Wednesday, July 6, 2011

တိရစ္ဆာန်များ အော်မြည်ပုံ

ယခုရေးသားတင်ပြမည့် အကြောင်းအရာများမှာ တိရစ္ဆာန်များ အော်မြည်ပုံကို ခေါ်ဝေါ်ခြင်းနှင့် လူကို ရန်သတ္တုပြုပုံများကို ခေါ်ဝေါ်ခဲ့ပုံများကို အသေးစိတ်ကဏ္ဍများခွဲ၍ ရေးသားတင်ပြပါမည်။

ခြေလေးချောင်း သားစား သတ္တဝါ အော်မြည်ပုံနှင့် လူကို ရန်ပြုလျှင် ခေါ်ဝေါ်ခြင်းများ---
ကျား=ဟိန်းသည်၊ တစ်သည်၊ (လူမရဲ ဟစ်၊ ကျားမရဲ တစ်) ကျားတစ်သံမှာ ဆတ်တစ်သံနှင့်တူ၍ တိန်တိန်ဟု အသံထွက်သည်။ အန္တရာယ်ပြုသည်ကို ကျားကိုက်သည်၊ ကုတ်သည်၊ ပုတ်သည်ဟု ခေါ်၏။


ကျားသစ်=ဟိန်းသည်ဟု မပြော၊ မရေး၊ ဝမ်းရုတ်သည်-ဟု ခေါ်သည်။ သစ်တုံးပွပွကို လွှတုံးတုံးနှင့် တိုက်သည့် အသံအတိုင်း ဂူးဂဲ ဂူးဂဲ-ဟူ၍ အသံထွက်သည်။ ကိုက်-ကုတ်-ပုတ်သည်။


ကြောင်=အော်သည်၊ ကုတ်သည်၊ ကိုက်သည်။
ခွေး=ဟောင်သည်၊ အူသည်၊ ကိုက်သည်၊ ဟပ်သည်။

ခြေလေးချောင်း အသီးအရွက်စား သတ္တဝါအော်မြည့်ပုံနှင့် ရန်ပြုလျှင် ခေါ်ဝေါ်ခြင်းများ---
ပြောင်=သြသည်၊ (ပြောင်များသည် တခါတရံ ကျွဲသံဆန်ဆန် မြည်တတ်ပြီး မိတ်လိုက်လျှင် တံပိုးမှုတ်သံအတိုင်း  တူတူတူတူ ဟု သြသံပြုတတ်သည်) ရန်ပြုလျှင် တိုက်သည်ဟုခေါ်သည်။
စိုင်=တွန်သည်၊ ကော်သည်၊ (စိုင်ကော်၍ ခြုံပေါ်ရောက်)
မြင်း=ဟီသည်၊ ကန်သည်၊ ကိုက်သည်။
ကျွဲ=အော်သည်၊ ခတ်သည်၊ ကန်သည်။
နွား=တွန်သည်၊ ဝှေ့သည်၊ ကန်သည်။
သမင်=တောက်သည်၊ ခတ်သည်။
ဆတ်=တစ်သည်၊ ဝှေ့သည်။
ဒရယ်=ပြူသည်၊ ပက်သည်။
ချေ=ဟောက်သည်၊ ပက်သည်။ (ချေစွယ်သည် နဲ့နဲ့ဖြစ်သော်လည်း ကြောက်အားလန့်အားနှင့် ကျားကိုပင် ပြန်ပက်တတ်၍ ချေစွယ်နဲ့နဲ့ ကျားပေါင်ပဲ့-ဟူ၍ ဆိုရိုးရှိသည်)
ဆိတ်=မြည်သည်၊ အော်သည်၊ ဝှေ့သည်၊ ကန်သည်။
သိုး=အော်သည်၊ ဝှေ့သည်၊ ကုန်သည်။
ဝံ=အော်သည်၊ ပုတ်သည်၊ ကုတ်သည်၊ ကိုက်သည်။


အတောင်နှင့် အသီးအနှံစား အကောင်းများနှင့် အသားစား အကောင်များ---
ဒေါင်း=တွန်သည်၊ တောက်သည်။(အချို့ပုဂ္ဂိုလ်များက တွန်သည်ကို ဒေါင်းတောက်သည်ဟု ပြောကြသည်။ အသံထွက်မှာ အိုးဝေ-ဟု အသံထွက်သည်) ခွပ်သည်၊ ဆိတ်သည်။
ချိုး=ကူသည်၊ ခွပ်သည်။
ဥသြ=တွန်သည်၊ အော်သည်။ (ဥသြအော်မြည် ကုန်းဘောင်တည် ၁၁၁၅)
ခါ=တွန်သည်၊ (တက်တက်တူ ခါးခါးဟုအသံထွက်သည်) ခွပ်သည်၊ ဆိတ်သည်။
ခို=ညည်းသည်၊ ဆိတ်သည်။
ငုံး=တွန်သည်၊ ခွပ်သည်။
ရစ်=အော်သည်ကို ဖိန်းသည်ဟုခေါ်သည်။ ရစ်ဖိုများက အတောင်တဖက်ဖြန့်၍ ခြေဆန့်ကာ ရစ်မအနီး တဒီးဒီနဲ့ အသံပြု၍ ဖိန်းတတ်သည်၊ ခွပ်သည်။
ကျီး=အာသည်၊ သာသည်၊ ဆိတ်သည်၊ ကုတ်သည်၊ ထိုးသည်။
ကြက်=တွန်သည်၊ ခွပ်သည်၊ ဆိတ်သည်။
ဘဲ=အော်သည်၊ ထိုးသည်။
ငန်း=အော်သည်၊ ထိုးသည်။
ငူ(ဘုမ္မတီး) ခိုကဲ့သို့ ညည်းတတ်သည်။
ငှက်ငနွား=ဘူးဘူးဘဲဘဲ-ဟု အော်မြည်တတ်သည်။
အောင်လောင်ငှက်-ခေါ် အောက်ချင်းငှက်=အသံမှာ အောက်အောက် ဝေါက်ဝေါက်-ဟု မြည်တတ်၏။
ကုက်ကလူးငှက်=မြည်သံမှာ ကုတ်ကုတ်, ကုက်ကလူး-ဟု မြည်သည်။ ဆိတ်သည်။
ဒီးဒုတ်=အမက ပူစီ-ဟုအော်လျှင် အဖိုက ဒီးဒုတ်-ဟု အတိုင်အဖောက်ပြု၍ အော်တတ်သည်။
လင်းမြီးဆွဲ=လင်းမြီးဖြဲကြည့်ဟု မြည်တတ်ပြီး နွားပေါ်နားကာ တောက်ခေါက်၍ နွားကျောင်းတတ်သည်။
ဇီးကွက်=အော်သည်၊ ကုတ်သည်၊ ဆိတ်သည်။
ယောက်ဖခွေးခေါ်=တွန်သည်။
ဘုတ်=အော်သည်ဟု မခေါ်၊ အီသည်ဟုခေါ်သည်။ ဦးကြီး၏ လွမ်းချင်းတပုဒ်တွင်
လေပြည်ငယ်သုတ်ပါလို့ ရွှေဘုတ်ကယ် အိုးအီဟု၎င်း၊ ဆရာမင်းသုဝဏ်၏ ကဗျာဥယျာာဉ်စာအုပ်တွင် ဘုတ်မကအီ ဒီရေကျတေး-ဟု တွေ့ရှိရသည်။

ငှက်ဆိုးဖြစ်သော တစ်တီတူးနှင့် မိန်ကောင်ငှက်များ အော်လျှင် ဂီးဂီး-ဟု အသံမြည်၍ အော်သည်ဟု မရေးမပြော ငှက်ဆိုးထိုးသည်ဟု ရေးသည်ပြောသည်။

တွားသွားသတ္တဝါများ---
ရှဥ့်=စုတ်သည်၊ ကိုက်သည်၊ ကုတ်သည်။
ကြွက်=အော်သည်၊ ကိုက်သည်။
အိမ်မြှောင်=စုတ်ထိုးသည်၊ ကိုက်သည်။(အိမ်မြှောင်ကိုက်လျှင် ကြံမြစ်လိမ်းရသည်)။
ပုတ်သင်ညို=အသံမထွက်၊ ကိုက်သည်။ (ပုတ်သင်ညို အငယ်လေးများကို တက်တူဟုခေါ်သည်)
ကင်းလိပ်ချော=အသံမထွက်၊ ကိုက်သည်။
တောက်တဲ့=အော်သည်၊ ကပ်သည်။
ပင့်ကူ=အသံမထွက်၊ ရှပ်သည်။
လိပ်=အသံမထွက်၊ ခဲသည်။ (လိပ်ခဲတည်းလည်း)
မိချောင်း=အသံမထွက်၊ ပုတ်သည်၊ ကိုက်သည်၊ ဆွဲသည်။
ဖား=အော်သည်၊ ကိုက်သည်။




ပိုးမွှားများ---
ခြင်=မြည်သည်၊ ကိုက်သည်။
ယင်=မြည်သည်၊ အုံသည်။
ပျား=မြည်သည်၊ တုပ်သည်။
ပိတုန်း=မြည်သည်၊ တုပ်သည်။
လိပ်ပြာ=အသံမမြည်၊ စုပ်သည်၊(လိပ်ပြာစုပ်လျှင် နွားမျက်လုံး တိမ်ကျသည်)။
မှက်=အသံမမြည်၊ ကိုက်သည်။
ဖြုတ်=အသံမမြည်၊ ကိုက်သည်။
ပုရွက်ဆိတ်=အသံမမြည်၊ ကိုက်သည်။
ခါချဉ်=အသံမမြည်၊ ကိုက်သည်။
ကမျဉ်းနီ=အသံမမြည်၊ ကိုက်သည်။
ပဆုပ်ပနီ=အသံမမြည်၊ တုပ်သည်။
ကြမ်းပိုး=အသံမမြည်၊ ထိုးသည်၊ ကိုက်သည်။
ခြ=အသံမမြည်၊ စားသည်၊ ကိုက်သည်။
ပိုးဟပ်=အသံမမြည်၊ တောက်သည်။
မျှော့=အသံမမြည်၊ တွယ်သည်။
ကျွတ်=အသံမမြည်၊ တွယ်သည်။
ငါး=ပွက်သည်၊ တွပ်သည်၊ ထိုးသည်။


ကင်းသုံးကင်းဖြစ်သော ကင်းခြေများ၊ ကင်းမလက်မည်း၊ ကင်းမြီးကောက်-အသံမမြည်၊ ကိုက်သည်၊ (ပိုးထိသည်ဟုလည်း ပြောကြသည်)။
စပါးကြီး၊ စပါးအုံးမြွေများမှာ နှာတဖွီးဖွီး မှုတ်၍ အသံပြုကာ လူနှင့်တိရစ္ဆာန်များကို မကိုက်တတ်၊ မျိုတတ်သည်။
မျောက်=အော်သည်၊ အသံမှာ ကြိုးခွေ-ဟု အသံထွက်သည်။ ကိုက်သည်၊ ကုတ်သည်၊(မျောက်ကိုက်လျှင် ကိုယ်ပျက်တတ်သည်ဟု ဆိုရိုးရှိပြီး ကိုက်သည့်နေရာ ရွှေချရသည်)။
မြန်မာစကားများသည် နက်ရှိုင်းသလောက်လည်း အဓိပ္ပါယ်ကျယ်ဝန်းလှပါသည်။ သူ့နေရာ သူ့အသုံးနှင့်
နေသားတကျရေးတတ် ပြောတတ်ဖို့ လိုပါသည်။ ပရမ်းပတာ ရေး၍ ပြော၍ မရပါ။


ပိုးလောက်တွေ တဖွားဖွားကျ၊ မိုးတဖွဲဖွဲရွာ၊ လေတဝေါဝေါတိုက်၊ လှိုင်းတဝန်းဝုန်းပုတ်သည်-ဟု ရေးမှပြောမှ မှန်ပါသည်။ သို့မဟုတ်ပါက လူတိုင်း ကျွဲဝှေ့၍ ပျားကိုက်ကုန်မည်။
အဖိုးတန် မြန်မာစကားများ အရေးမှား အပြောမှား ဖြစ်မည်စိုးသောကြောင့် ဤဆောင်းပါးဖြင့် ရေးသားတင်ပြအပ်ပါသည်။


စိုးရန်နိုင်
(ရွှေအမြုတေ သြဂုတ်လ ၂၀၁၀)

No comments: