပြီ။ သင်ခံစားနေရသည့် ရောဂါအမျိုးအမည်ကို စောစောစီးစီး ဖော်ထုတ်နိုင်လျှင် ရောဂါနုစဉ်မှာပင် ကုသမှု ခံယူခွင့်ရမည်ဖြစ်သဖြင့် ရောဂါပျောက်ကင်းရန် တပန်းသာပါသည်။

ဝက်ရူးပြန်တက်ချက်ခြင်းကို ကုစားပေနိုင်ပါသလား---
လက်ရှိအနေအထားအရ ဝက်ရူးပြန်တက်ချက်ခြင်းကို လုံးဝပျောက်စေမည့် ကုထုံးကုနည်းဟူ၍ မပေါ်ပေါက်သေးချေ။ သို့ရာတွင် ဝေဒနာ၏ တစိတ်တဒေသကိုသော်၎င်း၊ အပြီးအပြတ်သော်၎င်း ထိန်းသိမ်းနိုင်အောင် စွမ်းဆောင်ပေးနိုင်ပါသည်။ ကုသမှုခံယူသော လူနာများအနေဖြင့် ဘဝလမ်းခရီးကို ပျော်ရွှင်ချမ်းမြေ့စွာ လျှောက်လှမ်းနိုင်ကြ၏။ ကုသမှု ထိရောက်ထက်မြက်စေဖို့အတွက်လည်း အချိန်ပေးရန် လိုအပ်သည်။ ယေဘုယျအားဖြင့် လူနာအများစုမှာ သောက်ဆေးကို ရေရှည်မှီဝဲခြင်းအားဖြင့် အခြေအနေတိုးတက် ကောင်းမွန်လာသော်ငြားလည်း အနည်းစုမှာ ဆေးမတိုးဘဲ တက်ချက်ခြင်း ဝေဒနာကို ဆက်လက်ခံစားနေကြရဆဲ ဖြစ်သည်။


၁။ ခွဲစိတ်ကုသမှု---
ဦးနှောက်၏ သေးငယ်သောနေရာ အစိတ်အိပိုင်းကလေး တခုတည်းကွက်၍ ထိခိုက်ပျက်စီးခြင်းကြောင့် တက်ချက်ခြင်း ဖြစ်ခဲ့ရပါလျှင် ခွဲစိတ်ကုသခြင်းဖြင့် တက်ချက်ခြင်း ပျောက်ကင်းနိုင်သည်။ အလားတူပင် ဦးနှောက်၌ ကျူမာ အကျိတ်ဖု ဖြစ်ခြင်းကြောင့် တက်ချက်ခြင်း ဖြစ်သူများကိုလည်း ခွဲစိတ်ကုသမှုဖြင့် သက်သာပျောက်ကင်းစေနိုင်ပါ၏။


၂။ နေ့စဉ်စားသုံးသည့် အစားအစာ---
အထူးတလည် စီမံထားသော  နေ့စဉ်စားသုံးစာသည် တခါတရံတွင် အထောက်အကူ ဖြစ်စေနိုင်၏။
သင်ကိုယ်တိုင်သော်မှ၎င်း၊ သင့်မိသားစု အဖွဲ့ဝင် တဦးဦးသော်မှ၎င်း၊ ဝက်ရူးပြန်တက်ချက်ခြင်း ဝေဒနာကို ခံစားနေရပါလျှင် အောက်ပါအချက်အလက်များကို သတိပြုလိုက်နာဖို့ လိုအပ်ပါသည်။
၁။ ဝေဒနာခံစားနေရ၍ စိတ်ဓာတ်မကျပါနဲ့။ ဆရာဝန် ညွှန်ကြားသည့်အတိုင်း ဆေးဝါးများကို မှန်မှန်မှီဝဲပါ။
၂။ တက်ချက်ခြင်းဖြစ်ပွားသည့် နေ့စွဲ၊ ဖြစ်ပွားသည့်အချိန် အစရှိသည်တို့ကို မှတ်တမ်းစာအုပ် ပြုလုပ်ထားသင့်သည်။ ယင်းမှတ်တမ်းသည် ဆရာဝန်၏ ကုသမှုအတွက် များစွာအထောက်အကူ ပြုပါလိမ့်မည်။ ထိုအချက်အလက်များအပြင် E.E.G တွေ့ရှိချက်များ၊ သုံးစွဲနေသည့် ဆေးဝါးများနှင့် တိုးတက်မှုဖြစ်စဉ် အခြေအနေတို့ကိုပါ မှတ်တမ်းတင်ထားနိုင်လျှင် ပို၍ ကောင်းပါသည်။


ဝက်ရူးပြန်တက်ချက်ခြင်းနှင့်အတူ အသက်ရှင် နေထိုင်ခြင်း---
ရှေးယခင်ကဆိုလျှင် ဝက်ရူးပြန်တက်ချက်တတ်သူအား လူ့အသိုင်းအဝိုင်းမှ ရှောင်ကြဉ်လေ့ရှိကြ၏။ လုပ်ငန်းခွင်များတွင်လည်း ယင်းဝေဒနာရှင်များကို အလုပ်စေခိုင်းခြင်း မပြုခဲ့ကြပေ။
တိုးတက်သော မျက်မှောက်ခေတ်သို့ ရောက်သည့်တိုင်အောင် ဝက်ရူးပြန်၍ တက်ချက်ခြင်းအခံရှိသော လူနာများအနေဖြင့် ကောင်းကောင်းမွန်မွန် လူရာသွင်း မခံရသေးချေ။ လူမှုရေးဆိုင်ရာ အသင်းအဖွဲ့များ စာသင်ကျောင်းများ၊ ပျော်ပွဲရွှင်ပွဲများနှင့် လုပ်ငန်းခွင်များ၌ သူတို့အတွက် အကန့်အသတ်များ ထားရှိနေဆဲပင်ဖြစ်သည်။ ဤသည်မှာ ဝက်ရူးပြန်တက်ချက်ခြင်း အခံရှိသူများနှင့် သူတို့၏ မိသားစုများ လူတောထဲ မတိုးချင်ကြခြင်း၏ အကြောင်းရင်းပင် ဖြစ်ပေသည်။ ယင်းဝေဒနာနှင့်အတူ အသက်ရှင်နေထိုင်သူများ၌ အခက်အခဲ ပြဿနာပေါင်းများစွာ ရှိနေကြသည်မှာ အမှန်ပင်။ လက်ရှိအနေအထားအရလည်း ဝက်ရူးပြန်တက်ချက်ခြင်းအတွက် လုံးဝပျောက်ကင်းစေနိုင်သည့် ဆေးဝါးဟူ၍လည်း မပေါ်သေး။ တက်ချက်ခြင်းကို ထိန်းချုပ်ပေးနိုင်သည့် ဆေးဝါးများသာ ရှိနေပေသေးသည်။


စာရေးသူတို့အနေဖြင့်မူ ဝက်ရူးပြန်ရောဂါ ပျောက်ကင်းစေမည့် ဆေးဝါးအသစ် တမျိုးမျိုးပေါ်ထွက်လာပြီး ဝေဒနာရှင်များ ဘဝသာယာလှပပါစေဟု ဆုတောင်းရုံမှတပါး အခြားမတတ်နိုင်တော့ပါပြီ။




ဝက်ရူးပြန်တက်ချက်ခြင်းနှင့် ပတ်သက်၍ လွဲမှားသော အယူအဆများနှင့် အယူသည်းမှုများ---
၁။ တက်ချက်နေသည့် အချိန်အတောအတွင်းမှာ သင့်လျှာကို သင်မျိုချနိုင်သည်။
-ခန္ဓာဗေဒအရ သင့်လျှာကို ပြန်မျိုချရန် မဖြစ်နိုင်ချေ။
၂။ တက်ချက်နေသူတဦး၏ ပါးစပ်ထဲသို့ တခုခုကို ထိုးသွင်းပေးရမည်။
-လုံးဝ မမှန်ကန်ပါ၊ ထိုသို့ ပြုခြင်းအားဖြင့် သွားများပဲ့ထွက်ခြင်း၊ သွားဖုံးများ ပေါက်ခြင်းတို့ ဖြစ်နိုင်သကဲ့သို့ တခါတရံ မေးရိုးကျိုးစေသည်အထိပင် ဖြစ်စေနိုင်ပါသည်။ မှန်ကန်သော ရှေးဦးသူနာပြုစုနည်းမှာ ရိုးစင်းလွယ်ကူလှသည်။ လူနာကို ဘေးဘက်သို့ ညင်သာစွာ စောင်း၍ လှဲနေစေရပါမည်။ ဦးခေါင်းနာကျင်မှု မဖြစ်စေရန် ဦးခေါင်းအောက်တွင် နူးညံ့သော အရာတခုခုကို ခုပေးရပါသည်။
၃။ တက်ချက်နေသူတဦးအား အတင်းအကြပ်ချုပ်၍ ထိန်းပေးထားရမည်။
-တက်ချက်ခြင်းသည် အလိုအလျောက် ပျောက်သွားလေ့ရှိပါသည်။ သင့်အနေဖြင့် ယင်းသို့ ဖြစ်ခြင်းအား ဟန့်တားထိန်းချုပ်၍ မရနိုင်ပါ။
၎။ ဝက်ရူးပြန်တက်ချက်ခြင်းသည် တဦးမှ အခြားတဦးသို့ ကူးစက်နိုင်သည်။
-ယင်းသည် ကူးစက်ရောဂါ မဟုတ်ပါ။
၅။ ဝက်ရူးပြန်တက်ချက်ခြင်း အခံရှိသူများသည် မစွမ်းမသန်သူများ ဖြစ်ကြပြီး အလုပ်မလုပ်နိုင်ကြပါ။
-ပြင်းထန်ဆိုးရွားစွာ တက်ချက်လေ့ ရှိကြသူများအနေနှင့်မူ အလုပ်ကို ကောင်းစွာမလုပ်နိုင်ကြပါ။ ကျန်သောသူများကား ဝန်စည်စလှယ် သယ်ပိုးခြင်းမှအစ လုပ်ငန်းခွင်များတွင် ကောင်းစွာလုပ်ကိုင် နိုင်ကြပါသည်။
၆။ တာဝန်သိသိ လုပ်ကိုင်ရမည့် အလုပ်များနှင့် ဖိစီးမှုရှိသော အလုပ်များ၌ ဝက်ရူးပြန်တက်ချက်ခြင်း အခံရှိသူများ ဝင်ရောက်လုပ်ကိုင်ရန် မသင့်လျော်ပါ။
-စီးပွားရေးလုပ်ငန်းများ၊ အုပ်ချုပ်မှုလုပ်ငန်းများ၊ အနုပညာလုပ်ငန်းများနှင့် အသက်မွေးဝမ်းကျောင်း အတတ်ပညာများ အားလုံး၌ ယင်းဝေဒနာရှင်များ ကောင်းစွာဆောင်ရွက်နိုင်သည်ကို တွေ့ရသည်။ အထူးသဖြင့် ဆေးကုသမှုခံယူထားသော ယင်းဝေဒနာအခံရှိသူများသည် ယေဘုယျအားဖြင့် အလုပ်ကို ကောင်းစွာ လုပ်ကိုင်နိုင်ကြသူများ ဖြစ်ကြသည်။
၇။ ဝက်ရူးပြန်တက်ချက်ခြင်း အခံရှိသူများကို ကာယအားစိုက်ထုတ်ရသော အလုပ်များတွင် သူတို့လုပ်ဆောင်နိုင်သလောက်သာ ကန့်သတ်ပေးထားရမည်။
-လူနာအများစု၌ ဝက်ရူးပြန်တက်ချက်ခြင်းသည် ကာယအား စိုက်ထုတ်မှုကို အဟန့်အတားမဖြစ်စေနိုင်ပါ။ ပြင်းထန်ဆိုးရွားစွာ တက်ချက်လေ့ရှိသူများသာ ကာယအား စိုက်ထုတ်မှုတွင် အားနည်းသွားလေ့ရှိပါသည်။ ဤနေရာတွင် ကျွမ်းကျင်သည့် ဆရာဝန်က အဆုံးအဖြတ်ပေးပါလိမ့်မည်။
၈။ ဝက်ရူးပြန်တက်ချက်ခြင်း ဝေဒနာကြောင့် သင် မသေဆုံးနိုင်ပါ။
-အလွန်တရာ ပြင်းထန်ဆိုးရွားစွာ တက်ချက်ခြင်းသည် အသက်သေဆုံးသည်အထိ ဖြစ်စေနိုင်ပါသည်။ အချိန်ကြာမြင့်စွာ တက်ချက်ခြင်းများသည် လွန်စွာဆိုးရွားလှပြီး ဦးနှောက် ထိခိုက်ပျက်စီးမှုကို ဖြစ်စေနိုင်၍ တခါတရံ ကာယကံရှင်ကို အသက်ဆုံးရှုံးစေနိုင်ပါသည်။ တက်ချက်ခြင်းကို ထိန်းချုပ်ရန်အတွက် ပြုစုကုသပေးမည်ဆိုပါလျှင် အသက်ချမ်းသာရာ ရနိုင်ပါသည်။

Ref:Health Digest, March/ April 1998.



ကျော်သက်ခိုင် (ဆေးတက္ကသိုလ်)

No comments: