Wednesday, June 8, 2011

ရွှေဥမင် ဆရာတော်ုကီး၏ အဆုံးအမ ( ၁ )

ရွှေကျင်ဂိုဏ်း၏ ရတ္တညူမဟာနာယက
ရွှေဥမင် ဓမ္မသုခ တောရဂိုဏ်း၏ အာဒိကမ္မိက ဦးစီးပဓာနနာယက
ရွှေဥမင် ဆရာတော်ဘုရားကြီး 
တပည့်သံဃာ သီလရှင် ယောဂီ ဝေယျာဝစ္စကရ ပုဂ္ဂိုလ်တို့အား 
ချီးမြှင့်သနား ဟောကြားတော်မူသော
သတိတလုံး စွဲမြဲသုံး အဆုံးနိဗ္ဗာန်ရ 
အဆုံးအမတရားတော် (၁) 

( သတိတလုံး စွဲမြဲသုံး အဆုံးနိဗ္ဗာန်ရ )
သတိတရားဆိုတာ အရိယာသူတော်ကောင်းတို့ရဲ့ စံအိမ်ကြီးပါပဲ၊ သတိဆိုတဲ့ စံအိမ်ကြီးမှာ နေလို့ရှိရင် ဘေးဆိုး၊ ကပ်ဆိုး၊ အန္တရာယ်ဆိုးတွေ ကင်းတယ်၊ သတိဟာ ကိလေသာရန်သူတွေရဲ့ ဘေးက လွတ်တဲ့ လုံခြုံမှုရှိတဲ့ စံအိမ်ကြီးပါပဲ။ ဒါကြောင့်မို့ ဘေးကင်းချင်တယ်၊ ရန်ကင်းချင်တယ်ဆိုရင် သတိနဲ့နေကြရမယ်။

သတိရှိနေရင် မဂ္ဂင်(၈)ပါးလည်း ပွားများလျက်သား ဖြစ်သွားတယ်၊ မဂ္ဂင်(၈)ပါးမှာ သီလမဂ္ဂင်က (၃)ပါး၊ သမာဓိမဂ္ဂင်က (၃)ပါး၊ ပညာမဂ္ဂင်က (၂)ပါး ပါဝင်ပါတယ်။
သီလမဂ္ဂင်မှာ ဣန္ဒြိယသံဝရသီလက ပြဋ္ဌာန်းတယ်။ ဣန္ဒြိယသံဝရသီလဟာ သီလမဂ္ဂင်ရဲ့ အချုပ်အခြာပဲ။ ဣန္ဒြိယသံဝရသီလ လုံခြုံဖို့ရာ ဒွါရ(၆)ပါးမှာ သတိဆိုတဲ့ အစောင့်အရှောက် ရှိရမယ်။ သတိနဲ့ နေရမယ်။

သတိနဲ့ ဣနြေ္ဒစောင့်စည်းနိုင်သူဟာ သူ့အသက်သတ်မှု၊ သူ့ဥစ္စာခိုးမှု၊ သူ့အိမ်ရာ ပြစ်မှားကျူးလွန်မှုတွေကို မပြုလုပ်ဘူး။
မုသားစကား ပြောတာ၊ ကုန်းတိုက်စကား ပြောတာ၊ ကြမ်းတမ်းစကား ပြောတာ၊ သိမ်ဖျင်းစကား ပြောတာတွေကိုလည်း
ရှောင်ကြဉ်တယ်။

အသက်မွေးဝမ်းကျောင်းရာမှာလည်း ကာယဒုစရိုက် ဝစီဒုစရိုက်တွေက ရှောင်ကြဉ်ပြီးတော့ စင်စင်ကြယ်ကြယ်နဲ့ အသက်မွေးဝမ်းကျောင်း ပြုနိုင်တယ်။
ဒါကြောင့် သတိနဲ့နေသူမှာ သီလသိက္ခာ ပြည့်စုံနေတယ်။
သတိရှိနေမှ ဣန္ဒြိယသံဝရသီလက စပြီးတော့ သီလကြီး(၄)ပါးက ပြည့်ပြည့်စုံစုံ အောင်အောင်မြင်မြင် ဖြစ်နိုင်တယ်။
သတိရှိနေရင် ဝီရိယ၊ သတိ၊ သမာဓိ ဆိုတဲ့ သမာဓိမဂ္ဂင်(၃)ပါးကလည်း ညီညီညွတ်ညွတ် ဖြစ်နိုင်တယ်။ 
သတိမေ့လျော့နေရင် ကျန်တဲ့တရားတွေက မညီမညွတ်ဖြစ်တတ်တယ်။

ပညာကလည်း သတိမရှိရင် မဖြစ်နိုင်ဘူး၊ သတိလက်လွတ်ဖြစ်နေတဲ့သူမှာ ပညာမယှဉ်နိုင်ဘူး၊ ဒကာကြီးတို့တပည့်
တွေကို သင်ပြနေတဲ့အခါမှာ ကြည့်ပါလား၊ သတိလက်လွတ်ဖြစ်နေတဲ့ တပည့်ကို တော်ရုံ ပညာပေးလို့ မရဘူး၊ ပညာကို လက်ခံနိုင်စွမ်း မရဘူး၊ ဘာဖြစ်လို့လဲ သတိမရှိလို့၊ သတိမရှိရင် ပညာဖြစ်ရိုးထုံးစံ မရှိဘူး။

သတိဟာ အင်မတန်အရာကျယ်တယ်နော်။ သီလမဂ္ဂင်(၃)ပါးဖြစ်ဖို့လည်း သတိက အရေးပါတယ်၊ 
သမာဓိမဂ္ဂင် (၃)ပါးဖြစ်ဖို့ကလည်း သတိက အချုပ်အခြာ ဖြစ်တယ်၊ ပညာမဂ္ဂင်(၂)ပါးဖြစ်ဖို့ရာကလည်း သတိလိုတယ်။ 
သတိတလုံး စွဲမြဲသုံး အဆုံးနိဗ္ဗာန်ရ...တဲ့။
ဘုန်းကြီးတို့ မဟာစည်ဆရာတော်ဘုရားကြီးက သတိပဋ္ဌာန်တရား ပွားများကြ-ဆိုပြီးတော့ ညွှန်ပြဆုံးမပါတယ်။ ဆရာအစဉ်အဆက်ပေါ့လေ။ သီးလုံးဆရာတော်ကြီးက စပြီးတော့ ...နောက်...မင်းကွန်းဇေတဝန်ဆရာတော်ဘုရားကြီး၊ အဲဒီနောက် မဟာစည်ဆရာတော်ဘုရားကြီး စသည်ဖြင့် ဆရာတော့်ဆရာတော်တွေ သတိပဋ္ဌာန်းတရားတော်တွေ
ဟောကြားပြီးတော့ ကိုယ်တိုင်လည်း ကျင့်သုံး၊ သူများကိုလည်း ကျင့်သုံးနိုင်အောင်လို့ ခုလိုကမ္ဘာပါဖြန့်ပြီးတော့ သင်ပေးနေကြတယ်။ အဲဒီသင်တန်းပေးနေတာဟာ သတိပဋ္ဌာန်တရားတွေပါပဲ။

အဲဒီသတိပဋ္ဌာန်းတရားတွေဟာ အချုပ်အခြာကျပါတယ်။ လူတိုင်းလူတိုင်းနဲ့လည်း သင့်လျော်ပါတယ်။ လိုက်နာကျင့်သုံးဖို့ရာလည်း အခက်အခဲမရှိပါဘူး။ သတိလေး ထားလိုက်ရုံပါဘဲ။
ဘာဖြစ်ဖြစ် လုပ်သမျှတွေ သတိနဲ့ လုပ်ရတယ်၊ ပြောသမျှလည်း သတိထားရတယ်၊ စိတ်ကူးသမျှလည်း သတိထားရတယ်၊ သတိလေးနဲ့ ပြုတယ် ပြောတယ် ဆိုရင် အမှားတွေ နည်းသွားတယ်။ မှန်တဲ့ သိမှု သတိ သမာဓိ ဉာဏ်တွေနဲ့
ပြုလုပ်မှု၊ ပြောဆိုမှု၊ ကြံစည်မှုတွေ ဖြစ်နေတဲ့အတွက် မကောင်းတာတွေ ပယ်ပြီးသား၊ ကောင်းတာတွေ ပွားလျက်သား ဖြစ်နေပါတယ်။

သတိပဋ္ဌာန်တရား ပွားများတဲ့အလုပ်ဟာ အလွန်တရာ အရာကျယ်တဲ့အလုပ်ပဲ။ အလွန်အရေးပါ အရာရောက်တဲ့ အလုပ်ပဲ၊ ဒါကို ဆရာတော်ဘုရားကြီးက---
သတိတလုံး စွဲမြဲသုံး အဆုံးနိဗ္ဗာန်ရ...တဲ့။
ဓမ္မစကြာအနေနဲ့ ပြောရင်လည်း အစွန်းနှစ်သွယ် လမ်းမှားပယ် အလယ်လမ်းမှန်သည်။ 
ကာမသုခလ္လိကာနုယောဂစွန်းနဲ့ လောဘစွန်း၊ အဲဒါတွေကို မသုံးဆောင် မခံစားရတဲ့၊ ကိုယ်ပင်ပန်း စိတ်ပင်ပန်းဖြစ်တဲ့ ဒေါသစွန်း၊ သတိလေးထားပြီးတော့ ကျင့်သုံးနေမယ်ဆိုရင် အဲဒီအစွန်းနှစ်သွယ်ကို ပယ်ပြီးသား ဖြစ်နေပါတယ်။ အဲဒီလို ပယ်တဲ့အတွက် အစွန်းနှစ်သွယ် လမ်းမှားပယ် အလယ်လမ်းမှန်သည်။
အလယ်လမ်းက ဘာလဲဆိုရင် သတိပဋ္ဌာန်လမ်း၊ မဂ္ဂင်(၃)ပါးလုံး၊ မဂ္ဂင်(၈)ပါးလုံး၊ အားလုံးထဲမှာပါဝင်နိုင်တဲ့ သတိတရား၊ သတိပဋ္ဌာန်လမ်း၊ အဲဒါကိုရည်ရွယ်ပြီး အစွန်းနှစ်သွယ် လမ်းမှားပယ် အလယ်လမ်းမှန်သည်၊ လမ်းမှန်ကိုလျှောက် ဉာဏ်မြင်ပေါက် ဆိုက်ရောက်နိဗ္ဗာန်ပြည်..တဲ့။

အဲဒီသတိမဂ္ဂင်နဲ့ သတိပဋ္ဌာန်တရား ပွားများနေမယ်ဆိုရင် လမ်းမှန်အတိုင်း လျှောက်နေတဲ့အတွက် နိဗ္ဗာန်ရောက်ဖို့ပါပဲ။ ဝိပဿနာဉာဏ် တဆင့်ရင့်ကျက်ပြီးတော့ မဂ်ဉာဏ်ရသွားမှာ ဖြစ်ပါတယ်။ မဂ်ဉာဏ်နဲ့ နိဗ္ဗာန်ကို ထိုးထွင်းသိမြင်ရမှာဖြစ်လို့ အလွန်အရေးပါတဲ့ ကျင့်စဉ်တခုပဲဆိုတာ သေချာပါတယ်။
အစွန်းနှစ်သွယ် လမ်းမှားပယ် အလယ်လမ်းမှန်သည်။
လမ်းမှန်ကိုလျှောက် ဉာဏ်မြင်ပေါက် ဆိုက်ရောက်နိဗ္ဗာန်ပြည်။
သတိတလုံး စွဲမြဲသုံး အဆုံးနိဗ္ဗာန်ရ။
သတိ-အသိနဲ့ အဆုံးသတ်ရမှာ။

အဲဒီတော့ သတိပဋ္ဌာန်တရား ပွားများနေမယ်ဆိုရင် သီလမဂ္ဂင်လည်း ဖြစ်နေမယ်။ သမာဓိမဂ္ဂင်လည်း ဖြစ်နေမယ်။ ပညာမဂ္ဂင်တွေလည်း ဖြစ်နေမှာပါ။ အဲဒီအတွက် အကောင်းဆုံး အတိုဆုံး အလွယ်ဆုံးလို့ပဲ ပြောရတော့မှာပေါ့လေ၊ ကျင့်ကြံတဲ့အခါ ခရီးပေါက်အောင် အတော်အားထုတ်ရတာပေါ့လေ။
ဒါပေမယ့် မှတ်ရလွယ်တယ်၊ လုပ်ရင်ဖြစ်နိုင်တယ်၊ အသက်ကြီးလို့ မကျန်းမာလို့ ဆိုပြီးတော့ ရှောင်တိမ်းနေရမှာ မဟုတ်ဘူး။
ဘယ်လိုပဲနေနေ၊ နေတတ်သလိုနေ၊ ချမ်းသာသလိုနေ၊ ထင်ရှားရာကိုမှတ်၊ သတိပဋ္ဌာန်တရားမြတ်-တဲ့။
အဲဒီသတိပဋ္ဌာန်တရား ဘယ်လောက်အရေးပါလဲဆိုရင် ပွင့်တော်မူပြီးတဲ့ ဂင်္ဂါဝါဠု သဲစုမက တဲ့ ဘုရားတိုင်း ဘုရားတိုင်းဟာ ဒီသတပဋ္ဌာန်လမ်းကပဲ နိဗ္ဗာန်ကို ဝင်စံကြပါတယ်။ အဲဒီဘုရားတပည့်သားအဆူဆူတွေကလည်း ဒီသတိပဋ္ဌာန်တရား ကျင့်သုံးပြီးတော့ နိဗ္ဗာန်ဝင်စံကြတာပဲ-တဲ့။

ရဟန်းတော်တွေ ဘိက္ခုနီမ ရဟန္တာမကြီးတွေ လူဥပါသကာကြီးတွေ ဥပါသိကာ အမျိုးသမီးကြီးတွေ နိဗ္ဗာန်ဝင်စံကြတယ်ဆိုတာ ဒီသတိပဋ္ဌာန်လမ်းကပဲ။
လုံးစုံဘုရား၊ တပည့်သားတို့၊ ကြွသွားနိဗ္ဗာန်၊ လမ်းဟောင်းမှန်၊ သတိပဋ္ဌာန် အကျင့်ပေတည်း။

ဘုရားအလုံးစုံနဲ့ တပည့်သားတွေ နိဗ္ဗာန်ရောက်အောင် ကြွမြန်းတော်မူကြတာဟာ ဒီသတိပဋ္ဌာန်လမ်းကပါပဲတဲ့။
ဒါကြောင့်မို့ သတိတလုံး၊ စွဲမြဲသုံး၊ အဆုံးနိဗ္ဗာန်ရ၊ 
အသိတလုံး၊ စွဲမြဲသုံး၊ အဆုံးနိဗ္ဗာန်ရ။ အတူတူပါပဲ။

သတိ ပွားများလာရင် တဖြည်းဖြည်း အသိ ဖြစ်လာတယ်။ အဲဒီ အသိ လောကီအသိ ကနေပြီးတော့ 
နောက် လောကုတ္တရာအသိ ဖြစ်လာတာ၊ သတိအားကောင်းလာရင် ဗလဝဝိပဿနာဉာဏ် အဆင့်ဆင့်တွေ ဖြစ်လာတယ်။ နောက် ဗလဝဝိပဿနာဉာဏ်တွေ ကျော်လွန်ပြီး မဂ်ဉာဏ်အသိ ဖြစ်လာတယ်။ မဂ်ဉာဏ် ဖိုလ်ဉာဏ် တွေဖြစ်လာတယ်။ အဲဒီ အသိ ရောက်အောင် ပွားများဖို့ရာက ဒီ သတိပဋ္ဌာန် ပါပဲ။

သတိတလုံး၊ စွဲမြဲသုံး၊ အဆုံးနိဗ္ဗာန်ရ။
အသိတလုံး၊ စွဲမြဲသုံး၊ အဆုံးနိဗ္ဗာန်ရ။
အဲဒီအတိုင်း ကျင့်နိုင်ကြံနိုင် အားထုတ်နိုင်ကြ၍ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်း။

ရွှေဥမင်ဆရာတော်

No comments: