Friday, July 15, 2011

ကျင်ကြီးကျင်ငယ် ဗုဒ္ဓဝယ် မွှေးတယ် ရှိ-မရှိ

တချို့က ခံတွင်းက ကြာညိုပန်းနံ့ မွှေးတယ်၊ ကိုယ်နံ့က စန္ဒကူးနံ့၊ သရက်ခန်နံ့လို သင်းတယ်၊ ဒီလိုဆိုရင် ဘုရားရှင်ရဲ့ ကျင်ကြီး ကျင်ငယ် အညစ်အကြေးကလည်း သာမန်လူတွေနဲ့ မတူဘဲ မမွှေးနိုင်ဘူးလား။
ကတိုးကောင်က ရတဲ့ အဆီအခဲတွေ၊ ကျင်ငယ်တွေဟာ မွှေးကြိုင်တယ်တဲ့၊
ကြောင်နံ့သာခေါ်တဲ့ တောကြောင်ကစွန့်တဲ့ ကျင်ငယ်နံ့ကလည်း နံ့သာလို မွှေးတယ်တဲ့၊
သစ်မွှေးဆိုတာလည်း တကယ့်သစ်သားက မွှေးတာ မဟုတ်ဘူး၊ ပိုးကောင်တမျိုးက ထုတ်ပစ်တဲ့ အညစ်အကြေးက သစ်သားထဲ စိမ့်ဝင်ပြီး မွှေးတာဆိုတော့
ဗုဒ္ဓရဲ့ ကျင်ကြီးကျင်ငယ်ဟာ မွှေးစရာပေါ့၊

အပဒါန်ဝတ္ထု သုဂန္ဓမထေရ်ဟာ ရှေးဘဝက ဘုရားရှင်ရဲ့ ဂုဏ်ကျေးဇူးတော်ကို ထုတ်ဖော်ချီးကျူးတဲ့
ကောင်းမှုကြောင့် ယခုဘဝမှာ စကားပြောတိုင်း ကြာပန်းနံ့၊ စကားပန်းနံ့များ မွှေးကြိုင်တယ်၊ ကိုယ်နံ့ ချွေးနံ့လည်း မွှေးကြိုင်တယ်လို့ ဆိုထားတယ်၊ သာမန်မထေရ်တပါးတောင် ဒီလို မွှေးကြိုင်နေရင် ဘုရားရှင်ရဲ့ အညစ်အကြေးအနံ့များလည်း မွှေးကြိုင်လိမ့်မယ်ထင်တယ်။


ထီးချိုင့်မြို့ တည်တောဆရာတော်၏ အဖြေကား 
သာမန်လူတွေရဲ့ ကျင်ကြီးကျင်ငယ်နံ့ဟာ မမွှေးကြိုင်ဘဲ နံသလို ဘုရားရှင်ဟာလည်း လူသားတဦးမျှသာ ဖြစ်လို့ ဘုရားရှင်ရဲ့ ကျင်ကြီးကျင်ငယ်ဟာလည်း နံသတဲ့။


အထောက်အထားကား-
မြတ်စွာဘုရား ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းမှာ ဦတင်းသုံးနေတုန်း သာဝတ္ထိပြည်သား ဝက္ကလိဆိုတဲ့ ရဟန်းတော်တပါး ရှိတယ်၊ သူဟာ ဘုရားကို ဖူးမြင်စက ဘုရားရှင်ရဲ့ လှပသန့်ရှင်းတဲ့ ရူပကာယတော်ကို ဖူးရတာ မရောင့်ရဲနိုင်ဘူးတဲ့။ ဘုရားရှင်နောက် တကောက်ကောက် လိုက်ရင်းက ငါဟာ လူဝတ်နဲ့ဆိုရင် ဘုရားရှင်ကို အမြဲဖူးဖို့ မလွယ်ကူဘူး။ သင်္ကန်းဝတ်မှသာ ဖူးရလွယ်မယ်။ ဒီတော့ ငါရဟန်းဝတ်မယ်ဆိုပြီး ဘုရားရှင်ထံ ရဟန်းဝတ်တယ်။


ဘုရားရှင်ရဲ့ ရူပကာယကိုသာ မြင်ချင်လို့ ဝတ်တာဆိုတော့ ပရိယတ်၊ ပဋိပတ်တရားတွေကို အားထုတ်ပွားများမှု မလုပ်ဘဲ အားအားရှိ ဘုရားရှင်ရဲ့ မျက်နှာတော်ကိုသာ ဖူးနေသတဲ့။
ဒါကို ဘုရားရှင် သိတော်မူလို့ ဝက္ကလိရဟန်း အသိဉာဏ်ရင့်တဲ့အခါ --
ဝက္ကလိ ငါ၏ ကိုယ်ကောင်ပုပ်ကို ကြည့်နေသဖြင့် သင်ဘာအကျိုးရှိသလဲ၊ ဝက္ကလိ တရားကို မြင်သောသူဟာ ငါဘုရားကို မြင်တယ်။ ငါဘုရားကို မြင်ချင်လျှင် တရားကို မြင်အောင် အားထုတ်လို့ မိန့်တော်မူပါတယ်။


ဒါပေမဲ့ ဝက္ကလိဟာ ပုထုဇဉ်မို့ သံဝေဂမရသေးတဲ့သူပီပီ ဘုရားကိုပဲ ဆက်လက် ဖူးမြင်နေပါသတဲ့။ ထိုအခါ ဝါဆိုလပြည့်နေ့မှာ ဘုရားက -ဝက္ကလိ သင်သည် ကျောင်းမှာ မနေနှင့်၊ သွားတော့လို့-နှင်ထုတ်လိုက်ပါတယ်။ 
ဝက္ကလိက ဘုရားမျက်မှောက် မနေရလျှင် သေတာက မြတ်တယ်ဆိုပြီး ဂိဇ္ဈကုဋ်တောင်ပေါ်တက်၊
တောင်ထိပ်ကနေ ချောက်ထဲခုတန်ချမယ် လုပ်တော့တယ်။
ထိုအခါ ဘုရားရှင်က ဣမိနာ ပူတိကာယေန-ဤကိုယ်ကောင်ပုပ်-လို့ ညွှန်ပြတော်မူတယ်။ ဘုရားရှင်ရဲ့ ရုပ်အဆင်းဟာ ရွှေလိုဝင်းပြီး သန့်ရှင်းစင်ကြယ်တော်မူပေမယ့် ချွေး သလိပ် ကျင်ကြီးကျင်ငယ် စတဲ့  အညစ်အကြေးများ မပြတ်ယိုစီးတတ်လို့ အကောင်ပုပ်လို့ ဟောတော်မူတယ်။

တမျိုးကား-
အခါတပါး ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းမှာ မြတ်စွာဘုရား သီတင်းသုံးစဉ် တနေ့ ဝမ်းသွန်တဲ့ရောဂါ ကပ်ရောက်လာတယ်။ အဲဒီအချိန်မှာ သိကြားမင်းက မထင်မရှားအသွင်နဲ့ ဘုရားရှင်ရဲ့ ခြေတော်ကို ဆုပ်နယ် ပြုစုလာတယ်တဲ့။
ဘုရားရှင်က သင် ဘယ်သူလဲလို့ မေးတော့ သိကြားပါဘုရား-လို့ ပြန်ဖြေသတဲ့။
ဘုရားရှင်က-သိကြားမင်း လူတို့ရဲ့ အနံ့အသက်ဟာ အလွန်နံပါတယ်၊ နတ်တို့ရဲ့ စိတ်ထဲမှာ ယူဇနာ တရာလောက်ကစပြီး လည်ပင်းမှာ ခွေးသေကောင်ပုပ်ကြီး အဆွဲခံထားရသလို အလွန်နံတယ်-လို့ ထင်ကြတယ်၊ အသင် သိကြားမင်း သွားပါတော့။ ငါ့မှာ ကောင်းစွာပြုစုမယ့် ရဟန်းများရှိတယ်-လို့ အမိန့်ရှိပါတယ်။ 


သိကြားက-အရှင်မြတ်ရဲ့ သီလရနံ့ဟာ ယူဇနာ ရှစ်သောင်းလေးထောင် အမြင့်ဆောင်တဲ့ မြင့်မိုရ်တောင်အထိ ပန်းရနံ့လို  သင်းပျံ့မွှေးကြိုင်လှိုင်တော်မူလှ၍ လာခဲ့ရတာပါဘုရား၊ ကောင်းမွန်စွာ လုပ်ကျွေးပြုစုပါရစေလို့
လျှောက်ထားပြီး ဘုရားရှင်ရဲ့ ကျင်ကြီးကျင်ငယ် ရွံရှာဖွယ်စွန့်တဲ့အိုးကို သိကြားမင်းရဲ့ ဦးခေါင်းပေါ် ရွက်ယူပြီး ဆေးကြောသုတ်သင်ပြီးမှ တာဝတိံသာကို ပြန်သွားတော့တယ်။ 


ဒီတော့ ဘုရားရှင်အပေါ်မှာ လိုတာထက် ပိုအထင်ကြီးကြပေမယ့်  တကယ်တော့ ဘုရားရှင်ဟာ နတ်လည်းမဟုတ်၊ ဗြဟ္မာလည်းမဟုတ်နဲ့ သူလိုငါလို လူသားသာ ဖြစ်တယ်၊ လူပီပီ ၃၂-ပါးသော ကောဋ္ဌာသ အစုအဝေးနဲ့  ခန္ဓာကိုယ်သာ ရှိပါတယ်လို့သာ မှတ်ပါ။
ဘုရားရှင်ရဲ့ ကျင်ကြီးကျင်ငယ်ဟာလည်း  တင်တယ်မှုမရှိ၊  နံစော်နေတဲ့  ရွံရှာဖွယ်အတိလို့သာ မှတ်ပေတော့။


အောင်ချစ်စိုး(လသာ)
သူရဇ္ဇ ၂၀၀၃-စက်တင်ဘာလထုတ်မှ အချုပ်တင်ပြသည်။

No comments: